NyAlAy
အချိန်ပေး၍ လာရောက်ဖတ်ရှုသူများကို ကျေးဇူး အထူးတင်ရှိပါတယ်။ နှစ်သစ်မှာ ပျော်ရွှင် ငြိမ်းချမ်းကြပါစေ....

Apr 27, 2009

တူလေးမွေးနေ့ (၂၀၀၉ ဧပြီ ၂၂ - ဗုဒ္ဓဟူးနေ့)

ညလေးရဲ့ အစ်မကြီး ဧပြီ ၂၂ ရက် (ဗုဒ္ဓဟူးနေ့) က ဒုတိယမြောက် သားယောက်ျားလေးကို အောင်မြင်စွာ မွေးဖွား သန့်စင်ပါတယ်နော်။ အစ်မကြီးတို့ မိသားစု ဘ၀တစ်လျောက်လုံး ပျော်ရွှင်မှုများစွာနဲ့ မိသားစု သိုက်သိုက်ဝန်းဝန်း ရှိပြီး သားများကို လူတော် လူကောင်းများ ဖြစ်အောင် သွန်သင်နိုင်တဲ့ မိဘများ ဖြစ်ကြပါစေ... သားနှစ်ယောက်ကလဲ မိဘကျေးဇူး သိတတ်ပြီး မိဘကို မငြူစူပဲ ပြန်လည် ရှာဖွေကျွေးမွေး ပြုစု စောင့်ရှောက်နိုင်တဲ့ သားကောင်း ရတနာများ ဖြစ်ကြပါစေလို့ ညလေးက ဆန္ဒပြု ဆုတောင်းပါတယ်နော်။
အပေါ်ပုံက အငယ်ကောင်ပုံဖြစ်ပြီး နံမည်က Drake တဲ့၊ အောက်ပုံရဲ့ နောက်ဖက်မှာ ညလေးရဲ့တူ လူချော ငပြောင် အကြီးကောင် ပုံပါ၊ သူ့နံမည်ကတော့ Darek ပါတဲ့။ နောက်များမှာတော့ အလျဉ်းသင့်သလို သူတို့ရဲ့ ဓါတ်ပုံလေးတွေကို တင်ပေးသွားပါမယ်နော်...
*****

ဆက်လက်ဖတ်ရှုရန်...>>>>

တွေ့ချင်မိတဲ့ (၁၀) ယောက်

လင်းကြယ်ဖြူက ညလေးကို ဘလော့ဂါတွေထဲက အတွေ့ချင်ဆုံးသူ (၁၀)ယောက် ရေးပေးပါဆိုပြီး Tag လာပြန်ပါတယ်၊ ညလေးလဲ ဘလော့ဂ်ကို ဝေးနေတဲ့ချိန်တွေ ပြန်စနေရတဲ့ အချိန်တွေကြောင့် Tag Game နဲ့ ဝေးနေတာလဲ ကြာလှပေါ့။ လင်းကြယ်ဖြူကတော့ ညလေးကို ပထမဆုံး Tag တဲ့သူပါ။

ညလေးကတော့ ဘလော့ဂါတွေ အားလုံးကို တွေ့ဖူးချင်ပါတယ်၊ ဒီထဲမှာမှ ဟိုးးးး အရင် ဘလော့ဂါ ဘိုးဘိုးတွေ ဘွားဘွားတွေ ဖြစ်ကြတဲ့ သူတွေကိုတော့ အတွေ့ချင်ဆုံးပါ။ ကိုဖြိုးကိုတော့ အရင်တုန်းက တွေ့ဖူးတယ်၊ ခုတော့ သူလဲ အတော်လေး ပြောင်းလဲသွားပါပြီ၊ မိန်းမရသွားပြီလေ၊ ပျော်ရွှင်ပါစေ.. ကိုဖြိုး။ မနိုင်း မြန်မာချက်မှာတည်းက ခင်ခဲ့လို့ ခုထက်ထိလည်း မနိုင်းကို ချစ်နေဆဲ၊ မလေးမပန်မဂျစ် တို့နဲ့ အတူထိုင်ပြီး စကားတွေ ပြောချင်တယ်၊ သူတို့ရဲ့ စကားသံတွေ အတွေးတွေ ကိုယ့်စီများ ကူးစက်လာမယ်လို့ ထင်မိတယ်၊ စိတ်မကောင်းတာက မဂျစ်ကြီး ဘလော့ဂ်မရေးတော့ပါဘူး၊ အစ်ကိုသံလွင် (သူ့ကို အစ်ကိုသံလွင်လို့ ခေါ်ပါပြောလို့ ခေါ်ရတာ :P)၊ ကိုရန်လေး သူကတော့ မာနကြီးသွားတယ် ထင်တာပဲ တစ်ခါတစ်ခါ လာစေချင်ရင် သွားပင့်ရတယ်၊ ကျန်တာတွေလဲ များကြီးပါပဲ၊ ဆက်ရေးရင် ကုန်မှာ မဟုတ်တော့ဘူး။ ခုတော့ အသစ်တွေထဲကပဲ Tag လိုက်တော့မယ် အဟောင်းတွေကို ညလေး မတက်ခ်လဲ တစ်ပါတ်လည်ရင်း Tag ပြီးသားဖြစ်သွားလိမ့်မယ် ဟဲ ဟဲ။

ကိုလတ် နဲ့ ငွန်ငယ် ဆိုတဲ့ ပီနန်းက မောင်နှမနှစ်ယောက်နဲ့ တွေ့ချင်ပါတယ်။ ခင်မင်ခွင့်ရတဲ့ ကာလ တိုတောင်းပေမယ့်လဲ ညီမတစ်ယောက်လို ခေါ်ပြောပြီး ခင်ဖို့ကောင်းတဲ့ အစ်ကိုတစ်ယောက် ရသလိုပါပဲ။ ငွန်ငယ်နဲ့လဲ အွန်လိုင်းမှာ စကားလက်ဆုံ ကျချင်ပါသေးတယ်၊ သူကတော့ အတော်ဖမ်းရခက်တဲ့ ညီမပါ။

ကိုခွပ်ဒေါင်း နဲ့လဲ တွေ့ချင်တယ်၊ သူလဲ အစ်ကိုလိုပဲ ခင်ဖို့ကောင်းတယ်။ ခုတစ်နိုင်ငံတည်း ဖြစ်နေပေမယ့် ဒီလူတွေလည်း မအားကြဘူးလေ။

သဇင် ကတော့ချွင်းချက်၊ သူနဲ့တစ်ခါတော့ တွေ့ပြီးပေါ့၊ ထပ်တွေ့ချင်သေးတယ်၊ ခင်စရာကောင်းပြီး စကားပြော သွက်လက်တဲ့ ညီမလေးပါ။

မီးလေးဇာ ကတော့ ထိုင်းမှာ နေပြီး ညလေးနဲ့ အွန်လိုင်းမှာ ခင်တဲ့ ညီမလေးပါ၊ သူနဲ့က ဓါတ်ပုံချင်း အလဲအလှယ် လုပ်ပြီးပေမယ့် လူချင်းမတွေ့ဖူးသေးတော့ တွေ့ချင်မိတယ်။ ၀၀ကစ်ကစ် လေးနဲ့ ပျော်တတ်တယ်၊ ခုနောက်ပိုင်း ဂျီမှာ ပျောက်နေတယ်၊ ဓါတ်ပုံတွေလဲ မပို့တော့ဘူး။

မေဒီ ကိုလဲ ခင်မိတယ်၊ သင်္ကြန်တွင်းမှာ သူပဲ ညလေးဘလော့ဂ်ကို ဗွက်ထအောင် လုပ်သွားခဲ့တာ၊ ညလေး ထိုင်ဝမ်ရောက်ရင် သွားရှာမိမှာပဲ။

ညခင်းနဲ့လမင်း ဒီနှစ်ယောက်ကိုလဲ တွေ့ချင်သပ၊ ညလေး စီဘောက်စ်ထဲ လာလာအော်တဲ့ လမင်းကိုရောပေါ့။ ညခင်းက အေးပြီး လမင်းကတော့ ပျော်တတ်ပုံပဲ။

အမရာ ဆိုတဲ့ တော်ဝင် မိန်းကလေးကိုလဲ တွေ့ချင်မိပေါ့။ ခင်တာ မကြာသေးပေမယ့် ရင်းနှီးနေသလိုပဲ။

ပူးကောင်လေး နဲ့လဲ တွေ့ချင်တယ်လေ၊ သူကတော့ လူမဟုတ်ပဲ တိရိစ္ဆာန်လေး အကြောင်း ရေးထားလို့၊ သူ့အကောင်လေးတော့ အတော်ချစ်ပုံပဲ။

စမ်းချောင်းလေး နဲ့လဲ တွေ့ချင်ပါတယ်၊ ညလေးနဲ့ သိတာ မကြာသေးပေမယ့် ခင်ဖို့ကောင်းတယ်။

ဆောင်းနှင်း ကိုလဲ တွေ့ချင်ပါတယ်နော်။
*****
ညလေးရဲ့ တွေ့ချင်မိတဲ့ (၁၀)ယောက်ကတော့ ဒီလောက်ပါပဲနော်... ကျန်သူများ ချစ်တယ်၊ ခင်တယ် ဆိုရင်တော့ ဆက်လက် ရေးသားပေးကြပါလို့... တောင်းဆိုပါတယ် နော်...
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Apr 25, 2009

