NyAlAy
အချိန်ပေး၍ လာရောက်ဖတ်ရှုသူများကို ကျေးဇူး အထူးတင်ရှိပါတယ်။ နှစ်သစ်မှာ ပျော်ရွှင် ငြိမ်းချမ်းကြပါစေ....

May 1, 2009

MidValley သို့တစ်ခေါက်

ညလေး တစ်ယောက် ပြီးခဲ့တဲ့ (၂၆)ရက်နေ့က Mid Valley Shopping Mall ကို တစ်ယောက်တည်း သွားခဲ့ပါတယ်။ ခိ သွားစတုန်းကတော့ ဟိုကြည့် ဒီကြည့်လောက်ပဲ၊ သို့သော် ဟိုရောက်တော့ နှမခင်ထွေး ညလေး မပြန်နိုင် ဖြစ်သွားပါတယ်။ အကြောင်းကတော့... Mid Valley Megamall Fashion Week 2009 နဲ့ တိုးနေလို့ပါ။
*****
မနက် အိပ်ယာကို (၈)နာရီလောက် ထတယ်၊ မျက်နှာသစ် ကော်ဖီဖျော် သောက်ပြီးတော့ (၉)နာရီက ထိုးသွားရော။ သူငယ်ချင်းဆီ ဘယ်အချိန် လာခေါ်မှာလဲ ဖုန်းဆက်မေး။ ပြီးတော့ ရေချိုး လှလှပြင် (ခိ ဒီပုံပဲ သနပ်ခါး ပါးကွက်ကျားနဲ့ပေါ့)။ သူက (၉)နာရီခွဲလောက် လာခေါ်မယ်တဲ့ ဒါနဲ့ PJ မှာ Camera ၊ Computer နဲ့ အခြား ပစ္စည်းတွေ ဈေးချတယ်လို့ သတင်းစာထဲမှာ တွေ့တည်းက သွားချင်နေတဲ့ နေရာကို သူငယ်ချင်း ကားနဲ့ သွားပါတယ်။ မနက်စာ မစားရသေးလို့ PJ ဈေးနားမှာ Dim sum စားကြပါတယ်။
ပြီးတော့ ညလေးကိုမေးတယ် ဘယ်နားမှာလဲတဲ့ အင်းးး သူတောင် မသိတာ ညလေးက ပိုဝေးးး ပေါ့၊ ပါလာတဲ့ သတင်းစာဖြတ်ပိုင်းကို ယူကြည့်၊ ဟိုဒီ ဖုန်းဆက်နဲ့ အလုပ်ရှုပ်သွားတယ်။ ဒါနဲ့ သွားကြရော.. စမ်းတ၀ါးဝါးနဲ့။
“ဟာ ဟိုမှာ ဟိုမှာ TOTO တွေ့ပြီ၊ ဟာ ကျန်ခဲ့ပြီ ပြန်ကွေ့ ပြန်ကွေ့”
“ဟင် TOTO က ထီဆိုင်လဲ ဟုတ်ဘူးနော်”
“အင်း ဆက်သွား ဟုတ်တယ် ကြော်ငြာနဲ့ တူတူပဲ၊ ရှေ့နားလောက်မှာ ရှိရမယ်”
ရောက်ပါပြီဗျာ၊ လူတွေကတော့ သိပ်မများပါဘူး။ အဲ့ဒီကနေ ညလေး Camera တစ်လုံး ၀ယ်လာတယ် ဆိုပါတော့ဗျာ။ ဒါနဲ့ သူငယ်ချင်းက “ဘယ်သွားဦးမလဲတဲ့”
“ဘယ်သွားရမလဲ သိသေးဘူးဟ” ဆိုတော့ ဘယ်မှ သွားမနေနဲ့တော့တဲ့ ဆိုပြီး အိမ်ပြန်လိုက်ပို့တယ်။ အမှန်က ညလေး ပြန်ချင်မယ်များ ထင်နေလား၊ အဲ့ဒီနေ့က တစ်နေရာရာမှ မသွားရရင် အိပ်ပျော်မှာ မဟုတ်ဘူး၊ သွားမယ်လို့ ဆုံးဖြတ်ထားရင် ရောက်ကို ရောက်ရမှ။ အိမ်ရောက်တော့ ခဏနား ဘယ်သွားရမလဲ စဉ်းစားကြည့်တော့..
*****
သွားချင်တာက KLCC သို့သော် ဝေးတယ်လေ၊ ကားစီးပြီး ရထားတစ်ဆင့် စီးရဦးမှာ ပျင်းပေါ့၊ ဒီတော့ နီးနီးနားနား Mid Valley ပဲ သွားမယ်ဆိုပြီး အိမ်ကနေ (၁)နာရီခွဲလောက်မှာ ထွက် ကားသွားစောင့်၊ ကားက (၁၅)မိနစ်လောက် စောင့်ရတယ်။ ကားလာတော့ ကားပေါ် တက်တာပေါ့နော... ကားခပေးတော့ သူကလဲ(Driver) ကားလက်မှတ်လေး ပြန်ပေးတယ်လေ၊ ညလေးစီးတာ U ကားပါ။ အဲ့ဒီကားတွေက U77, U100, U40 များကြီးရှိတယ် U ပါရင် လက်မှတ် တစ်စောင်တည်းနဲ့ အဲ့ဒီကားတွေကို တစ်နေလုံး စီးချင်တဲ့ကား တက်စီးလို့ရတယ်။ ကားပေါ်မှာ ဟိုငေးး ဒီငေးး နဲ့ အတော်လေး ကြာတော့ ရောက်ရော။

