
ဒါက ဘာရိုးလဲတော့ မသိပါ (သိတဲ့သူရှိရင် ပြောသွားပေးကြပါ)၊ ညလေး သိတာတော့ ဇရစ်ရိုးလို့သိတယ်၊ ဒါကလဲ သူများတွေ ကြော်တာစားပြီး ကြိုက်လို့ မေးကြည့်တော့ ဇရစ်လို့ ပြောလို့ပါ။ ခုတော့ ကျမ သိသွားပြီ
“ကညွတ်ရိုး” ပါတဲ့ရှင်... (ငါကွ... ဟိ)
ပုလုကွေးနဲ့ စူးနွယ်က
“ဖလံတောင်ဝှေး” လို့ ပြောတယ်။ သို့သော် ညလေးသိတဲ့
“ဖလံတောင်ဝှေး”က ထိပ်ပိုင်းလောက်မှာ အပြင်က အရွက်လို အဖတ်တွေ ပါတယ်၊ အဲ့ဒါတွေ ဖယ်ရသေးတယ်၊ အဖူးမပါဘူး၊ အရိုးလဲ သူ့ထက် နည်းနည်း ပိုကြီးတယ်၊ ဖလံတောင်ဝှေးက အမျှင်ပိုများပါတယ်။ ခုအရိုးက အနံ့အနည်းငယ် ထူးပါတယ်၊ ဖလံတောင်ဝှေးက အိမ်မှာ အမြဲ ကြော်စားဖြစ်လို့ မဟုတ်ဘူး ပြောတာပါ။ သို့သော် သူ့ကိုလဲ ဒီလိုခေါ်တယ်ဆိုတော့ အားလုံး သိတဲ့အတိုင်းပဲပေါ့။
စီဘောက်စ်မှာ ခိုင်စိုးလင်းက
“ကညွတ်” လို့ပြောတယ်။
“ကညွတ်” တော့ ညလေး မမြင်ဖူးပါ။
ညလေးဝယ်တာ သန့်ပြီးသားပေမယ့် အောက်နားက နည်းနည်း ရင့်တာတွေ ပါသွားမှာ စိုးလို့ ဓါးနဲ့ အနည်းငယ် လှီးထုတ် ပါသေးတယ်၊ ရင့်လားမရင့်လား ဟင်းချက်နေကြ ၀ါရင့်တွေကတော့ သိပါတယ်နော်။ :P
ပြီးတော့ ရေစင်အောင် အရင်ဆေးပြီးမှ အနည်းငယ် ထု (ဓါးပြားရိုက်) ပါမယ်။ ထုပြီးမှ ဆေးမယ်ဆိုရင် ကြော်တဲ့ခါမှာ ရေတွေ ထွက်လာမှာစိုးလို့။ အရိုးတွေ ဖြစ်တဲ့အတွက် ထုလိုက်တဲ့ခါ အချို၊ အငန် အရသာ ၀င်သွားအောင်ပါ။
ပုဇွန်အနည်းငယ် အသင့်ပြန်ထားပါ (ပုဇွန်ခြောက်သုံးချင်လဲ ရပါတယ်နော်)၊ ကြက်သွန်နီ အနည်းငယ် လှီး၊ ကြက်သွန်ဖြူ ထောင်းထားပါ (လိုသလောက်ပေါ့နော၊ ညလေးလဲ မှန်းထည့်ပါတယ်)။ ဒယ်အိုးကို ပူအောင်ထား ဆီထည့် နနွင်းအနည်းငယ်ထည့် ဆီပူရင် ထည့်တဲ့ နနွင်းက ဆူလာပါတယ်နော်။ ကြက်သွန်နီကို အရင်ကြော်ပါ၊ ညိုလာရင် အဖြူထည့်၊ အနံ့မွှေးလာရင် ပုဇွန်ထည့်ပြီး ခဏမွှေပေးပါနော်၊ ပုဇွန်တွေ ကျက်လောက်ပြီဆိုမှ “ကညွတ်ရိုး” ကို ထည့်မွှေပြီး ခဏအုပ်ထားပေးပါ။ ခဏကြာရင် သူ့ဖာသာ ရေအနည်းငယ် ထွက်လာပါတယ်နော်၊ နူးလောက်ပြီဆိုရင် အချို၊ အငန်ထည့် မွှေပြီး အိုးပေါ်က ချလို့ရပါပြီနော်၊ အနံ့အရသာ ရှိလှတဲ့ “ကညွတ်ရိုး” ဟင်းတစ်ခွက် ရမှာပါ။
ပုံထဲမှာ ပုဇွန်တွေ မြင်ရမှာ မဟုတ်ပါဘူး၊ အရွက်ကြော်ဖြစ်လို့ ညလေးက ပုဇွန်တွေကို ထပ်ပိုင်း လှီးလိုက်ပါတယ်နော်၊ အရွက်ကို ဦးစားပေးတာပါ။ ဒီ့ပြင်တွေမှာ ချက်တာ မြင်ဖူးပါတယ်၊ သားဟင်း၊ ငါးဟင်းတွေ ပါတဲ့အပြင် အရွက်ကြော်တွေထဲမှာ ပုဇွန် အကောင်လိုက်တွေ အသားတုံးတွေ ထည့်ထားတော့ အရွက်ကြော်နဲ့ မတူတော့တာတွေ အများကြီးပါ။ ညလေးကတော့ အသားဟင်းစားရင် အသားဟင်း အရသာ၊ အရွက်ကြော်ရင် အရွက်ကြော်အရသာ ထွက်မှ ကြိုက်ပါတယ်။
*****
မြည်းသွားကြပါဦးနော် ဘုန်းဘုန်းကို ကပ်ဖြစ်တဲ့ “ကညွတ်ရိုး” ကြော်။
*****
ဒီပို့စ်မှာ ညလေး မသိတာကို ၀ိုင်းဝန်း ပြောပြပေးကြတဲ့ အစ်ကို၊ အစ်မများ နှင့် သူငယ်ချင်းများကို ကျေးဇူး တင်ရှိပါတယ်နော်...။*****
ဆက်လက်ဖတ်ရှုရန်...>>>>
ရှိတော့ဘူးကုန်သွားပီ...။