သေခါနီး

မေတ္တာဆိုတာ ရောင်ပြန်ဟပ်တယ်တဲ့
ဟုတ်ခဲ့လို့လား?
ငါ ပြန်မေးနေတာ မဟုတ်ဘူးနော်
သေချာကို မသိခဲ့လို့ပါ။
သက်ရောက်မှုတိုင်းသာ
တန်ပြန် သက်ရောက်ခဲ့မယ်ဆိုရင်
မကောင်းတဲ့သူတွေ
အသက်ရှင်နေရဲမယ်လို့ မင်းထင်လား။
ငါတို့ဘ၀တွေ စိမ်းလန်းနေရင်တောင်
လှပမယ်ဆိုတာ ယုံကြည်မှု မရဲလို့
ပက်ကြားအက်မြေပြင်ကို ငေးကြည့်ရင်း
မိုးစက်မိုးပေါက်ဆိုတာကို စိတ်နာလာတယ်။
မုန်တိုင်းကြီးပဲ တိုက်ခတ်နေတော့လဲ
လေပြည်ညင်းရဲ့ ရှိနေခြင်းကို
ငါမေ့လျော့သွားမိတာ ဆန်းလို့လားဟ။
အပုပ်နံ့ခံတာဟာ
ဠင်းတဆန်မှန်း သိပေမယ့်
အခါခါ သေချင်မိတဲ့ ငါ့စိတ်ကို
မပြုပြင်နိုင်တာရော ငါ မှားလား။
ငါဟာ....
လူတစ်ယောက်အတွက်
(ဒါမှ မဟုတ်)
အားလုံးအတွက်
နောက်ဆုံးရိက္ခာတော့
ဖြစ်ချင်ပါသေးတယ်ကွယ်…
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Apr 24, 2009

ဝက်သားသုပ်

ဝက်သားကို နူးအောင်ပြုတ်ပြီး မွှာထားပါ။ ကြက်သွန်နီ ပါးပါးလှီး၊ ငရုတ်သီးစိမ်း ပါးပါးလှီး၊ ကြက်သွန်နီကြော်၊ ငရုတ်သီးမှုန့်၊ ပဲကျက်မှုန့်၊ သံပုရာရည် တို့နဲ့ သုပ်စားပါတယ်။ ခိ အသားများသွားလို့ ကျန်တာတွေ မမြင်ရတော့ဘူး၊ စားလို့ကောင်းလားတော့ မမေးနဲ့ ကောင်းမှကောင်း၊ အရသာကတော့ လိုသလို ချိန်ဆကြပါနော်...
ဒါက မနယ်ခင်ပုံ... ဇလုံကြီးနဲ့ကို အားရပါးရ သုပ်စားပါတယ်။
ဒါကတော့ နယ်ပြီးသားပုံ...
ကြက်သွန်နီ ဆီချက် ဖြူးဖို့ မေ့သွားလို့ စားလို့ ကုန်သွားတော့မှ သတိရတယ်၊ ရိုက်ပြီးမှ ထည့်လိုက်တာဆိုတော့ ကြက်သွန်ကြော် ထည့် မရိုက်လိုက်ရဘူး ဆိုတာကို သတိမထားမိဘူး ဖြစ်သွားတယ်၊ ခိ ရှုပ်ကုန်ပေါ့။
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Apr 23, 2009

ရုန်းမရ

အစဉ်ပဲကွယ်
ရင်ထဲတွယ်လျက်
ဖြတ်ရန်ခက်အောင်
ရစ်ချည်နှောင်တဲ့
ကို့ရဲ့အချစ်
သံယောဇဉ်.....
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Apr 21, 2009

ငွေ.. ငွေ... ငွေ......

ငွေ.. ငွေကတော့ လူသားတွေရဲ့ သည်းခြေကြိုက်ပဲပေါ့ လူတိုင်းအတွက် မရှိမဖြစ် လိုအပ် နေတာကလဲ ငွေပဲလေ။ လူတစ်ယောက်ကို “မင်း သုံးချင်ရာ သုံးစမ်းဆိုပြီး ငွေတွေ ပုံအော ပေးထားကြည့်ပါလား၊ သုံးလောက်မယ် ထင်သလား”။ ချမ်းသာတဲ့ သူလဲ ဒီငွေပဲ သုံးတယ်၊ ဆင်းရဲတဲ့သူလဲ ဒီငွေပဲ ကိုင်တယ်၊ အမှိုက်ကောက်တဲ့ သူလဲ ဒီငွေနဲ့ပဲ စားဝတ်နေရေး ပြေလည်အောင် လုပ်ရတယ်၊ ဘယ်သူမဆို ဘယ်လူမျိုး၊ ဘယ်ဘာသာခြား မဆို ဒီ ငွေတွေပဲ သုံးကြတယ် (နိုင်ငံကွာလို့ ငွေကွာတာကို မပြောပါနော်)။ ငွေက ဘာလို့ လူတိုင်းအတွက် မရှိမဖြစ် အသုံး လိုနေရတာလဲ? လိုချင်တာတွေ၊ စားချင်တာတွေ၊ ၀တ်ချင်တာတွေ၊ လှူချင်တာတွေ၊ ပေးကမ်းချင်တာတွေ.. ဒီလို အလို ဆန္ဒ... ဆန္ဒတွေတိုင်းအတွက် ဖြည့်ဆည်းနိုင်ဖို့ ၀ယ်နိုင်ဖို့က သူ(ဒီငွေ)ပဲ လိုအပ်တာလေ။ ညလေးတို့တွေ လိုအပ်နေတာတွေကို ငွေနဲ့ လဲလှယ် ယူလိုက်ရတာပဲ မဟုတ်လား၊ စားချင်နေတာ အာသီသ ဖြစ်နေတာတွေက ငွေမရှိရင် ဘယ်သူက အလကား လာကျွေးမလဲ မဟုတ်ဘူးလား။ သူနဲ့ပဲ အလဲ အလှယ် လုပ်ရတာပေါ့ (တန်ရာတန်ကြေး ပေးပြီးတော့လေ)။ လူဖြစ်လာတဲ့အတွက် လူ့ဘ၀မှာ ငွေထက် အသုံးလိုတာတွေ ရှိနေတဲ့ အတွက်ကြောင့်လဲ ညလေးတို့တွေဟာ နေ့စဉ် ငွေနဲ့ လဲလှယ်ပြီး ၀ယ်နေကြရတာပါ။

ငွေမပါပဲ ငွေကလွဲလို့ ဖောဖောသီသီ သုံးနိုင်တာ ရှိလားဆိုတော့ ရှိပါတယ်။ ညလေးတို့တွေ (လူသားတွေ)ရဲ့ စိတ်ထဲမှာ ရှိနေနှင့်တဲ့ ဖြူစင်တဲ့ မေတ္တာ စိတ်လေးပါ။ ဖြူစင်တဲ့ စိတ်လေးနဲ့ လူတိုင်းအပေါ် မေတ္တာထားနိုင်ကြမယ် ဆိုရင် ကျန်တာတွေ ထည့်မတွက်ကြတော့ပါဘူး။ လူတစ်ယောက် အပေါ် မေတ္တာစိတ်လေး ထားရှိနိုင်မယ်ဆိုရင် ငွေက အရေးကြီးနေဦးမယ် မထင်ဘူး။ လှူချင် တန်းချင်တယ် ဆိုတာလဲ အဲ့ဒီ ဖြူစင်လှတဲ့ မေတ္တာစိတ်လေး အရင်းခံပါတယ်။ လူတစ်ယောက်အပေါ် မေတ္တာ မရှိတော့ဘူး မေတ္တာ ကုန်ခန်းသွားမယ် ဆိုရင် ဒီလူ ဘာလုပ်လုပ် ဘာကိုင်ကိုင် အပြစ် မြင်နေတော့မှာ အသေအချာပါ။ ဘယ်သူ့အပေါ်မဆို ဖြူဖြူစင်စင် လေးသာ ဆက်ဆံကြည့်ပါ၊ မကြာခင် ကိုယ်ကလဲ သူတစ်ပါးဆီက ဖြူစင်မှုကို ပြန်လည် ရရှိလာပါလိမ့်မယ်။ ကိုယ့်ဆီ စ ချည်းကပ်လာတည်းက လိမ်လည်ဖို့ ချည်းကပ်လာတဲ့ သူတွေကလွဲရင်ပေါ့။

လူတိုင်း လူတိုင်းဟာ ကိုယ့်ဘ၀နဲ့ ကိုယ် မင်းသားတွေ/ မင်းသမီးတွေ ချည်းပါပဲ၊ မယုံ စဉ်းစားကြည့်ပါလား။ တစ်ချို့တွေ ကိုယ့်အိမ်မှာ လိုချင်တာတွေ ဖြစ်ချင်တာတွေ လိုချင်တိုင်း တောင့်တတိုင်း ရနေကြတဲ့သူတွေ အပုံကြီးပါ။ ကိုယ်က အလုပ်နဲ့ အကိုင်နဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နေနိုင်ရင် ကိုယ့်ဘ၀မှာ ကိုယ်က မင်းသား/မင်းသမီးပဲ မဟုတ်လား။ အဲ့လို ဘ၀ကနေ ငွေနောက်လိုက်ကြပြီး သူများ ဘ၀တွေရဲ့ လူကြမ်းကြီးတွေ၊ ဇာတ်ပို့/ဇာတ်ရံတွေ၊ နောက်လိုက်တွေ ဖြစ်သွားတတ်ကြပါတယ်။

လူတိုင်းမှာ မွေးတည်းက ဦးဏှောက်ပါတယ်၊ စဉ်းစား ဆင်ခြင်တတ်ကြတယ်၊ စာတတ်တဲ့သူတွေက ပိုပြီး အသိဉာဏ် ရှိကြပါတယ် (ထင်တာပေါ့နော်)။ သို့သော် အဲ့ဒီ စာတတ် ပေတတ်သမားတွေ မိုက်ကန်းရင် ပိုဆိုးတတ်ပါတယ်။ ကိုယ်ပိုင် အသိဉာဏ်နဲ့ စဉ်းစား ဝေဖန် ပိုင်းဖြတ်ကြပြီး ဆုံးဖြတ်ချက် မှန်ကန်စွာ ချနိုင်ရင် လူတော် တစ်ယောက်ပါ။
*****
အဲလေ ညလေးတစ်ယောက် အစကတော့ ဒါတွေ ရေးဖို့ မဟုတ်ပါဘူး၊ ညလေး တစ်ယောက် အွန်လိုင်း တက်မလာရင် ဒါမှမဟုတ် ဂျီမေးလ်ထဲကနေ နှုတ်မဆက်ပဲ ပျောက်ပျောက် သွားတတ်တဲ့ ညလေးကို သူငယ်ချင်းတွေ အထင်မှားမှာ စိုးလို့ ဖြေရှင်းမလို့ဟာ ဟိ.. ဘာတွေ ရေးမိမှန်း မသိတော့ပါဘူး။

