NyAlAy
အချိန်ပေး၍ လာရောက်ဖတ်ရှုသူများကို ကျေးဇူး အထူးတင်ရှိပါတယ်။ နှစ်သစ်မှာ ပျော်ရွှင် ငြိမ်းချမ်းကြပါစေ....

Jun 30, 2009

အကျိုးမျှော်ကာ နှိုးဆော်ပါသည်

အလှူအားလုံးမှာ သဘောတူရာ စုပေါင်းလိုက်ရင် ပစ္စည်းအလှူနဲ့ တရားအလှူ ဆိုပြီးတော့ အလှူနှစ်မျိုးပဲ ရှိပါတယ်။ ပစ္စည်း အလှူထက် တရားအလှူက ပိုမြတ်တဲ့ အတွက် အလှူအားလုံးထဲမှာ အမြတ်ဆုံးအလှူ ဖြစ်ပါတယ်။ လောကမှာ ရှိရှိသမျှ ပစ္စည်းအလှူ အားလုံးထဲမှာ သံဃိက ကျောင်းအလှူဟာ အနှိုင်းမဲ့ အလှူဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ သံဃိက ကျောင်းအလှူက အလှူအားလုံးထက်ပိုပြီး အလှူခံ ပုဂ္ဂိုလ်ကို အကျိုးကြီး စေပါတယ်။ အလှူပေး ပုဂ္ဂိုလ်ကိုလည်း ကုသိုလ်တိုး စေပါတယ်။

မြတ်စွာဘုရားရှင် လက်ထက်တော်တုန်းက နတ်သားတစ်ပါးက-
၁။ ဘယ်အရာကို ပေးလှူတဲ့သူဟာ ခွန်အားကို ပေးလှူရာ ရောက်ပါသလဲ၊
၂။ ဘယ်အရာကို ပေးလှူတဲ့သူဟာ အဆင်းကို ပေးလှူရာ ရောက်ပါသလဲ၊
၃။ ဘယ်အရာကို ပေးလှူတဲ့သူဟာ သုခကို ပေးလှူရာ ရောက်ပါသလဲ၊
၎။ ဘယ်အရာကို ပေးလှူတဲ့သူဟာ မျက်စိအ မြင်ဓာတ်ကို ပေးလှူရာ ရောက်ပါသလဲ၊
၅။ ဘယ်အရာကို ပေးလှူတဲ့သူဟာ ကောင်းကျိုးချမ်းသာကို ပေးလှူရာ ရောက်ပါသလဲ လို့ မြတ်စွာဘုရားကို မေးလျှောက်တော့

မြတ်စွာဘုရားရှင်က-
၁။ အစားအစာကို ပေးလှူတဲ့သူဟာ ခွန်အားကို ပေးလှူရာ ရောက်ပါတယ်၊
၂။ အ၀တ်အထည်ကို ပေးလှူတဲ့သူဟာ အဆင်းကို ပေးလှူရာ ရောက်ပါတယ်၊
၃။ ဆီမီးအလင်းရောင်ကို ပေးလှူတဲ့သူဟာ မျက်စိအမြင်ဓာတ်ကို ပေးလှူရာ ရောက်ပါတယ်၊
၎။ စီးစရာယာဉ်ကို ပေးလှူတဲ့သူဟာ ခရီးသွားလာတဲ့အခါ ချမ်းသာသုခ ပေးသလို၊
၅။ အိမ်/ကျောင်း အဆောက်အအုံကို ပေးလှူတဲ့သူဟာ ကောင်းကျိုးချမ်းသာ အားလုံးကို ပေးလှူရာ ရောက်ပါတယ်လို့ ဖြေကြားတော် မူခဲ့ပါတယ်။

အဲဒီထဲက ဇရပ်၊ တန်ဆောင်း၊ အိမ်၊ ကျောင်းစတဲ့ အဆောက်အအုံ အလှူကတော့ အလှူခံ ပုဂ္ဂိုလ်ကို ခွန်အားလည်း ပြည့်ဖြိုးစေသလို ရုပ်အဆင်းလည်း လှပတင့်တယ် စေပါတယ်။ ချမ်းသာသုခလည်း ဖြစ်ပွားစေသလို မျက်စိအမြင် ဓာတ်လည်း အားကောင်းစေပါတယ်။ ရှေ့အလှူ လေးမျိုးကြောင့် ရရှိနိုင်တဲ့ ကောင်းကျိုးလေးမျိုးကို အလှူတစ်မျိုးတည်းနဲ့ ရရှိစေနိုင်တာက ကျောင်းအလှူပါ။