Mid Valley ထဲ ၀င်ဝင်ချင်းမှာ ဘေး တစ်ဖက် တစ်ချပ်ကို လူသွားလမ်းလောက် ချန်ပြီး ကာထားတယ်၊ ဆိုင်ခန်း အသစ် ထပ်တိုးတာလား မသိ ပြင်နေတာ၊ အသက်ရှူရတာ အတော်လေး မွှန်ပါတယ်။ အသက်အောင့်လိုက် လက်နဲ့ အုပ်ပြီး ရှူလိုက်နဲ့ လမ်းက ရှည်တယ်တောင် ထင်ရတယ်။ Shopping Mall ထဲ ၀င်လိုက်တာနဲ့ အေးခနဲဖြစ်သွားတယ်၊ ဘေးတစ်ဖက်စီကို ငေးကြည့်ရင်း ညလေး ရှေ့ကို ဆက်လျှောက်လာတယ်၊ အလယ်လဲရောက်ရော အောက်ထပ်ကို ငုံ့ကြည့်လိုက်တော့ ဟ စတိတ်စင်ပါလား ဘာလုပ်ဖို့ပါလိမ့်ပေါ့။ အဲ့ဒီကနေစပြီး ဓါတ်ပုံကို တစ်ဖျက်ဖျက် ပါလာတဲ့ အသစ်စက်စက် ကင်မရာနဲ့ ရိုက်ပါတော့တယ်။ စတိတ်စင်ကိုတွေ့တော့ အောက်ဆင်းဖို့ လှေကားရှာရတာ ဝေးကြီးပဲ သွားရတာလဲ မောပါ့။ လှေကားက ဟိုဖက်နဲ့ ဒီဖက် ဘယ်ဘက်က ဆင်းဆင်း/တက်တက် အလယ်ရောက်ဖို့ကို ဝေးကြီးလျှောက်ရတယ်။
ကြည့်ရတာတော့ Cat Walk လျှောက်ဖို့ ထင်တာပဲ မော်ဒယ်ရှိုးလား မသိ။ ညလေးက ထောင်ထားတဲ့ ဆိုင်းဘုတ်မြင်ပေမယ့်လဲ ဘာလား ညာလား ၀ိုးတ၀ါးပဲ...