ညလေးတစ်ယောက် ပျောက်သွားရခြင်းကတော့.....
ငွေပုံကြားထဲ ပိတ်မိနေခြင်းကြောင့် သာ ဖြစ်ပါကြောင်းးးးးးးးးးးး
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Apr 20, 2009

ရေမုန်ညင်းရွက်ဟင်းရည် (၀ါ၊ စိမ်း၊ နီ ဟင်းရည်)း)

ဒီအရွက်ကို ဘယ်လိုခေါ်လဲ သိကြလား၊ ညလေးက တရုတ် ကွမ်တုံး(အိမ်)လိုပဲ သိပါတယ် (လှိုင်ယံထွယ်လို့ ခေါ်ပါတယ်)။ မြန်မာလို မသိဘူး၊ သိတဲ့သူများရှိရင် ပြောသွားပေးကြပါနော်။
သူက အပူကျပါတယ်၊ အိမ်မှာဆို ၀က်နံရိုး၊ ကျောက်ဖရုံသီး တို့နဲ့ ပြုတ်သောက်နေကျပါ။ သူ့ကို ဘယ်လိုခေါ်လဲ ခုချိန်ထိ မသိသေးပါဘူး။ ညလေးက ခု ကြက်ရိုး၊ မုန်လာဥနီ၊ ပြောင်းဖူးတို့နဲ့ ပြုတ်ပါမယ်။ “ရေမုန်ညင်းရွက်” ကို ရေဆေးပြီး လှီးထားပါနော်။ (ဟားးး ဟားးးးး သိသွားပြန်ပေါ့ တစ်ခု)
အရင်ဆုံး ရေနွေးအိုးတည်ပါတယ်၊ ပြောင်းဖူးကို အရွယ်တော်လေးတွေ လှီးထားပါ၊ မုန်လာဥနီကိုလဲ ကြိုက်ရာပုံစံနဲ့ လှီးထားပေးပါနော်။ ရေနွေးဆူလာရင် ကြက်သွန်ဖြူဂျင်း ထောင်းထားတာရယ် နဲ့ ကြက်သားကို အရင်တည်ပါတယ်။ ညလေးက ကြက်သွန်နီပါ လေးစိပ်ထိုးပြီး ထည့်ပါတယ်နော်၊ ကြက်သား တစ်ရည်ဆူရင် ပြောင်းဖူး၊ မုန်လာဥနီတို့ကို ရောထည့်ပြီး နူးအောင် ထပ် တည်ထားလိုက်ပါတယ်။

အရင် ထည့်ထားတာတွေ နူးအိလောက်မှ အသင့်ပြင်ထားတဲ့ အရွက်ထည့်ပြီး အချို၊ အငန်ထည့် ခဏ ထပ်တည်ထားပါတယ်။
မြည်းကြည့်လို့ အချိုအငန် အနေတော်ဆိုရင်တော့ အိုးပေါ်ကချလို့ သုံးဆောင်လို့ ရပါပြီနော်။ဘာအရွက်မှန်း မသိလို့ သူ့ကို “၀ါ၊ စိမ်း၊ နီး ဟင်းရည်” လို့ပဲ နံမည် ပေးလိုက်ပါတယ်နော်... မြည်းသွားကြပါဦးလား ညလေးရဲ့ လက်ရာ “ရေမုန်ညင်း၊ ပြောင်းဖူး၊ မုန်လာဥနီ” ဟင်းရည်။ :P
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Apr 18, 2009

ကညွတ်ကြော်

ဒါက ဘာရိုးလဲတော့ မသိပါ (သိတဲ့သူရှိရင် ပြောသွားပေးကြပါ)၊ ညလေး သိတာတော့ ဇရစ်ရိုးလို့သိတယ်၊ ဒါကလဲ သူများတွေ ကြော်တာစားပြီး ကြိုက်လို့ မေးကြည့်တော့ ဇရစ်လို့ ပြောလို့ပါ။ ခုတော့ ကျမ သိသွားပြီ “ကညွတ်ရိုး” ပါတဲ့ရှင်... (ငါကွ... ဟိ)
ပုလုကွေးနဲ့ စူးနွယ်က “ဖလံတောင်ဝှေး” လို့ ပြောတယ်။ သို့သော် ညလေးသိတဲ့ “ဖလံတောင်ဝှေး”က ထိပ်ပိုင်းလောက်မှာ အပြင်က အရွက်လို အဖတ်တွေ ပါတယ်၊ အဲ့ဒါတွေ ဖယ်ရသေးတယ်၊ အဖူးမပါဘူး၊ အရိုးလဲ သူ့ထက် နည်းနည်း ပိုကြီးတယ်၊ ဖလံတောင်ဝှေးက အမျှင်ပိုများပါတယ်။ ခုအရိုးက အနံ့အနည်းငယ် ထူးပါတယ်၊ ဖလံတောင်ဝှေးက အိမ်မှာ အမြဲ ကြော်စားဖြစ်လို့ မဟုတ်ဘူး ပြောတာပါ။ သို့သော် သူ့ကိုလဲ ဒီလိုခေါ်တယ်ဆိုတော့ အားလုံး သိတဲ့အတိုင်းပဲပေါ့။
စီဘောက်စ်မှာ ခိုင်စိုးလင်းက “ကညွတ်” လို့ပြောတယ်။ “ကညွတ်” တော့ ညလေး မမြင်ဖူးပါ။

ညလေးဝယ်တာ သန့်ပြီးသားပေမယ့် အောက်နားက နည်းနည်း ရင့်တာတွေ ပါသွားမှာ စိုးလို့ ဓါးနဲ့ အနည်းငယ် လှီးထုတ် ပါသေးတယ်၊ ရင့်လားမရင့်လား ဟင်းချက်နေကြ ၀ါရင့်တွေကတော့ သိပါတယ်နော်။ :P
ပြီးတော့ ရေစင်အောင် အရင်ဆေးပြီးမှ အနည်းငယ် ထု (ဓါးပြားရိုက်) ပါမယ်။ ထုပြီးမှ ဆေးမယ်ဆိုရင် ကြော်တဲ့ခါမှာ ရေတွေ ထွက်လာမှာစိုးလို့။ အရိုးတွေ ဖြစ်တဲ့အတွက် ထုလိုက်တဲ့ခါ အချို၊ အငန် အရသာ ၀င်သွားအောင်ပါ။

ပုဇွန်အနည်းငယ် အသင့်ပြန်ထားပါ (ပုဇွန်ခြောက်သုံးချင်လဲ ရပါတယ်နော်)၊ ကြက်သွန်နီ အနည်းငယ် လှီး၊ ကြက်သွန်ဖြူ ထောင်းထားပါ (လိုသလောက်ပေါ့နော၊ ညလေးလဲ မှန်းထည့်ပါတယ်)။ ဒယ်အိုးကို ပူအောင်ထား ဆီထည့် နနွင်းအနည်းငယ်ထည့် ဆီပူရင် ထည့်တဲ့ နနွင်းက ဆူလာပါတယ်နော်။ ကြက်သွန်နီကို အရင်ကြော်ပါ၊ ညိုလာရင် အဖြူထည့်၊ အနံ့မွှေးလာရင် ပုဇွန်ထည့်ပြီး ခဏမွှေပေးပါနော်၊ ပုဇွန်တွေ ကျက်လောက်ပြီဆိုမှ “ကညွတ်ရိုး” ကို ထည့်မွှေပြီး ခဏအုပ်ထားပေးပါ။ ခဏကြာရင် သူ့ဖာသာ ရေအနည်းငယ် ထွက်လာပါတယ်နော်၊ နူးလောက်ပြီဆိုရင် အချို၊ အငန်ထည့် မွှေပြီး အိုးပေါ်က ချလို့ရပါပြီနော်၊ အနံ့အရသာ ရှိလှတဲ့ “ကညွတ်ရိုး” ဟင်းတစ်ခွက် ရမှာပါ။ပုံထဲမှာ ပုဇွန်တွေ မြင်ရမှာ မဟုတ်ပါဘူး၊ အရွက်ကြော်ဖြစ်လို့ ညလေးက ပုဇွန်တွေကို ထပ်ပိုင်း လှီးလိုက်ပါတယ်နော်၊ အရွက်ကို ဦးစားပေးတာပါ။ ဒီ့ပြင်တွေမှာ ချက်တာ မြင်ဖူးပါတယ်၊ သားဟင်း၊ ငါးဟင်းတွေ ပါတဲ့အပြင် အရွက်ကြော်တွေထဲမှာ ပုဇွန် အကောင်လိုက်တွေ အသားတုံးတွေ ထည့်ထားတော့ အရွက်ကြော်နဲ့ မတူတော့တာတွေ အများကြီးပါ။ ညလေးကတော့ အသားဟင်းစားရင် အသားဟင်း အရသာ၊ အရွက်ကြော်ရင် အရွက်ကြော်အရသာ ထွက်မှ ကြိုက်ပါတယ်။
*****
မြည်းသွားကြပါဦးနော် ဘုန်းဘုန်းကို ကပ်ဖြစ်တဲ့ “ကညွတ်ရိုး” ကြော်။
*****
ဒီပို့စ်မှာ ညလေး မသိတာကို ၀ိုင်းဝန်း ပြောပြပေးကြတဲ့ အစ်ကို၊ အစ်မများ နှင့် သူငယ်ချင်းများကို ကျေးဇူး တင်ရှိပါတယ်နော်...။
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Apr 17, 2009