ဝေလာမသုတ္တန်မှာ မြတ်စွာဘုရားရှင်က ပုထုဇဉ်လူသား ထောင်သောင်းများစွာကို ရွှေခွက်ပေါင်း ရှစ်သောင်းလေးထောင်၊ ငွေခွက်ပေါင်း ရှစ်သောင်းလေးထောင် စသည့် တန်ဖိုးရှိ အဆင့်မြင့် ပစ္စည်း၊ စားကောင်း သောက်ဖွယ်တွေနဲ့ လှူဒါန်းရတဲ့ အလှူဒါနကြီးထက် သောတာပန် တစ်ယောက်ကို ထမင်းတစ်နပ် ကျွေးရတဲ့ အလှူက ပိုပြီး အကျိုးကြီးပါတယ်။ သောတာပန် အယောက်တစ်ရာကို ထမင်းတစ်နပ် ကျွေးရတဲ့ အလှူထက် သက္ကဒါဂါမ် တစ်ယောက်ကို ထမင်းတစ်နပ် ကျွေးရတဲ့ အလှူက ပိုပြီး အကျိုးကြီးပါတယ်။ သက္ကဒါဂါမ် အယောက်တစ်ရာကို ထမင်းတစ်နပ် ကျွေးရတဲ့ အလှူထက် ရဟန္တာတစ်ပါးကို၊ ရဟန္တာ အပါးတစ်ရာထက် ပစ္စေကဗုဒ္ဓါတစ်ပါးကို ၊ ပစ္စေကဗုဒ္ဓါ အပါးတစ်ရာထက် သမ္မာသမ္ဗုဒ္ဓ ဘုရားတစ်ဆူကို ဆွမ်း ဆပ်ကပ်ရတာက ပိုမြတ်ပါတယ်။ သမ္မာသမ္ဗုဒ္ဓ ဘုရားတစ်ဆူကို ဆွမ်းတစ်နပ် ကပ်ရတဲ့အလှူထက် ဘုရားအမှူးရှိတဲ့ ရဟန်းသံဃာတော်ကို ဆွမ်းတစ်နပ် ကပ်လှူရတဲ့ အလှူက ပိုပြီး အကျိုးကြီးစေပါတယ်။ ဘုရားအမှူးရှိတဲ့ ရဟန်းသံဃာတော်ကို ဆွမ်းတစ်နပ် ကပ်လှူရတဲ့ အလှူထက် အရပ် လေးမျက်နှာမှလာသော သံဃာတော်အပေါင်းကို ရည်စူးပြီး ကျောင်းဆောက်လှူရတဲ့ အလှူက ပိုပြီးအကျိုး ကြီးပါတယ်။

ဘုရားရှင် လက်ထက်ကတည်းက ရှိခဲ့တဲ့ အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန် ကစလို့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလသုံးပါးလုံးမှာ ရှိနေပြီး၊ ရှိနေဆဲ၊ ရှိလာလတ္တံ့သော အရိယာ သံဃာတော်များအားလုံး၊ ပုထုဇဉ် သံဃာတော်များအားလုံးဟာ အလှူခံ ပုဂ္ဂိုလ်တွေချည်းပါပဲ။ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက် တစ်စုတစ်ဖွဲ့ကို ရည်စူးတဲ့ ပုဂ္ဂလိကအလှူထက် ရဟန်းသံဃာအားလုံးကို ရည်စူးတဲ့ သံဃိက အလှူက အလှူခံ ပိုမြင့်မြတ်ပြီး ပိုအကျိုးကြီးတဲ့ အတွက်ကြောင့် အလှူခံ ရဟန်း သံဃာတော်တွေကို ပစ္စည်းလေးပါး ထင်ရှားကျော်ကြားမှု ပရိယတ္တိ ဗဟုသုတ ဈာန် အဘိညာဉ် ၀ိပဿနာဉာဏ် မဂ်ဖိုလ်နိဗ္ဗာန် စတဲ့ လောကီ၊ လောကုတ္တရာ ကောင်းကျိုးချမ်းသာအားလုံး လှူလိုက်ရာရောက်တဲ့ အတွက်ကြောင့် အမြတ်ဆုံး အလှူလို့ ခေါ်ပါတယ်။ ဒါကအလှူခံ ရှုထောင့်ဘက်က ကြည့်တာပါ။