ထောင့်ပေါင်းစုံကနေ ကင်မရာမှာပါတဲ့ အလင်း မျိုးစုံနဲ့ စမ်းပါတယ်၊ စတိတ်စင်ကို ထိုးထားတဲ့ စလိုက်နဲ့ဆိုတော့ အနည်းငယ် လှတပတပေါ့။
စတိတ်စင်ကို ရိုက်လို့အားရတော့ ရှေ့ဆက်လျှောက်တယ် ဒါလေး တွေ့တော့လဲ ရိုက်လိုက်တာပဲ။ Secret Garden ဆိုပြီး Body Spa လိုမျိုး အလှကုန်တွေ မိတ်ဆက်တယ် ထင်တာပဲ တစ်ချို့တွေလဲ ၀င်ပြီး စပ်စုနေလေရဲ့။

ဒါလဲ အလှကုန်ပဲ ထင်ပါတယ်၊ ပန်းနုရောင်လေး လှလို့ တစ်ကလစ်...
ညလေး လျှောက်ကြည့် ဟိုဝယ်ဒီဝယ်နဲ့ အလယ်နား မရောက်ခင်မှာ စကားပြောသံ ကြားရလို့ မော်ဒယ်ရှိုး ပြီးလို့ နောက်တစ်ခု စပြီပါတယ်တဲ့။ ညလေး သွားကြည့်တော့ လူတွေ များမှများ၊ တိုးမပေါက်ဘူး။ ဒါနဲ့ အပေါ်တက်ဖို့ လှေကား သွားရှာရပြန်ရော၊ အပေါ်လဲရောက်ရော အလယ်ရောက်ဖို့ အတော် လျှောက်ရသေးသဟ၊ မောပါ့တော်... ဒီ Secret Garden က အပေါ်က ကြည့်တော့လဲ လှတာပဲ။
ညလေး အလယ်ကို မရောက်ခင်မှာပဲ မော်ဒယ်ရှိုးက ပထမတစ်ခု ပြီးသွားတယ်၊ အဲ့ဒီမှာ နောက်အစီအစဉ် တစ်ခု ကြေငြာတာလဲ ကြားလိုက်တယ်၊ ဘာတဲ့ မိတ်ကပ်ဘုရင်ဆိုလား။
အပေါ်ထပ်မှာလဲ လူတွေမှ ၀ိုင်းအုံနေတာပဲ သကာရည် ပုရွက်ဆိတ် တက်သလိုပေါ့။ လူတွေ ကြားထဲ မနည်းတိုးကြည့်မှ မြင်ရတယ်၊ နို့မို့ ညလေးအရပ်နဲ့က ဘာမှ မြင်ရမှာ မဟုတ် razz။ ကြည့်လိုက်တော့ မြင်ဖူးပါတယ်ပေါ့၊ ဆိုးဘုတ် ထောင်ထားတာတော့ KEVIN (Taiwanese Make-up Artist from hit TV programme) ဆိုလား၊ ညလေးကတော့ မင်းသားတွေ မင်းသမီးတွေ နံမည် အလွတ်ရတာလဲ မဟုတ်၊ လူနဲ့လဲ မတွဲမိ၊ ရုပ်ရှင်ကြည့်ရင်းနဲ့ တွေ့ဖူးတာချည်းပဲလေ။ ညလေးကတော့ သူ့ကို ခုမှ မြင်ဖူးတာလား ဘာလား ၀ိုးတ၀ါးပဲ razz) ကုန်ပစ္စည်းလဲ အသစ်လို့တော့ ထင်တာပဲ ညလေးက မသုံးတော့ သိပ်မသိဘူး၊ LEGERE တဲ့ (ရှင်တို့ရော သိဘူးဟုတ်)။