နှစ်ဦးအလှူ

ဧပြီလ (၁၆) ရက် သင်္ကြန်အတက်နေ့က ညလေးတို့ဆီမှာ သံဃာတော်ကို အာရုံဆွမ်း ကပ်လှူပါတယ်။ ပင့်တာတော့ (၃)ပါးပါ၊ သို့သော် ဘုန်းဘုန်းက ကျောင်းမှာ ကိုယ်တော်တွေ မအားတဲ့အတွက် ဘုန်းဘုန်း တစ်ပါးပဲ ကြွလာပါတယ်၊ “Puchong ဓမ္မရောင်ခြည်ကျောင်း” ကပါ။ ဘုန်းဘုန်းကို ကပ်ဖြစ်တဲ့ ဆွမ်းဟင်းတွေက ပုဇွန်ဆီပြန်၊ ဇရစ်ရိုးကြော်၊ အစိမ်းကြော်၊ ပဲပြုတ်ကြော် (မြန်မာဆိုင်အလှူ)၊ သီးစုံပဲကုလားဟင်းရည်၊ ၀က်သားအချိုချက်၊ ကြက်သားဆီပြန်၊ ဆိတ်သားဆီပြန်၊ ငပိကြော် တို့နဲ့ ကပ်ပါတယ်။ ဒီထဲမှာ ညလေးကိုယ်တိုင် ချက်တဲ့ ဟင်းတွေပါ ပါတယ်။ နောက်ပို့စ်တွေမှ တင်ပါ့မယ်နော်။
ဘုန်းဘုန်းကို အာရုံဆွမ်း ကပ်မယ်ဆိုတော့ မနက်ကို အစောကြီး ဆွမ်းဟင်း ထချက်ရပါတယ်၊ ညလေး (၅)နာရီလောက် ထပါတယ်၊ ညလေးချက်ရမယ့် ဆွမ်းဟင်းတွေက ပုဇွန်အချိုကြော်၊ ဇရစ်ရိုးကြော်ရယ် အစိမ်းကြော် ရယ်ပါ။ အသီးအရွက်တွေ အကုန်လုံးက ညတည်းက အဆင်သင့် လုပ်ပြီးသားတွေ ဆိုတော့ မနက်ကို ချက်ယုံပါပဲ၊ သို့သော် ဇရစ်ရိုးကတော့ ညလေးကိုယ်တိုင် သင်ပါတယ်။ သီးစုံဟင်းကိုလဲ အစ်ကိုတစ်ယောက်က ချက်တာပါ။ ကျန်ဟင်းတွေကတော့ မြန်မာဆိုင်က Order မှာပါတယ်။ ဧည့်သည်တွေလဲ ဖိတ်ထားတော့ အားလုံး လူအယောက် (၁၀၀)စာလောက်ပါ။ အချိုပွဲကတော့ တတ်နိုင်သလောက်လေး လက်လှမ်း မီသလောက်လေး ကပ်ဖြစ်ပါတယ်။ ပြီးတော့ ၀တ္ထုငွေနဲ့တကွ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် လှူဖြစ်ပါတယ်။

ဒီအလှူကို သူငယ်ချင်းတို့ အားလုံးကိုပါ အမျှပေးပါတယ်နော်.. အားလုံး ညလေးနဲ့အတူ အလှူရဲ့ အဖို့ဘာဂကို အမျှရပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ ရှိကြပါစေ....

ဘုန်းဘုန်းက ပဲပြုတ်ကြိုက်တဲ့အတွက် မြန်မာဆိုင်က တကူးတက လာလှူတာပါ၊ ပထမဆုံးတစ်ခါ ဘုန်းဘုန်းကို ဆွမ်းကပ်တုန်းကလဲ ညလေးတို့ ကိုယ်တိုင် ချက်ရပါတယ်။ ဒုတိယတစ်ခါလဲ ညလေး လက်စွမ်းပြလိုက်တာ ဘုန်းဘုန်းကတောင် “ဒီအိမ် တယ်ဟင်းချက် ကောင်းဆိုပဲ” အဲ့တုန်းကလဲ ညလေးလက်ရာ ဘုန်းဘုန်းကို ကျွေးချင်လွန်းလို့ အရွက်ကြော် စဉ်းစားလိုက်တော့ ဇရစ်ရိုးကြော်၊ ငါးပေါင်း၊ ပုဇွန်ချက်၊ ကန်စွန်းပလိန်း။ ဘုန်းဘုန်းက ဇရစ်ရိုးကြော်ကို တန်းမေးပါတယ် “ဘာလဲတဲ့” တစ်ခါတည်း ကြိုက်သွားတယ် (ခိ တော်တာနော်)၊ ငါးပေါင်းက ဒီတစ်ခါ ထပ်ပေါင်းပေးမလို့ဟာ ငါး(ကကတစ်) ၀ယ်မရတာနဲ့ မပေါင်းလိုက်ရဘူး။

ဒီ ၂၀၀၉ ခုနှစ်မှာ ဘုန်းဘုန်းကို ဆွမ်းကပ်တာ (၃)ကြိမ်ရှိပါပြီ၊ အရင် (၂)ခါက အလုပ်ထဲက သူငယ်ချင်းတစ်ယောက် ဆုံးသွားလို့ ရက်လည်နဲ့ တစ်လပြည့်ဆွမ်း ကပ်တာပါ။

ဘုန်းဘုန်းရဲ့ ကျောင်းကို မရောက်ဖူးပေမယ့် ဘုန်းဘုန်းနဲ့တော့ ခဏခဏ ဆုံဖြစ်ပါတယ်၊ မြန်မာဆိုင်က ဆွမ်းကပ်လဲ ညလေးနားရက်နဲ့ ကြုံရင် တရား သွားနာပါတယ်။ ဘုန်းဘုန်းက “နာဂစ်” တိုက်ပြီးတော့ မြန်မာပြည်ထိ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းခဲ့တာပါ။ နာဂစ်ခရီး အတွေ့အကြုံကို စာအုပ်ရိုက်ပြီး ဘုန်းဘုန်းက ပြည်လည် လှူဒါန်းပါတယ်။ ညလေး ဖတ်ပြီး မျက်ရည်လည်အောင် ၀မ်းသာရတယ်၊ ဘုန်းဘုန်းရဲ့ ကိုယ်တွေ့ အတွေ့အကြုံက ဆိုးဝါးလှတဲ့ မြန်မာပြည်ကို ကိုယ်တိုင် သွားရောက်ရသလိုပဲ ထင်မှတ်ရလို့ပါ။

စကားချပ်။ ။ အဲ့ဒီနေ့ တစ်နေ့လုံး ညလေးတစ်ယောက် အိပ်ချင် နေပါတော့တယ်ဗျာ.... အလုပ်ထဲမှာ အားရပါးရ အိပ်လိုက်တာပေါ့ ဘာရမလဲ။
*****

ဆက်လက်ဖတ်ရှုရန်...>>>>

ဘူးသီးမှအရီးမတော်နဲ့

ဒါကလဲ နောက်တစ်ပုဒ်ပါ နတ်သံတွေနဲ့ ဒီနှစ်တော့ ညလေးတစ်ယောက် ကွေးအောင် ကနေတယ်ပဲ မြင်ကြပေါ့နော... ကြိုက်ရင်ပြော နောက်ထပ်လာမယ်။ ညလေးကတော့ ကြိုက်တယ်၊ ဘယ်သူမှ မကြိုက်လဲ တင်မှာပဲ (လာမတားနဲ့ ခိ)။ ဘယ်လိုပြောမလဲ မြူးမြူး ကြွကြွ လေးဆိုတော့ ခဏလေးနဲ့ ပါးစပ်ထဲ စွဲသွားပါတယ်။ ညလေးလဲ ဒါမျိုးတွေ ကြိုက်တယ်နော် လို့တော့ မပြောနဲ့နော်....
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Apr 16, 2009

အာလူးအစပ်ချက်

အာလူးကို ဘာမှ မပါပဲ ဆီပြန်အစပ်လေး ချက်စားပါတယ်။

အာလူးတွေကို အတုံးသေးသေးလေးတွေ တုံးပေးပါ၊ ကြက်သွန်နီ လှီးထား၊ ကြက်သွန်ဖြူနဲ့ ဂျင်း ထောင်းထားပါ၊ ကြိုက်တတ်ရင် ငရုတ်သီးစိမ်းလေး ထပ်ခြမ်းခွဲထားပါနော်။

ဆီပူထဲကို နနွင်း အနည်းငယ် ထည့်ပြီး ကြက်သွန်နီ ဆီသတ်ပါမယ်၊ အနည်းငယ် ညိုလာရင် အဖြူနဲ့ဂျင်း ထောင်းထားတာ ထည့်လိုက်ပါ၊ မွှေးပြီး ရဲလာရင် အရောင်တင်မှုန့် ထည့်ပေးပါ၊ ခဏမွှေပါနော်။ ပြီးတာနဲ့ တုံးထားတဲ့ အာလူးတွေ ရောမွှေပြီး ရေ လိုသလောက်ထည့်လို့ အဖုံး အုပ်ထားပေးပါနော်။ အာလူးတွေ နူးလောက်ပြီဆိုရင် ငရုတ်စိမ်း ထပ်ခြမ်းခွဲထားတာ ထည့်ပြီး မဆလာ ခတ်လိုက်ပါတယ်။ အပေါ့အငံ ထည့်ပြီးရင် စားလို့ရပါပြီနော်။
*****

ဆက်လက်ဖတ်ရှုရန်...>>>>

ဗျို့ဟစ်သံ

“ကျေးရွာအတွင်း၌ မှီတင်းနေထိုင်ကြပြီးသော အားလုံး သက်ကြီးရွယ်အို လူပျိုအပျို ကလေးများ အပေါင်းတို့ အလှူအိမ်သို့........... (ရေ့ ရေ့ ရေ့) ကြွကြပါဗျို့ (ရေ့ ရေ့ ရေ့)”
*****
ဟိ ဟိ ညလေးတစ်ယောက် ဘာတွေ အော်နေလဲ ထင်ကြမယ်နော်၊ သင်္ကြန်အတက်နေ့ ဆိုတော့ ပိုး နည်းနည်း ထနေလို့ပါ၊

“ကျေးရွာအတွင်း၌ မှီတင်းနေထိုင်ကြပြီးသော အားလုံး သက်ကြီးရွယ်အို လူပျိုအပျို ကလေးများ အပေါင်းတို့ အလှူအိမ်သို့........... (ရေ့ ရေ့ ရေ့) ကြွကြပါဗျို့ (ရေ့ ရေ့ ရေ့)”
အဆုံးထိ နားထောင်ပြီးရင် ကြိုက် မ ကြိုက် ပြန်ပြောနော်... ညလေးကတော့ ကြိုက်တယ်၊ စိုင်းစိုင်းတို့တောင် အနားပေးထားရမယ်။ ကဲ အားပေးသွားကြဦးနော်....

