NyAlAy
အချိန်ပေး၍ လာရောက်ဖတ်ရှုသူများကို ကျေးဇူး အထူးတင်ရှိပါတယ်။ နှစ်သစ်မှာ ပျော်ရွှင် ငြိမ်းချမ်းကြပါစေ....

Apr 11, 2009

ခဏခဏပျက်တဲ့ ဘလော့ဂ်

ညလေးရဲ့ ဘလော့ဂ်ကို အရင်ဘလော့ဂ် အိပ်မက်ဒိုင်ယာရီ ကို ၀င်ဖတ်မယ့် သူငယ်ချင်းတွေ အားလုံး ၀င်မရတော့တဲ့အတွက် ဘာလို့လဲဆိုပြီး တွေးနေကြမယ်။ ညလေး ဘလော့ဂ် ရေးရတာကို စိတ်မကုန်သေးဘူးလို့ ပြောချင်ပါတယ်။ ကိုယ်တိုင်က စိတ်မကုန် သေးသရွေ့တော့ ဘယ်သူတွေ ဘယ်လောက် ဖျက် ဖျက် ဘလော့ဂ်ရေးတာကို မရပ်ဘူးလို့ မှတ် (တနင်္ဂနွေသမီး စိတ်ကြီးတယ်နော်... ခိ)။ သို့သော် ညလေးရဲ့ ဘလော့ဂ်ကို လူ တစ်ယောက် ဖျက်လိုဖျက်ဆီး လုပ်နေတယ်လို့ ထင်တယ်၊ ဖျက်ဆီးလို့လဲ ပြီးသွားပြီလေ။

ဘာလို့လဲ ဆိုတော့ ပထမဆုံး မတ်လ ၃၀ ရက်နေ့က အီးမေးလ်ရော ဘလော့ဂ်ပါ ၀င်မရဘူး၊ အဲ့ဒီနောက် ညလေး ဖာသာ ကြိုးစားပြီး အဲ့ဒီဘလော့ဂ်ကို ပြန်ရအောင် လုပ်ယူထားခဲ့တယ်။ ညလေးက ရှိသမျှ ပို့စ်တွေကို BackUp လုပ်ပြီးပေမယ့်။ အကောင့်ရဲ့ Security Question ကို ပေးဖို့မေ့သွားပြီး အကောင့်ရဲ့ Secondary Mail ကိုပဲ ပြောင်းဖြစ်သွားတယ်။

ဒါနဲ့ပဲ မေးလ်အကောင့်ကို ၀င်လို့ ရနေတဲ့ ရက်တွေမှာ ပို့စ်တွေ အကုန်ယူ ဘလော့ဂ်လေးတော့ ထပ် မပျက် လောက်တော့ပါဘူးလေ ဆိုပြီး ဘလော့ဂ်ထဲကို ဒီ့ပြင်ဟာတွေ ထပ်ထည့်၊ Feed Burner Link တွေ ပြင်လဲပြီးရော ဧပြီလ ၇ ရက်နေ့က စလို့ ထပ် ၀င်မရတော့ပြန်ဘူး။ ဒီတစ်ခါတော့ အီးမေးလ် အကောင့်ကိုပါ တစ်ခါတည်း Delete လုပ်လိုက်တာပါ၊ အတော် မိုက်ရိုင်းတယ်လို့ ထင်ပါတယ်၊ လူလိုလဲ မသိတတ်ဘူး

အတော်လေးတော့ စိတ်ညစ်ပါတယ် ဘာလို့များ ကျမရဲ့ ဘလော့ဂ်ကိုမှ လာပြီး လုပ်ချင်ရတာလဲ? ကျမက ကိုယ့်ဖာသာ နေတာပါ။ ဘယ်သူ့မှလဲ ဘာမှ မပြောမိဘူး မစော်ကားပါဘူး၊ ကျမကို လာမထိသရွေ့ အေးအေး နေတတ်တဲ့ ကျမရဲ့ ပင်ကိုယ်စိတ်က အဖြူထည်ပါ၊ ကိုယ့်စိတ်ကို ဖြူအောင် ထားချင်တယ်၊ တတ်နိုင်သလောက် ဒေါသ မထွက်ဘူး၊ မထွက်မိအောင်လဲ ထိန်းတယ်။