သူလေးက ပထမမော်ဒယ်၊ သူ့ကိုတော့ မျက်နှာသစ်ပုံသစ်နည်း နဲ့ မျက်နှာသစ်ပြီးရင် သုံးရ လိမ်းရမယ့် ပစ္စည်းတွေ မိတ်ဆက်ပါတယ်။ ဒီကောင်မလေးကို မျက်နှာမှာ Mask ကပ်ပေးပြီး ပြန်လွှတ်လိုက်တယ် ခိ။
သူလေးကတော့ ဒုတိယမော်ဒယ်၊ အဝေးက ကြည့်ရတာတော့ အတော်လေး လှမယ့်ပုံပဲ။ ဒါနဲ့ မကျေနပ်လို့ အောက်ထပ် ပြန်ဆင်းပါတယ်၊ ဒီတော့ အဝေးကြီး ထပ်လျှောက်ပေါ့... ပြန်ဆင်း.. ဆက်လျှောက်...
သူ့ကိုကျတော့ မျက်နှာမှာ မိတ်ကပ်တင်တဲ့ခါ ဘယ်နားမှာ ဘာတင်ပါ ဘာအရောင် ထည့်ပါ ဘယ်လိုလိမ်းပါ ပေါ့။
အဝေးကြည့်ရတာ အတော်လေး လှမလိုနဲ့ အနီးကပ်ကျတော့ မျက်လုံး မှေးမှေးလေးလို့ မှတ်ချက် ချမိပါတယ်။
မိတ်ကပ်ကို အားကြီး မသုံးပဲ သူဆီက ထုတ်လုပ်တဲ့ ပစ္စည်းတွေနဲ့ ပါးပါးလေး ခြယ်ပြသွားပါတယ်။
တရုတ်မတွေရဲ့ မျက်တောင်က အောက်ကို ဆိုက်နေတဲ့အတွက် Mascara သုံးပေးသင့်ကြောင်း၊ နေ့စဉ်သုံးစွဲပေးက မျက်တောင် ကော့သယောင် ထင်ရပြီး အရုပ်မလေးရဲ့ မျက်လုံးနဲ့ တူသွားမှာ ဖြစ်ကြောင်း ဘာညာ သရကာ နေကြာ ကွာစိပေါ့.. သူကလဲ သူရထားတဲ့ ပိုက်ဆံနဲ့ တန်အောင်တော့ ပြောပေးရှာပါတယ်။
အဲ ပထမ မော်ဒယ်လေးကို ပြန်ခေါ်တယ် သူ့မျက်နှာက Mask ခွာရဦးမယ် မဟုတ်လား။
ခွာပြီးတော့ သူက ဟိုလိုလိမ်း ဒီလိုလိမ်းလို့ ပြောပြီး တစ်ခြမ်းနဲ့ တစ်ခြမ်း တူရဲ့လားပေါ့။ ဒီမော်ဒယ်ကို မျက်နှာတစ်ခြမ်းပဲ သစ်ပေးတာလေ၊ ဟုတ်တယ် ကြည့်နေရင်းနဲ့ တစ်ခြမ်းထဲ ပြောင်တင်းလာတာ၊ သူပြောတဲ့အတိုင်း လုပ်ရင် မိတ်ကပ် လိမ်းမထားပဲ ကြည်လင်သွားတဲ့ အကြောင်း သူများတကာတွေ မိတ်ကပ် မလိမ်းပဲ ဘာလို့ လှလဲဆိုတဲ့ အကြောင်း ရွှီးသွားပါတယ်။ မော်ဒယ်လေးကိုလဲ “နင်ကတော့ တစ်ခြမ်းပဲ သစ်ရတာ သနားပါတယ်တဲ့” ခိ ဟုတ်ပ ဒီအချိန်လေးမှာ သစ်လိုက်တာကို တတ်တဲ့သူကျ အသားအရည်ကအစ တင်းရင်းပြီး အပေါ်တက်သွားတယ်၊ ကောင်မလေးတော့ အိမ်ပြန်ရင် ကျန်တစ်ခြမ်းကို မနည်း ပြန်သစ်ယူရမယ် lol