“ချိန်ဆည်းဆာ နေခြည်စောင်း မောင်းကလေးကမြည်၊ ဒီအချိန်ဆိုလူစုံပြီ ယာထဲကိုင်းထဲ အလုပ်သွားကြတဲ့ ရွာသားများတို့သည်၊ ဖိတ်စာကမ်းကာ မဖိတ်နေတော့ပါ၊ တစ်ရွာလုံးလာပါ ဗျို့ဟစ်ဖိတ်သည်၊ မီးခိုးတိတ် ကြွကြပါဗျို့....”

ဒီ “ဗျို့ဟစ်သံ” သီချင်းက Remix လုပ်ထားတာပါ နားထောင် ပြီးကြပြီလား? နားမထောင် ရသေးရင် နားထောင် လိုက်ကြပါဦးနော်။ ဒီနေ့ နောက်ဆုံးနေ့ဆိုတော့ မြူးမြူးကြွကြွလေးပေါ့ ဟုတ်ဘူးလား....

ပထမတော့ ညလေးလဲ ဘာတွေ အော်နေမှန်း မသိသေးဘူး၊ သူများဖွင့်တာ အသံပဲ ကြာရပြီး စာသား မမြင်ရသေးဘူးကိုးးးး အင်း အသံသေး အသံကြောင်နဲ့ အော်နေတယ်ပဲ ထင်နေတာ၊ နောက်တော့မှ စာသားကို အပြေး သွားကြည့်လိုက်တယ်၊ ခိ နားလဲ လည်သွားရော ဒီ “ဗျို့ဟစ်သံ” က ညလေးရဲ့ ပါးစပ်ထဲ စွဲသွားတော့တယ်... သရုပ်ဆောင်နဲ့ အဆိုက “ဗီဗာဟိန်း” အဲ့ဒီခွေ (ဗျို့ဟစ်သံနှင့် ကောင်းသောနေ့) ထဲက သီချင်းတွေကို ညလေးက Youtube မှာ တင်ထားပေးမယ်နော်။ နောက်နေ့တွေ Link ပြောင်းပေးပါ့မယ်။ ဒီနေ့တော့ ဗွီဒီယို ခေါ်တင်နေတာ အရမ်းကြာသွားတာနဲ့ ညလေးရဲ့ ဆိုသံကိုပဲ နားထောင်ထားလိုက်ပါနော်...
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Apr 15, 2009

ရတနာရာမကျောင်းသို့တစ်ခေါက်

အဲ့လို ၀မ်းသာအားရ ဖြစ်နေတဲ့ ညလေးကို ကားဆရာကတော့ ခပ်ကြောင်ကြောင် ကြည့်နေမှာ သို့သော် သူ့ကို ဂရုမစိုက်အားဘူး ကားပေါ်က မီတာကို လှမ်းကြည့်လိုက်တော့ (ရင်းဂစ် ၁၃.၅၀) တဲ့ များလိုက်တာပေါ့။ ဒါပေမယ့်လဲ ဟိုကွေ့ ဒီကွေ့ ဟိုတက် ဒီတက် ဟိုရပ် ဒီရပ် ရှာနေရတဲ့ချိန်နဲ့ ဆိုတော့ တကယ်တမ်း (ရင်းဂစ် ၈၊ ၁၀) လောက်ပဲ ကျမယ့်ဟာ များသွားတာပေါ့လေ (No Problem) ပါနော်…။ ကားသမားကို (၁၄ ရင်းဂစ်) ထုတ်ပေးပြီး ကျေးဇူးတင်ပါတယ် ပြောရင်း ကားပေါ်က ဆင်းလိုက်တယ်။

တစ်ယောက်တည်း လမ်းလျှောက်လာရတာ ကြောင်တောင်တောင် လေးနဲ့ပေါ့ (ဒါ့ကြောင့် သူငယ်ချင်းတို့လဲ ညလေးနဲ့ တူတူ လိုက်ခဲ့ပေးဦးနော..... တူတူ သွားကြတာပေါ့ ဟုတ်ဘူးလား) လမ်းမမှာလဲ ဟိုဒီတစ်စုနဲ့ လူတွေရှိနေတယ်။ ညလေးကို ကြည့်နေကြတယ်လေ၊ သူတို့တွေက အဖွဲ့တွေနဲ့ ချည်းပဲလေ၊ လာတဲ့ လူတွေကတော့ အများကြီးပဲ၊ ခြံဝင်းထဲမှာ တစ်ချို့တွေ စားသောက် နေကြတယ်လေ။ ညီမလေးကို ခြံရှေ့ရောက်တော့ ဖုန်းထပ်ခေါ်ကြည့်သေး မကိုင်ပြန်ဘူးဟ၊ အဲ့ဒါနဲ့ ခပ်ကြောင်ကြောင်လေး လှမ်းဝင်လိုက်တယ်၊ ပထမတစ်ခေါက် ရောက်ပြီးသားဆိုတော့ စိမ်းမနေဘူးပေါ့။

တစ်ခါတည်း ဘုရားဆောင်ရှေ့ ရောက်အောင်သွားပြီး အရင်ဆုံး ဘုရားရှင်ကို ဦးတိုက်လိုက်တယ်၊ ဘုရား ဆင်းတုတော်ကိုလဲ ဖုန်းလေးနဲ့ ဓါတ်ပုံ ထပ်ရိုက်တယ်၊ ပြီးတော့ ညလေးတစ်ယောက် သူများတွေကို ဟိုကြည့် ဒီကြည့်နဲ့ပေါ့။ ကြည့်ရတာတော့ တရားပေးပြီး သွားပုံပါပဲ၊ ညလေး မမီတော့ဘူးပေါ့၊ အင်း ရောက်သွားတာပဲ (၁၁)နာရီ ထိုးတော့မယ်လေ၊ ဘုရားခန်း အလယ်မှာ စားပွဲတွေချပြီး ဆွမ်းပွဲတွေ ပြင်နေကြတယ်၊ အသိမရှိတော့ ဘာလုပ်ပေးရမှန်းမသိ။

ခဏနေတော့ ဘုန်းဘုန်းတစ်ပါး (ကျောင်းထိုင်ထင်ပါတယ်) က “အပေါ်ထပ်က ကိုယ်တော်တွေ ပင့်တော့ ဆွမ်းစားမယ်” ပြောသံကြားတယ်။ ဘုန်းဘုန်းတွေလဲ ထိုင်နေကြပြီး အပေါ်ထပ်က ဦးဇင်းတွေ ကြွလာပြီး ထိုင်ကြတယ်။ ဆွမ်းဟင်းတွေက အများကြီးပဲ ညလေးတောင် သေချာ မကြည့်ခဲ့ရဘူး၊ မှတ်မိတာတော့ သီစုံဟင်းရည်၊ ငပိကြော်၊ ၀က်သားကင်၊ ကြက်၊ ဘဲဥချဉ်ရည်၊ ကော်ပြန့် ခွက်လေးတွေလဲ တွေ့တယ်၊ အရွက်ကြော်၊ စုံနေတာပဲ။
ဘုန်းဘုန်းတို့လဲ ထိုင်ပြီးကြရော လူတွေကို “လာကြလာကြ စားပွဲကို ၀ိုင်းကိုင်ကြ တစ်ခါတည်း ကပ်မယ်”ဆိုပြီး ခေါ်သံ ကြားလိုက်ရတယ်၊ လူတွေက ဘုန်းဘုန်းတို့ ကြားထဲကနေ လက်တွေ ထွက်ပြီး စားပွဲကို ၀ိုင်းမပေး ဘုန်းဘုန်းတို့က ဘုရားစာရွတ်နဲ့ ညလေးတောင် လူများတော့ တိုးမပေါက်တာနဲ့ စားပွဲကို မကိုင်တော့ပဲ ဓါတ်ပုံရိုက်ဖို့ပဲ လုပ်တော့တယ်။ တစ်ကလစ်....
ဘုန်းဘုန်းတို့ ဆွမ်းဘုဉ်းပေးနေပါတယ်....

ပန်းခြံလေးထဲ သွားပြီး လျှောက်ရိုက်ပါတယ်။ ဟိုကြည့် ဒီကြည့်ပေါ့... တစ်ကလစ်...

ဒီဘက်ခြမ်းက သင်္ကန်း ရောင်းနေသူနဲ့ ခြံထဲက သူတွေဆီ တစ်ကလစ်...

ဟင်းပွဲတွေ သိမ်းတဲ့ခါမှာ များလွန်းလို့ လူတွေ တန်းစီပြီး သိမ်းတာတောင် အတော်ကြာပါတယ်၊ မီးဖိုဆောင်ထိ ရောက်အောင် တစ်ယောက်တစ်လက် လင့်ဆင့်ကမ်းပေးကြတယ်။ ပြီးတော့ နောက်တစ်တန်းက အချိုပွဲတန်းပါ၊ ပျော်စရာကြီး ပန်းကန်ရေလှိုင်းတွေပေါ့။
ဘုန်းဘုန်းတို့ အချိုပွဲ ဘုဉ်းပေး နေတုန်းမှာပဲ ခြံထဲမှာ ၀ုန်းဝုန်း ၀ုန်းဝုန်းနဲ့ ရေပက်သံတွေ အော်ဟစ်သံတွေ ကြားရတော့ ညလေးလဲ အပေါက်ဝလေး ထွက်ကြည့်မိတယ်။ သူများတွေတော့ အတော်လေး ပျော်နေကြတယ်လေ၊ ရေတွေ လောင်းနေလိုက်ကြတာ ရွှဲရွှဲစိုနေကြပေါ့၊ ထမင်းစားနေတဲ့ စားပွဲခုံတွေကို တစ်နေရာ ကပ်ထားကြပြီး ဆော့နေလိုက်ကြပုံများးးးးးးး ညလေးကတော့ ဘေးကနေ အားပေးသူ သက်သက်ပါ၊ သူများတကာတွေလို အင်္ကျီအပို မပါလာတဲ့အတွက် (ထင်လဲထင်မထားဘူး) ၀င်မဆော့ဖြစ်ပါဘူး၊ တော်နေကြာ ပြန်တဲ့ချိန်ကျမှ တစ်ယောက်တည်း ကွက်ကျားမိုးရွာထားတယ် ဖြစ်မ စိုးလို့....