ပထမတစ်ခါ ဘလော့ဂ်ကို ၀င်မရတုန်းက မျက်ရည်တောင် လည်မိတယ်၊ အလုပ် လုပ်ချင်စိတ်လဲ ပျောက်သွားတယ်၊ ခါတိုင်း လုပ်နေကျ အလုပ်တွေ ဘာတစ်ခုမှ မလုပ်ဖြစ်တော့ဘူး။ ၂ နှစ်လုံးလုံး ငါရေးထားခဲ့တဲ့ စာတွေ၊ ငါ့ရဲ့ ကြိုးစား အားထုတ်မှုတွေဟာ မကောင်းတဲ့လူ တစ်ယောက်ရဲ့ ယုတ်မာတဲ့ စိတ်ကြောင့် ပျက်ရတော့မှာလားဆိုပြီး မခံချင်စိတ်ကြောင့် မရ ရအောင် ပြန်ယူမိတယ်။ နောက်တစ်ခါ ပျက်ခဲ့သည် ရှိသော်ဆိုပြီး အကုန်လုံးနီးပါး ရအောင် ယူထားလိုက်ပေမယ့် အသစ်တစ်ခုလဲ အစပျိုး ထားလိုက်တယ်လေ။ ဒီလိပ်စာ အသစ်ကို ဘယ်သူမှ မသိသေးတော့ သိအောင် လုပ်ယူရဦးမယ်။ ကျမရဲ့ဘလော့ဂ် အဖျက်ခံရတာ “အိပ်မက်ဒိုင်ယာရီ ဘလော့ဂ်” နဲ့ဆို ၂ ခုရှိသွားပါပြီ။ ပထမဆုံးတစ်ခုက “ပန်ဒါလေးရဲ့ ဘလော့ဂ်” ပါ။

အဲ့ဒီလိုမျိုး ကျမကိုမှ ဘလော့ဂ်လောကက ပျောက်စေချင်တဲ့အတွက် ဘလော့ဂ် ရေးသားခြင်းကို လုံးဝရပ်ဆိုင်းမှာ မဟုတ်တဲ့အပြင် ဒီ့ပြင် ပို့စ်တွေလဲ ထပ်တင်ပေးဦးမှာလို့ အသိပေးပါတယ်။

ဟုတ်ကဲ့ တစ်ခုသွားရင် ၂ ခုလာမှာပါ။ ၂ ခုသွားရင်တော့ ၄ ခုလောက် ထပ်ဖြစ်ချင် ဖြစ်သွားပါလိမ့်ဦးမယ်လို့ ပြောထားလိုက်ပါတယ်။
သြော်... လောကကြီးမှာ အဖျက်သမားတွေ အတော်များပါလားနော်... (တရားရတဲ့ လေသံနဲ့) :P
*****

3 comments:

ဆန်းဝင်း said...

အခြေနေက တော်တော် ဆိုးတာပဲ.. ကိုယ်သာဆို ဒေါသထွက်လို့ကို ဆုံးမှာမဟုတ်ဘူး.. ကိုယ်ချင်းစာပါတယ်..

ခင်မင်းဇော် said...

ခုမှ လာဖတ်ဖြစ်တယ် ဒ့ါကြောင့် အိပ်မက်ဒိုင်ယာရီကို ရီဒါက ဖတ်တာ မပေါ်တော့တာကိုး။ ညလေး ဘလော့ဆိုတော့ ညလေး ရှိရက်နဲ့ နောက်တယောက်လားဆိုပြီး လာဖတ်တော့မှ ညလေးမှ သိတော့တယ်။ ဘလော့ဖျက်တဲ့လူကို ရော သိသလား။ စိတ်ညစ်စရာပဲနော်။ ဘယ်လိုလုပ်ရပါ့။

ညလေး said...

ကျေးဇူးပါ ကိုဆန်းဝင်း မင်္ဂလာနှစ်သစ်ပါနော်၊ ဒီ့ထက်ဆိုးတာတွေတော့ မရေးတော့ဘူး ဖတ်တဲ့သူတွေ စိတ်ညစ်မှာစိုးလို့။

မင်္ဂလာနှစ်သစ်ပါ မခင်မင်းရေ... အရောက်လာခဲ့တာ ကျေးဇူးပါနော်... ဖြစ်တုန်းကတော့ အတော်လေး ညစ်သွားတာပေါ့ အစ်မရယ်.. :(

 
Looking for something? Try :::