NyAlAy
အချိန်ပေး၍ လာရောက်ဖတ်ရှုသူများကို ကျေးဇူး အထူးတင်ရှိပါတယ်။ နှစ်သစ်မှာ ပျော်ရွှင် ငြိမ်းချမ်းကြပါစေ....

Apr 17, 2009

နှစ်ဦးအလှူ

ဧပြီလ (၁၆) ရက် သင်္ကြန်အတက်နေ့က ညလေးတို့ဆီမှာ သံဃာတော်ကို အာရုံဆွမ်း ကပ်လှူပါတယ်။ ပင့်တာတော့ (၃)ပါးပါ၊ သို့သော် ဘုန်းဘုန်းက ကျောင်းမှာ ကိုယ်တော်တွေ မအားတဲ့အတွက် ဘုန်းဘုန်း တစ်ပါးပဲ ကြွလာပါတယ်၊ “Puchong ဓမ္မရောင်ခြည်ကျောင်း” ကပါ။ ဘုန်းဘုန်းကို ကပ်ဖြစ်တဲ့ ဆွမ်းဟင်းတွေက ပုဇွန်ဆီပြန်၊ ဇရစ်ရိုးကြော်၊ အစိမ်းကြော်၊ ပဲပြုတ်ကြော် (မြန်မာဆိုင်အလှူ)၊ သီးစုံပဲကုလားဟင်းရည်၊ ၀က်သားအချိုချက်၊ ကြက်သားဆီပြန်၊ ဆိတ်သားဆီပြန်၊ ငပိကြော် တို့နဲ့ ကပ်ပါတယ်။ ဒီထဲမှာ ညလေးကိုယ်တိုင် ချက်တဲ့ ဟင်းတွေပါ ပါတယ်။ နောက်ပို့စ်တွေမှ တင်ပါ့မယ်နော်။
ဘုန်းဘုန်းကို အာရုံဆွမ်း ကပ်မယ်ဆိုတော့ မနက်ကို အစောကြီး ဆွမ်းဟင်း ထချက်ရပါတယ်၊ ညလေး (၅)နာရီလောက် ထပါတယ်၊ ညလေးချက်ရမယ့် ဆွမ်းဟင်းတွေက ပုဇွန်အချိုကြော်၊ ဇရစ်ရိုးကြော်ရယ် အစိမ်းကြော် ရယ်ပါ။ အသီးအရွက်တွေ အကုန်လုံးက ညတည်းက အဆင်သင့် လုပ်ပြီးသားတွေ ဆိုတော့ မနက်ကို ချက်ယုံပါပဲ၊ သို့သော် ဇရစ်ရိုးကတော့ ညလေးကိုယ်တိုင် သင်ပါတယ်။ သီးစုံဟင်းကိုလဲ အစ်ကိုတစ်ယောက်က ချက်တာပါ။ ကျန်ဟင်းတွေကတော့ မြန်မာဆိုင်က Order မှာပါတယ်။ ဧည့်သည်တွေလဲ ဖိတ်ထားတော့ အားလုံး လူအယောက် (၁၀၀)စာလောက်ပါ။ အချိုပွဲကတော့ တတ်နိုင်သလောက်လေး လက်လှမ်း မီသလောက်လေး ကပ်ဖြစ်ပါတယ်။ ပြီးတော့ ၀တ္ထုငွေနဲ့တကွ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် လှူဖြစ်ပါတယ်။

ဒီအလှူကို သူငယ်ချင်းတို့ အားလုံးကိုပါ အမျှပေးပါတယ်နော်.. အားလုံး ညလေးနဲ့အတူ အလှူရဲ့ အဖို့ဘာဂကို အမျှရပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ ရှိကြပါစေ....

ဘုန်းဘုန်းက ပဲပြုတ်ကြိုက်တဲ့အတွက် မြန်မာဆိုင်က တကူးတက လာလှူတာပါ၊ ပထမဆုံးတစ်ခါ ဘုန်းဘုန်းကို ဆွမ်းကပ်တုန်းကလဲ ညလေးတို့ ကိုယ်တိုင် ချက်ရပါတယ်။ ဒုတိယတစ်ခါလဲ ညလေး လက်စွမ်းပြလိုက်တာ ဘုန်းဘုန်းကတောင် “ဒီအိမ် တယ်ဟင်းချက် ကောင်းဆိုပဲ” အဲ့တုန်းကလဲ ညလေးလက်ရာ ဘုန်းဘုန်းကို ကျွေးချင်လွန်းလို့ အရွက်ကြော် စဉ်းစားလိုက်တော့ ဇရစ်ရိုးကြော်၊ ငါးပေါင်း၊ ပုဇွန်ချက်၊ ကန်စွန်းပလိန်း။ ဘုန်းဘုန်းက ဇရစ်ရိုးကြော်ကို တန်းမေးပါတယ် “ဘာလဲတဲ့” တစ်ခါတည်း ကြိုက်သွားတယ် (ခိ တော်တာနော်)၊ ငါးပေါင်းက ဒီတစ်ခါ ထပ်ပေါင်းပေးမလို့ဟာ ငါး(ကကတစ်) ၀ယ်မရတာနဲ့ မပေါင်းလိုက်ရဘူး။