အချိုပွဲဘုဉ်းပေးပြီး ဦးဇင်းတို့ ပြန်ကြွသွားပါတယ်။ ကြည့်ရတာ သင်္ကြန်တွင်း ဒုံလ္လဘရဟန်းခံတဲ့ ကိုယ်တော်တွေ ထင်ပါ့၊ လမ်းလျှောက်ပြီး ပြန်ကြွသွားကြလေရဲ့။ သံဃာတော် အားလုံး (၁၈)ပါး ရှိပါတယ်။ဓါတ်ပုံထဲမှာ အင်္ကျီအနက်နဲ့ အဖြူကျား ၀တ်ထားပြီး ကနေတဲ့သူ တွေ့တယ်ဟုတ်။ ညလေး အပေါက်ဝမှာ ဓါတ်ပုံရိုက်နေတုန်း အဲ့ဒီဝတ်စုံနဲ့ ထွက်ပြီး ကပါလေရောဗျာ... ဒီမျက်နှာ ခုနက ဘယ်နား တွေ့လိုက်ပါလိမ့်လို့ စဉ်းစားလိုက်ရတာ... အစကတော့ သူက ယောဂီဝတ်စုံနဲ့ ပုဆိုးနဲ့ ဘာနဲ့ အကျအနပေါ့ ခုမှ ဘယ့်နှယ် အသွင် ပြောင်းသွားပါလိမ့် ဆိုပြီး စဉ်းစားနေမိတယ်၊ မှတ်မိလိုက်တာက ပြုံးနေတဲ့ မျက်နှာနဲ့ ပါးနှစ်ဖက်မှာ ပါးချိုင့် ခွက်ဝင်နေလို့ (ချိုပြုံးတိုင်းပဲ) သတိထားမိတာပါ။ သူကတာ လှမှလှ ကွေးနေတာပဲ (နောက်မှ သိရတာက အခြောက်ကြီးတဲ့၊ သူများတွေက မာမီချိုလို့ ခေါ်ကြတယ် ခိခိ...)
အတို ချုံးလိုက်တော့မယ်နော် အတော်လေး ရှည်နေပေါ့၊ ဒါနဲ့ ညလေးလဲ ပြန် (အဲ.. အဲ.. ဟုတ်သေးဘူး) ညလေး ကြည့်ကောင်း နေတုန်းမှာပဲ ညီမလေးဆီက ဖုန်းလာပါတယ်..
“အစ်မ ဘယ်မှာလဲ” တဲ့
“ညလေးက ရှေ့ဖက် အပေါက်ဝနားမှာ”
“ညီမလဲ အပေါက်ဝနားမှာပဲလေ”
“အင်းလေ ညလေးလဲ ဒီမှာ” ဆိုပြီး ပြောရင်းနဲ့ တွေ့သွားပါတော့တယ် ခင်ဗျာ..... ခိ ချစ်ချာလေး (နောက်တစ်ခါတွေ့ရင် မုန့်ကျွေးတော့) သူနဲ့တောင် ဓါတ်ပုံ တွဲမရိုက်ခဲ့ရဘူး။ ခဏ စကားပြော သူက သူ့သူငယ်ချင်း ရှိရာ ပြန်သွား၊ ညလေးလဲ ဘုန်းဘုန်းကို ၀တ္ထုငွေ သွားကပ်နဲ့၊ သူကတော့ ဘုန်းကြီးရှေ့မှာ ပရိတ်ကြိုး လက်မှာ ချည်နေလေရဲ့။ ဘုန်းဘုန်းနဲ့ စကားပြောနေရင်း ညလေးအသိ ဦးလေးကြီးကို လှမ်းတွေ့လိုက်တော့ သူ့ကို သွားနှုတ်ဆက်တယ်၊ ညလေးကို တစ်ယောက်တည်းလား လို့မေးပြီး ပြန်ရင် ပြန်ပို့ပေးခဲ့မယ် ပြောတယ်။

ထမင်း မစားရသေးဘူး ဆိုတော့ သွားစားချေဆိုပြီး သူလိုက်ပို့တယ်၊ နာရီကြည့်လိုက်တော့ (၁း၀၀)နာရီထိုးတော့မယ်။ ဆိတ်သား၊ ကြက်သား၊ ဘဲဥချဉ်ရည်၊ သီးစုံဟင်းရည်၊ ငပိကြော် နဲ့ ညလေး စားသောက်ခဲ့ပါတယ်။ စားသောက်ပြီးတော့ ဘုန်းဘုန်းကို ပြန်ဖို့လျောက်တယ်၊ ပရိတ်ကြိုးကို လက်မှာချည်ပြီး ပြန်ခဲ့ပါတယ်။ အပေါက်ဝမှာ ရေထိမှာကြောက်လို့ လစ်လာခဲ့ရသေးတယ်။ အပြင်ကနေ ဘုန်းကြီးကျောင်းကို ဓါတ်ပုံရိုက်ခဲ့တယ်။*****
အားလုံးပဲ နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းများနဲ့ ပြည့်စုံကြပြီး လိုရာခရီးကို လျင်မြန်စွာ လျှောက်လှမ်း နိုင်ကြပါစေလို့ ညလေးက နှစ်သစ်ဆုမွန်ကောင်း တောင်းပါတယ်...နော်............
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Apr 13, 2009

စမ်းသွားရတဲ့ ဒုက္ခ

ညလေးတစ်ယောက် မနေ့က (တနင်္ဂနွေနေ့မှာ) ဘုန်းကြီးကျောင်း သွားချင်လွန်းလို့ အရင် ရက်တွေတည်းက ညီမတစ်ယောက်ဆီ ဖုန်းဆက် တွေ့ဖို့ရာ ပြောဆို ချိန်းကြပြီး တစ်နေ့က (ဧပြီလ ၁၁ရက်နေ့) ညကျတော့ အဲ့ဒီ ညီမလေးဆီ ထပ်ခေါ်ပြီး လိပ်စာတောင်းတော့ သူထမင်းစားနေလို့ ခဏနေမှ ပို့လိုက်မယ်ပြောတာနဲ့ ညလေးလဲ ခါတိုင်းလိုပဲ အိမ်ပြန်ပြီး အိပ်ယာဝင်တဲ့ထိတိုင် လိပ်စာက SMS ရောက်မလာခဲ့ဘူး။ အိပ်ခါနီးကျတော့ ညလေး Message တစ်စောင် ပို့လိုက်သေးတယ်။ အဲ့လိုနဲ့ ညလေးလဲ စိတ်ချလက်ချ အိပ်စက်တော် မူလိုက်ပါတော့တယ်။

မနက် အိပ်ယာလဲနိုးရော (၈း၀၀)နာရီ ရှိပေါ့၊ ဒီလိုနဲ့ ဟိုလုပ်ဒီလုပ် အစာခံအောင် ထမင်းကြော် အနည်းငယ်စားပြီး အဲ့ဒီညီမလေးဆီ ဖုန်းခေါ်ရတော့တာပေါ့။ အဲ...ဗျာ.... ဖုန်း လုံးဝမကိုင်ပါဘူး၊ ဘာများဖြစ်လို့ပါလဲပေါ့ မနေ့ကတော့ သူက ဘုန်းကြီးကျောင်းကို အစောကြီး ရောက်နှင့်နေမယ်လို့ ညလေးကို ပြောထားတာကိုး။ ဒီတော့ တရားများ နာနေလို့လား၊ ဒါမှ မဟုတ် အလုပ်တွေ သိပ်ရှုပ်နေလား ဆိုပြီး အဲ့ဒီ ဘုန်းကြီးကျောင်းကို သိတဲ့ ညလေးအသိ ဦးလေးကြီးဆီ ဖုန်းဆက်မေးတော့ သူလဲ အလွတ်မရဘူးတဲ့ ပြန်ရှာပြီးရင် Message ပြန်ပို့လိုက်မယ် ဆိုလို့ ထပ်ပြီး စောင့်နေရပြန်ရော တစ်ခါ။

ဒါနဲ့ စောင့်ရင်း စောင့်ရင်းကနေ (၉း၀၀)နာရီ ထိုးသွားပါရော တစ်ခါ ညီမလေးဆီ ထပ်ခေါ် ဖုန်းမကိုင်၊ အသိဦးလေးကြီးဆီ ထပ်ခေါ်တော့လဲ ဖုန်းမကိုင်နဲ့ “အဲလေ ငါများ သွားချင်လွန်းလို့ ဖြစ်ရတာလား” လို့တောင် စဉ်းစားမိသေးရဲ့၊ နှစ်ဦးမှာ ညလေးက တရားနာချင်လို့ သွားမှာပါ။ ဒီလိုနဲ့ စောင့်ရင်း စောင့်ရင်းက (၁၀း၀၀)နာရီ ထိုးပါလေရော၊ ဒါနဲ့ စောင့်မနေနိုင်တော့ပဲနဲ့ ဖြတ်ခနဲ သတိရမိသွားတာက ညလေးတစ်ခါ ဘလော့ဂ်မှာတုန်းက “ရတနာရာမကျောင်းတိုက်လိပ်စာ” ဆိုပြီး တင်ဖူးထားတာကိုပါ။