ပြီးပြီပေါ့နော်.. နှုတ်ဆက်နေလေရဲ့။ ပြီးတော့ ပထမထပ်တက်ပြီး ဓါတ်ပုံ တွဲရိုက်နိုင်ကြောင်း ပြောပြီး နောက်မော်ဒယ် ရှိုးကို ဆက်လက်ရှုစား ကြပါပေါ့လေ..
ရော်... ဒါမှ ဒွတ်ခပဲ ညလေးက ခု အောက်ထပ်မှာ ရောက်နေတာ ဆိုတော့ အပေါ်တက်ဖို့ လှေကားဆီ အဝေးကြီးလျှောက် ပြီးတော့ အလယ် ပြန်ရောက်ဖို့ကို ထပ်လျှောက်နဲ့... အီးးးးးးးးးး နာ နိုချင်တယ်နော်...
မမလေးတွေက ဒီလို ဒီလို တွဲရိုက်ပေါ့...
ယောက်ျားလေးတွေလဲ ကြိုက်တာပဲ၊ သားတို့လဲ ရိုက်ချင်တယ်.. ရိုက်ချင်တယ်ပေါ့။ လူတွေ တစ်အား များလာတဲ့ခါမှာ Presentation လုပ်တဲ့ အစ်မ နှစ်ယောက်ထဲက တစ်ယောက်က ဓါတ်ပုံ ရိုက်ချင်တဲ့ သူတွေ တန်းစီတဲ့ ဒီတော့ ညလေးလား ဘယ်နေမလဲနော့ ကြားဖြတ် တန်းစီပြီး ၀င် ရိုက်လိုက်တာပေါ့။ မြန်မာပြည်မှာဆို ဒီမင်းသားနဲ့ ဒီလို တွဲရိုက်ရဖို့က ဝေးပေါ့။ အနားမှာတွေ့တဲ့ ဓါတ်ပုံထဲမှာ အင်္ကျီအနီရောင် ဂါဝန် ၀တ်ထားတဲ့ အစ်မကြီးကို “ခိုရီ ဖိုင်းကေဝေါ် ရိရှမား” လို့ တရုတ်လို မတတ်တစ်ခေါက် မေးလိုက်တော့ ရတယ်တဲ့။ ပြီးတော့ “ရှဲ့ရှဲ့နီ” ပေါ့..
မမတို့ကလဲ ကဲပါ့နော်... မင်းသားကတော့ တွဲတာပေါ့။ ပိုစတာထဲက မင်းသားပုံက ပိုချောပြီး ပိုနုပါတယ်၊ ခု အပြင်မှာ မြင်လိုက်ရတော့ အတော်လေး အိုနေပြီလို့ မှတ်ချက်ချပါရဲ့။ ညလေး မင်းသားနဲ့ တွဲရိုက်ပြီးတော့ Fashion Show စီကို ဦးလှည့်ပါတယ်၊ ညလေးပုံတော့ တင်တော့ဘူးနော်... ပြောကြမှာစိုးလို့ rolleyes
ရှိုးကို ရောက်နေတဲ့ ပထမထပ်ကနေပဲ လှမ်းရိုက် လိုက်တော့တယ် အောက်ထပ် ပြန်ဆင်းရမှာ ညောင်းလာလို့... ညလေးခြေထောက်ကို သနားတာလဲ ပါတယ် ။