ဒီ ၂၀၀၉ ခုနှစ်မှာ ဘုန်းဘုန်းကို ဆွမ်းကပ်တာ (၃)ကြိမ်ရှိပါပြီ၊ အရင် (၂)ခါက အလုပ်ထဲက သူငယ်ချင်းတစ်ယောက် ဆုံးသွားလို့ ရက်လည်နဲ့ တစ်လပြည့်ဆွမ်း ကပ်တာပါ။

ဘုန်းဘုန်းရဲ့ ကျောင်းကို မရောက်ဖူးပေမယ့် ဘုန်းဘုန်းနဲ့တော့ ခဏခဏ ဆုံဖြစ်ပါတယ်၊ မြန်မာဆိုင်က ဆွမ်းကပ်လဲ ညလေးနားရက်နဲ့ ကြုံရင် တရား သွားနာပါတယ်။ ဘုန်းဘုန်းက “နာဂစ်” တိုက်ပြီးတော့ မြန်မာပြည်ထိ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းခဲ့တာပါ။ နာဂစ်ခရီး အတွေ့အကြုံကို စာအုပ်ရိုက်ပြီး ဘုန်းဘုန်းက ပြည်လည် လှူဒါန်းပါတယ်။ ညလေး ဖတ်ပြီး မျက်ရည်လည်အောင် ၀မ်းသာရတယ်၊ ဘုန်းဘုန်းရဲ့ ကိုယ်တွေ့ အတွေ့အကြုံက ဆိုးဝါးလှတဲ့ မြန်မာပြည်ကို ကိုယ်တိုင် သွားရောက်ရသလိုပဲ ထင်မှတ်ရလို့ပါ။

စကားချပ်။ ။ အဲ့ဒီနေ့ တစ်နေ့လုံး ညလေးတစ်ယောက် အိပ်ချင် နေပါတော့တယ်ဗျာ.... အလုပ်ထဲမှာ အားရပါးရ အိပ်လိုက်တာပေါ့ ဘာရမလဲ။
*****

4 comments:

မယ့်ကိုး said...

သာဓုသုံးကြိမ်ခေါ်မယ်နော်...ညလေး..

MoeThwayNge said...

တော်လိုက်တာ ညလေးရေ..ဘုန်းဘုန်းတော့
ဘုန်းပေးရတာ ကောင်းမကောင်း မသိဘူး
ဖတ်ကြည့် ရုံနဲ့တင် ..(ရှလွတ)်...သွားရေ ကျတာ..မရဘူး ဘလောက်ဂါ တွေ့ဆုံပွဲကြရင် ချက်ကြွေးနော်..ဟာ။ အလှူအတွက် သာဓုခေါ်ပါတယ်။

kiki said...

သာဓု ၃ကြိမ်ခေါ်ပါ၏ ။ ညလေးက စောစောစီးစီးမဖိတ်တော့ ဘုန်းကြီးပွဲမှာ ပန်းကန်ဆေးပေးဖို့ တောင် မမှီတော့ဘုး ။နောက်တခါဆို စောစော အကြောင်းကြားနော့ ။

ညလေး said...

မင်္ဂလာနှစ်သစ်ပါ မယ်ကိုးးးး

ကိုလတ်ရေ ဘလော့ဂါတွေ တွေ့ကြရင် ချက်ပြုတ်ဖို့သာ စီစဉ်လိုက်ပါ အကူတွေပါ ခေါ်ထားနော့ ညလေးက ချက်ဖို့တော့ တာဝန်ယူပါတယ်။

ကိကိလေးးး
နောက်ဆို အစောကြီး အကြောင်းကြားမယ်လေ နော်...
ခုတော့ ခွင့်လွှတ်..

 
Looking for something? Try :::