ဒီတော့ ဘယ်သူ့ကိုမှ စောင့်မနေတော့ပဲ အင်တာနက်ကို အပြေးအလွှား တက်လို့ လိပ်စာရှာရပါသေးတယ်။ လိပ်စာလဲ ရှာလို့ရရော ညလေး လမ်းမကြီးကို ထွက်ပြီး Taxi ငှားပါတယ်။ ကားငှားဖို့ စောင့်နေတုန်းမှာပဲ ညီမတော်လေးဆီက ဖုန်းဝင်လာပါတယ် “သူ ညက သူငယ်ချင်းတွေနဲ့ သောက်တာ များသွားလို့တဲ့ (ဟိ) ခုမှ အိပ်ယာထတယ်တဲ့၊ ညလေးကို ခု ပို့ပေးတဲ့ လိပ်စာတိုင်း လာခဲ့ပါလို့” ပြောပါတယ် (စိတ်ဆိုးနဲ့နော် ချစ်လို့စတာ)။ သူနဲ့ပြောပြီး ကားက ငှားရပါတယ်၊ အဲ့ဒီမှာ ကားဆရာ အိန္ဒိယကို “ငါ PJ, SS2 ကို သွားချင်လို့ ရမလား” မေးတော့ သူက ဟိုတောင်ကုန်းပေါ်မှာလား ဘာညာနဲ့မေးနေလို့ “ငါလဲ မသိဘူး၊ တစ်ခါမှ မရောက်ဖူးဘူး၊ ဒါပထမဆုံးပဲလို့ပြောတော့” ရတယ် တက်တက်တဲ့။ အဲ့တာနဲ့ အဲ့တာနဲ့.... မောင်းလာတယ်ပေါ့နော်။

အတော်လေး ကြာအောင် မောင်းပြီးလို့ PJ ကိုရောက်ပါပြီ၊ အဲ့ဒီမှာ ညလေးရဲ့ လိပ်စာကို ကားသမားက ရှာမတွေ့ပါဘူး သွားချင်တာက SS 2/72 ရောက်နေတဲ့ လမ်းမကျယ်ကြီး ဘေးဘက်တွေမှာက SS 2/39 ဘာညာ.. ဘာညာ။ တွေ့တဲ့ လမ်းမကျယ်ကြီးကနေ ဆက်မောင်းသွားလဲ ပိုလို့သာ သေးသေးသွားတော့ ကားသမားက လိပ်စာ ထပ်ယူကြည့်ပါတယ်၊ ပြီးတော့ မေးတယ် “တစ်ခါမှ မရောက်ဖူးဘူးလားတဲ့” ညလေးကလဲ “ဒါ ပထမဆုံးပါပဲ” လို့ ပြောပြီး ညလေးခမျာ ခေါင်းလေး ဟိုဘက်လှည့်ကြည့် ဒီဘက်လှည့်ကြည့်နဲ့ လေ့ကျင့်ခန်း လုပ်ရပါသေးတယ်၊ မျက်စိကိုလဲ အလွတ်မပေးရဲဘူး။ ပထမတစ်ခါက သူများနဲ့ ကပ်လိုက်ရတာလေ၊ ခုမှ ကိုယ့်ဖာသာ စမ်းသွားကြည့်ရတာ မဟုတ်လား။

ဒါနဲ့ သူက “နောက်ပြန်လှည့်ပြီး ရှာကြည့်ဦးမယ် နောက်မှာ ကျန်ခဲ့ပြီ ထင်တယ်” ဘာညာနဲ့ နောက်ပြန်လှည့်ပါလေရော။ အတော်လေးလဲ သွားမိရော “ဟာ ဟိုမှာ ဟိုမှာ တွေ့ပြီလို့” ဆိုပြီး အားရ၀မ်းသာ ညလေးက ဆိုင်းဘုတ်အဖြူကို လက်ညှိုးထိုးပြရော ကားဆရာလဲ တွေ့ရှာပါတယ်။ အဲ့ဒီထဲ ဘယ်ချိုးပြီး ကွေ့ဝင်လိုက်တာပေါ့။

အဲ့ဒီမှာလဲ ထပ်တွေ့ပြန်ပါရော သြော် ရောက်ပြီလို့ မှတ်ပြီး အားရ၀မ်းသာ ဖြစ်နေတဲ့ ညလေး တစ်ခါတည်း ပြန်မှိုင်သွားပါတယ်။ အကြောင်းကတော့ အိမ်နံပါတ်တွေပါ၊ ၀င်ဝင်ချင်းမှာ ဘယ်ဘက်ခြမ်းက ၉၊ ၁၃၊ ၂၅၊ ၃၃၊ ၁၃၀... အားပါးပါး တစ်ခါတည်း လိုချင်တဲ့ နံပါတ်မတွေ့ပဲ ကြီးကြီးလာလိုက်တာ။ ဒါနဲ့ ကားဆရာက မှားပြန်ပြီပေါ့ အပေါ်မှာလား မသိဘူးဆိုပြီး ရှာပေးပြန်ပါတယ်။ ဒါလဲ မဟုတ်ပြန်ဘူး၊ ဒါနဲ့ အောက်ပြန်ဆင်းလာပြီး လမ်းသွားနေတဲ့ အိန္ဒိယမလေး တစ်ယောက်ကို ခေါ်လို့ မေးမြန်းတော့မှ ဟိုးးး ရှေ့နားလောက်မှာလို့ ပြောပါတယ်။ အဲ့ဒီ ကောင်မလေးကို ကျေးဇူးတင်ပါတယ် ဘာညာပြောလို့ ရှေ့ဆက်လာကြတာပေါ့။ သူကပြောသာ ပြောတာ နံပါတ်တွေကလဲ တဖြည်းဖြည်း ငယ်မသွားပဲ ကြီးမြဲ ကြီးလျက်ပဲ။ ဒါနဲ့ ကားဆရာက “နင့်သူငယ်ချင်းကို ဖုန်းဆက်မေးကြည့်ဦး” ဆိုပြီး ကားခဏရပ်ပေးတယ်။ ညလေးလဲ ညီမလေးဆီ ဖုန်းခေါ်ပြီး ရှာမတွေ့ဘူးပေါ့၊ ဘယ်နားလောက်မှာလဲ လို့ မေးတော့ ဟိုနား ဒီနားလို့တော့ ပြောရှာပါတယ်။ ဒါလဲ ကားဆရာက နားလည်တော့ သူက ရှာမတွေ့လဲ သူ့အိမ်လိပ်စာ ပို့ပေးလိုက်မယ်လို့ ပြောပြီး ဖုန်းချသွားရော။

ညလေးလဲ ကားဆရာကို ညီမလေးပြောတဲ့ ဟိုနားမှာ ဒီနားမှာလို့ ပြောတော့ သူနားမလည်တာနဲ့ ရှေ့ပဲ ဆက်သွားလိုက်ပါလို့ ပြောပြီး၊ ကားကို ဆက် မောင်းလာလိုက်တာ ကွေ့နားလေးလဲ ရောက်ရော “ဟာ ဟိုမှာပဲ ရောက်ပြီ ရောက်ပြီ” လို့ အားရ၀မ်းသာ ထအော်လိုက်တဲ့ ညလေးအသံကို ကြားလိုက်ရပါတော့တယ်။
*****
ဒါကတော့ ညလေးရဲ့ တစ်မနက် ခရီးစဉ်လေးပါ၊ နောက်ပို့စ်မှာ ဘုန်းကြီးကျောင်း ရောက်သွားတာနဲ့ ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေကို တင်ပေးပါ့မယ်နော်။
သူငယ်ချင်းများ အားလုံးပဲ နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းများနဲ့ ပြည့်စုံပြီး လိုရာခရီးကို အရောက် လျှောက်လှမ်းနိုင်ကြပါစေနော်....

ပျော်ရွှင်စရာ မြန်မာနှစ်သစ်ကူး သင်္ကြန်ပါနော်....
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Apr 11, 2009

ခဏခဏပျက်တဲ့ ဘလော့ဂ်

ညလေးရဲ့ ဘလော့ဂ်ကို အရင်ဘလော့ဂ် အိပ်မက်ဒိုင်ယာရီ ကို ၀င်ဖတ်မယ့် သူငယ်ချင်းတွေ အားလုံး ၀င်မရတော့တဲ့အတွက် ဘာလို့လဲဆိုပြီး တွေးနေကြမယ်။ ညလေး ဘလော့ဂ် ရေးရတာကို စိတ်မကုန်သေးဘူးလို့ ပြောချင်ပါတယ်။ ကိုယ်တိုင်က စိတ်မကုန် သေးသရွေ့တော့ ဘယ်သူတွေ ဘယ်လောက် ဖျက် ဖျက် ဘလော့ဂ်ရေးတာကို မရပ်ဘူးလို့ မှတ် (တနင်္ဂနွေသမီး စိတ်ကြီးတယ်နော်... ခိ)။ သို့သော် ညလေးရဲ့ ဘလော့ဂ်ကို လူ တစ်ယောက် ဖျက်လိုဖျက်ဆီး လုပ်နေတယ်လို့ ထင်တယ်၊ ဖျက်ဆီးလို့လဲ ပြီးသွားပြီလေ။

ဘာလို့လဲ ဆိုတော့ ပထမဆုံး မတ်လ ၃၀ ရက်နေ့က အီးမေးလ်ရော ဘလော့ဂ်ပါ ၀င်မရဘူး၊ အဲ့ဒီနောက် ညလေး ဖာသာ ကြိုးစားပြီး အဲ့ဒီဘလော့ဂ်ကို ပြန်ရအောင် လုပ်ယူထားခဲ့တယ်။ ညလေးက ရှိသမျှ ပို့စ်တွေကို BackUp လုပ်ပြီးပေမယ့်။ အကောင့်ရဲ့ Security Question ကို ပေးဖို့မေ့သွားပြီး အကောင့်ရဲ့ Secondary Mail ကိုပဲ ပြောင်းဖြစ်သွားတယ်။

ဒါနဲ့ပဲ မေးလ်အကောင့်ကို ၀င်လို့ ရနေတဲ့ ရက်တွေမှာ ပို့စ်တွေ အကုန်ယူ ဘလော့ဂ်လေးတော့ ထပ် မပျက် လောက်တော့ပါဘူးလေ ဆိုပြီး ဘလော့ဂ်ထဲကို ဒီ့ပြင်ဟာတွေ ထပ်ထည့်၊ Feed Burner Link တွေ ပြင်လဲပြီးရော ဧပြီလ ၇ ရက်နေ့က စလို့ ထပ် ၀င်မရတော့ပြန်ဘူး။ ဒီတစ်ခါတော့ အီးမေးလ် အကောင့်ကိုပါ တစ်ခါတည်း Delete လုပ်လိုက်တာပါ၊ အတော် မိုက်ရိုင်းတယ်လို့ ထင်ပါတယ်၊ လူလိုလဲ မသိတတ်ဘူး