ဖလန်း ဖလန်းလေးတွေ....
အဖြူတွေကြားထဲ တစ်ယောက်တည်း ကွက်မည်းနေတာလေ.. လူမရှိရင်လဲ ညလေးကို ကြိုပြောတာ မဟုတ်ဘူး... wink


အလန်းလေးတွေ... သူတို့ဝတ်တဲ့ အင်္ကျီ၊ ဘောင်းဘီတွေက ESPRIT ကပါ။ ဈေးကတော့.....



လူတွေများလား မများလားတော့ ဒီပုံတွေသာ ကြည့်တော့ ခုနင်က မင်းသားဆို ပိုဆိုးသေး တိုးမပေါက်ဘူး၊ ဒါက ရှိုးမို့... ဒီလောက်ရှိတာ။












ဒါပါပဲပေါ့နော်... ပြီးပါပြီပေါ့နော်... (တီချမ်းလေသံဖြင့်) နောက်တစ်ပွဲကို (၆း၃၀) မှာ စမယ်ဆိုလို့ နာရီကြည့်တော့ (၆)နာရီတောင် မထိုးသေးဘူးလေ။

စတိတ်စင်က တံဆိပ်အသစ် ပြောင်းတပ်ထားပါတယ်၊ ဆလိုက်လဲ ပြောင်းသွားတယ်၊ Rino ကလဲ ဈေးကြီးထဲကပဲ၊ ဒါတွေတော့ စောင့် မကြည့်တော့ဘူး မဟုတ်ရင် အဲ့မှာတင် အိပ်လိုက်ရမှာ...
ညလေး ရှိနေတဲ့ ပထမထပ်ကနေ ညာဖက်ခြမ်းစီကို လှမ်းရိုက်တာပါ၊ ခု ညလေးရပ်နေတာ အလယ်ခေါင်မှာ...
ပြီးတော့ လမ်းလျှောက်လာရင်း အပေါ်ကနေ တွေ့တဲ့ အလှကုန်နေရာကို လှမ်းရိုက်ပါသေးတယ်၊ အဲ့ဒီမှာ ခုံတန်းလေးရှိတယ် ညလေး ခဏ ထိုင်နားသေးတယ် ညောင်းလို့လေ။ အောက်ထပ်ကို လှမ်းကြည့်တော့ အလှပြင်ပေးပြီး ဓါတ်ပုံကို တစ်ခါတည်း စိတ်ကြိုက်ပြင်ပေး Print ထုတ်ပေးပါတယ်၊ ပြင်တဲ့သူ ရှိသလို ရိုက်နေတဲ့ သူတွေလဲ ရှိတယ်။

ခဏ အညောင်းဖြေပြီး လာလမ်းအတိုင်း ပြန်လာ လိုက်ပါတော့တယ်နော်.... သြော် ဘာဝယ်လာလဲ ဆိုတော့ တိုလီ မိုလီလေးတွေပါ။
*****
ဒီတစ်ခါ ပို့စ်က ရက် အတော်လေး ကြာသွားပါတယ်၊ အစက Slide Show လုပ်ပြီး တင်မို့ဟာ ဓါတ်ပုံတင်တာ မပြီးတော့တာနဲ့ ခုတော့ ဒီတိုင်းပဲ တင်လိုက်တော့တယ်၊ ဒါတောင် ဒီပို့စ်တစ်ခုက ၂ ရက်လောက် ကြာသွားတယ်။ ညလေးဘလော့ဂ်ကို ခေါ်တင်ရတာ ကြာနေရင်တော့ Reader နဲ့သာ ကြည့်ကြပါလို့...။
*****

4 comments:

အိုက်ခီလောက် said...

အယ် ညလေးက မလေးရှားကလား အဟိ တူနေပြန်ပြီ
ထိုင်ဝမ် ကလို့ ထင်နေတာ မလေးရှားဆိုတော့ လည်းကောင်းတာပေါ့လို့  ကံမကုန်ရင်ဆုံဖြစ်ကြမှာပါ
ပုံလေးတွေ ကောင်းတယ် အားလုံးကြည့်သွားတယ်
အချိန်တော်တော်ယူခဲ့မှာပဲနော် ကျေးဇူးတင်ပါတယ်
ခုလို အပြင်မထွက်ပဲနဲ့  ရှိုးပွဲတစ်ခုကြည့်လိုက်ရတယ်
စကားမစပ်အန်းပေါင်း ဘာရို့ ပြန်လာလုတာလည်းလို့ 

Anonymous said...

အရင်အပတ်တွေက Shopping Mall တော်တော် များများမှာ Fashion ပွဲတွေလုပ်ကြတာ တစ်ပြိုင်တည်းပဲ။ KLCC မှာ Model တွေသွားပြီး Photo ရိုက်သေးတယ်။ သူငယ်ချင်း Photographer တွေက Midvalley ကိုရွေးကြတယ်။ သူတို့ကံကောင်းသွားတယ်။ အဲမှာက Model တွေ ပိုလှနေလို့ ။ :P

LN

MoeThwayNge said...

လူလယ်ကြတယ်ဟေ့ သူ့ပုံတော့ မတင်ပဲနဲ့..။မရဘူး တင်..။အော် ..အလုပ်လေး တစ်ရက်ပိတ်တာ များ ရေးစရာ သူ့မှာ မရှိလို့ ကင်မရာကြီးဝယ် တကားကား နဲ့ ဟဟဟ..ဓါတ်ပုံတွေ ရှောက်ရိုက်နေတာ ။နာ သတင်းထောက်ခန့် မယ်လေ။(စတာနော် စိတ်ဆိုး...)ကြည့်ရတာ အပျင်းပြေ လန်းတာပေါ့ဟာ။မော်ဒယ် မလေးတွေ ပါတာ ကို....။
ခင်တဲ့
အားလုံကိုပျော်စေချင်သူ

စိတ်စမ်းရေ said...

အော် မလေးကပဲလား...။တွေ့ရတာ ဝမ်းသာပါတယ်....။

 
Looking for something? Try :::