အတော်လေးတော့ စိတ်ညစ်ပါတယ် ဘာလို့များ ကျမရဲ့ ဘလော့ဂ်ကိုမှ လာပြီး လုပ်ချင်ရတာလဲ? ကျမက ကိုယ့်ဖာသာ နေတာပါ။ ဘယ်သူ့မှလဲ ဘာမှ မပြောမိဘူး မစော်ကားပါဘူး၊ ကျမကို လာမထိသရွေ့ အေးအေး နေတတ်တဲ့ ကျမရဲ့ ပင်ကိုယ်စိတ်က အဖြူထည်ပါ၊ ကိုယ့်စိတ်ကို ဖြူအောင် ထားချင်တယ်၊ တတ်နိုင်သလောက် ဒေါသ မထွက်ဘူး၊ မထွက်မိအောင်လဲ ထိန်းတယ်။

ပထမတစ်ခါ ဘလော့ဂ်ကို ၀င်မရတုန်းက မျက်ရည်တောင် လည်မိတယ်၊ အလုပ် လုပ်ချင်စိတ်လဲ ပျောက်သွားတယ်၊ ခါတိုင်း လုပ်နေကျ အလုပ်တွေ ဘာတစ်ခုမှ မလုပ်ဖြစ်တော့ဘူး။ ၂ နှစ်လုံးလုံး ငါရေးထားခဲ့တဲ့ စာတွေ၊ ငါ့ရဲ့ ကြိုးစား အားထုတ်မှုတွေဟာ မကောင်းတဲ့လူ တစ်ယောက်ရဲ့ ယုတ်မာတဲ့ စိတ်ကြောင့် ပျက်ရတော့မှာလားဆိုပြီး မခံချင်စိတ်ကြောင့် မရ ရအောင် ပြန်ယူမိတယ်။ နောက်တစ်ခါ ပျက်ခဲ့သည် ရှိသော်ဆိုပြီး အကုန်လုံးနီးပါး ရအောင် ယူထားလိုက်ပေမယ့် အသစ်တစ်ခုလဲ အစပျိုး ထားလိုက်တယ်လေ။ ဒီလိပ်စာ အသစ်ကို ဘယ်သူမှ မသိသေးတော့ သိအောင် လုပ်ယူရဦးမယ်။ ကျမရဲ့ဘလော့ဂ် အဖျက်ခံရတာ “အိပ်မက်ဒိုင်ယာရီ ဘလော့ဂ်” နဲ့ဆို ၂ ခုရှိသွားပါပြီ။ ပထမဆုံးတစ်ခုက “ပန်ဒါလေးရဲ့ ဘလော့ဂ်” ပါ။

အဲ့ဒီလိုမျိုး ကျမကိုမှ ဘလော့ဂ်လောကက ပျောက်စေချင်တဲ့အတွက် ဘလော့ဂ် ရေးသားခြင်းကို လုံးဝရပ်ဆိုင်းမှာ မဟုတ်တဲ့အပြင် ဒီ့ပြင် ပို့စ်တွေလဲ ထပ်တင်ပေးဦးမှာလို့ အသိပေးပါတယ်။

ဟုတ်ကဲ့ တစ်ခုသွားရင် ၂ ခုလာမှာပါ။ ၂ ခုသွားရင်တော့ ၄ ခုလောက် ထပ်ဖြစ်ချင် ဖြစ်သွားပါလိမ့်ဦးမယ်လို့ ပြောထားလိုက်ပါတယ်။
သြော်... လောကကြီးမှာ အဖျက်သမားတွေ အတော်များပါလားနော်... (တရားရတဲ့ လေသံနဲ့) :P
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Apr 6, 2009

ဒေါသ

ဒေါသဆိုတာ ပူလောင်တဲ့ အရာမျိုးပါ၊ ဘယ်သောအခါမှ ကိုယ့်ဆီကို အလာမခံပါနဲ့။ အထူးသဖြင့် ကိုယ့်စိတ်ကို ဒေါသတွေနဲ့ ဖုံးလွှမ်းမသွားပါစေနဲ့။

ဘုန်းဘုန်း ဦးဆေကိန္ဒ ဟောသွားခဲ့တာက
“ဧည့်သည် ဆိုတာမျိုးက အိမ်ရှင်ဖိတ်မှ အိမ်ထဲကို ၀င်လာရဲတာပါ၊ ကိုယ်က လက်မခံရင် ဘယ်ဧည့်သည်မှ ကိုယ့်ဆီကို မလာရဲသလိုပဲ ဒေါသ ဆိုတာကိုလဲ ကိုယ့်ဆီကို အလာမခံပါနဲ့၊ ကိုယ့်စိတ်ကို ဒေါသတွေနဲ့ စွန်းထင်းအောင်၊ ပူလောင်အောင် မလုပ်ကြပါနဲ့။ ဒေါသဟာ ကိုယ့်စိတ်ကို နိုင်သွားပြီဆိုရင် ကိုယ်ကိုယ်တိုင် ပူလောင် လာသလို တစ်ပါးသူကိုလဲ ကူးစက် ပူလောင်စေပါတယ်။ ဒေါသစိတ်ကြောင့် တစ်ပါးသူကို ရိုက်နှက်မိတယ်၊ ကိုယ်ပိုင်ပစ္စည်းတွေ ရိုက်ခွဲ၊ လွှင့်ပစ်လိုက်တယ် ဆိုရင် ကိုယ်ပဲ ဆုံးရှုံးနစ်နာမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒေါသကို မိမိဆီ အလာမခံကြပါနဲ့”
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Apr 3, 2009

ဘလော့ဂ်လိပ်စာအသစ်

ညလေးရဲ့ ဘလော့ဂ်ကို (၃၀) ရက် မတ်လ ၂၀၀၉ နေ့ကစပြီး ၀င်မရတော့ပါဘူး။ ညလေးရဲ့ ဂျီမေးလ် အကောင့်ပါ ၀င်မရတော့တာပါ။ ညလေးရဲ့ အကောင့်ကို Password မှားတယ်ဆိုရင်လဲ ဘလော့ဂ်ကို ၀င်လို့ရနေမှာ ဖြစ်ပြီး၊ ခုဟာကတော့ ဘလော့ဂ်ရဲ့ Permision ကိုပါ ပိတ်လိုက်တာ ဖြစ်လို့ ညလေးရဲ့ ဘလော့ဂ်ကို လုံးဝ ၀င်ပြီး ဖတ်လို့မရတော့ပါဘူး။ ပြီးတော့ Reader တွေနဲ့ပါ ဖတ်လို့ မရတော့တာပါ။ အဲ့သလိုမျိုး သူတစ်ပါးရဲ့ ကြိုးစား အားထုတ်ထားတဲ့ အလုပ်တစ်ခုကို ဖျက်လိုဖျက်ဆီး လုပ်တတ်ကြတဲ့ လူ့ဗာလ တွေကို ညလေးက ဘာမှ မပြောချင်တော့ပေမယ့် ညလေးရဲ့ ဘလော့ဂ်လေးကိုတော့ နှမြောမိပါတယ်။ သို့သော် အဲ့ဒီလူတွေကလဲ သူတို့ရဲ့ အကုသိုလ်နဲ့ သူတို့ သွားကြရမှာဖြစ်လို့ ဘယ်သူလဲ ဘယ်ဝါလဲလို့ မစုံစမ်းတော့ပါဘူး။ ညလေးရဲ့ တန်ဖိုးရှိလှတဲ့ အချိန်တွေကိုလဲ သူတို့ကို အမုန်းပွားနေပြီးတော့ မကုန်ဆုံးစေချင်ဘူး။

ညလေးရဲ့ တန်းပလိတ် (Template) ကိုတော့ ဟိုတစ်နေ့ကမှ Download လုပ်ထားမိလို့ တော်သေးတယ် ပြောရမယ်။ တန်းပလိတ်လေး ပြန်မြင်ရတာနဲ့ ဘလော့ဂ်လေးကို အလွမ်းပြေစေပါတယ်။ တန်းပလိတ်ကလဲ ပြောင်းမယ်လို့ ရည်ရွယ်ထားပေမယ့် ဒါလေးကို ကြိုက်နေတော့လဲ မပြောင်းဖြစ်ပြန်ဘူး ဖြစ်နေတာ။

ခု ညလေးရဲ့ ဘလော့ဂ် လိပ်စာ အသစ်ကတော့ http://nya-lay.blogspot.com ဖြစ်ပြီး၊ အရင် ပို့စ် အဟောင်းတွေကို တဖြည်းဖြည်းနဲ့ ပြန်တင်သွားမှာပါ။ ပြီးခဲ့တဲ့လက ရေးထားခဲ့တဲ့ ပို့စ်အသစ် တစ်ချို့ကိုလဲ ပြန်တင်ပေးပါမယ်။ လုံးဝ မရနိုင်တော့တဲ့ ပို့စ်တွေကိုတော့ လက်လျော့လိုက်ပါတော့မယ်။ ဒါတွေအားလုံးက တရားသဘောနဲ့ ကြည့်ရင် သင်္ခါရတရား တွေပဲလေ ဟုတ်ဘူးလား (ဟိ)။

သူငယ်ချင်းများ အားလုံးပဲ ဒီနေ့တော့ ဘိုင့်ဘိုင်ပါနော်၊ နောက်နေ့တွေမှ ညလေးရဲ့ လက်ရာတွေကို ဆက်လက် အားပေးကြပါလို့ ဘလော့ဂ် ဖွင့်ပွဲနဲ့တကွ ညလေးက နောက်ရက်တွေမှာ ဟင်းမျိုးစုံနဲ့ ဧည့်ခံပါမယ်လို့ ကြိုတင် ပြောရင်းနဲ့ တလက်စတည်း ဖိတ်ကြား လိုက်ပါတယ်နော်။
*****

ဆက်လက်ဖတ်ရှုရန်...>>>>

 
Looking for something? Try :::