တစ်ခါ အလှူပေး ပုဂ္ဂိုလ်ဘက် ရှုထောင့်က ကြည့်မယ်ဆိုရင် ကိုယ့်ကျောင်းအလှူကို ကိုယ်သတိရတိုင်း ကိုယ့်လှူဖွယ်ဝတ္ထုက လောလောဆယ်မှာတင် အထင်အရှား ရှိနေတာမို့ အခြားအလှူထက် မတူတဲ့ ကုသိုလ်စေတနာ အသစ်အသစ်တွေ တစ်ရစ်ပြီး တစ်ရစ် ထပ်ထပ်တိုး နေတဲ့အတွက် အမြတ်ဆုံးအလှူ ဖြစ်နေပြန်ပါတယ်။

ကျောင်းအလှူက မြေကြီးထဲမှာ အခိုင်အမာ စိုက်ထူထားတာမို့ အချိန်ကြာမြင့်စွာ မြဲမြံတည်တံ့ နိုင်ပါတယ်။ ကိုယ်ဘယ်အချိန်ဘဲ သတိရ သတိရ သတိရလိုက်တဲ့ အချိန်တိုင်းမှာ ကိုယ်လှူထားတဲ့ ကျောင်းတည်းဟူသော လှူဖွယ်ဝတ္ထုက လောလောဆယ် ထင်ရှား ရှိနေတဲ့အတွက် ကျောင်းအလှူ လှူပါတယ်၊ ကျောင်းအသုံး ပြုနေတဲ့ ပုဂ္ဂိုလ် အားလုံးအစစ အရာရာ အဆင်ပြေ ကြပါစေ၊ ကိုယ်ချမ်းသာ စိတ်ချမ်းသာ ရှိကြပါစေလို့ ထပ်တလဲလဲ နှလုံးသွင်းရင်း ကုသိုလ် စေသနာ အသစ်အသစ်တွေ ကုသိုလ်ပီတိ အသစ်အသစ်တွေ တစ်ရစ်ပြီး တစ်ရစ် တိုးပွားလာနိုင်ပါတယ်။ ဒါကြောင့် လွယ်လွယ်နဲ့ ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း လှူတာထက် မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းဖြစ်တဲ့ ကျောင်းအလှူကို ထာဝရ ဒါနခိုင်မြဲတဲ့ အလှူလို့ ခေါ်ပါတယ်။

အကျိုးပေးခိုင်ချင်ရင် အကြောင်းကံခိုင်ဖို့ လိုအပ်ပါတယ်။ ကျောင်းအလှူဟာ ခိုင်တဲ့ပစ္စည်းလှူတာမို့ အကြောင်းကံခိုင်တဲ့ အလှူပါ၊ အလှူခိုင်မှတော့ ဘ၀ခိုင်ပြီပေါ့။ ဘ၀ ခိုင်ချင်သူတိုင်း အလှူခိုင်အောင် ကြိုးစားကြရပါမယ်။ အလှူခိုင်ဖို့ကတော့ ကျောင်းဆောက်လှူရုံပါပဲ။

ဝိပဿီ ဘုရားရှင် လက်ထက်တုန်းက ဗန္ဓုမတီမြို့က ကိုနေဇာ ဆိုတဲ့ ဆင်းရဲသားလေးဟာ ကျောင်းအလှူကို ပေးလှူပြီး ဘ၀ဆက်တိုင်း ကုသိုလ် အသစ်အသစ်တွေ ထပ်နေတဲ့အတွက် ကိုးဆယ့်တစ်ကမ္ဘာလုံးလုံး ချမ်းသာသုခ စံစားပြီး နောက်ဆုံးဘ၀ ဂေါတမမြတ်စွာဘုရားရှင် လက်ထပ်ရောက်မှ ပဋိသမ္ဘိဒါလေးပါး၊ ၀ိမောက္ခရှစ်ပါး၊ အဘိညာဉ်ခြောက်ပါး နဲ့တကွ ရဟန္တာဖြစ်ပြီး ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းပြီး နိဗ္ဗာန် ၀င်သွားခဲ့ပါတယ်။ ဒါက မရှိလို့မလှူ၊ မလှူလို့မရှိ ဆိုတဲ့ စကားကို ပယ်သတ်ပြီး လူမင်းစည်းစိမ် အကြိမ်ကြိမ်၊ နတ်မင်းစည်းစိမ် ခဏခဏ ဆိုတဲ့ ထူးခြားဆန်းကျယ်တဲ့ အကျိုးတွေရဲ့ ရလာဒ်တွေပါ။

ကျောင်းလှူတယ်ဆိုတာ သူတစ်ပါးကို နေရာကောင်း တစ်ခုရအောင် ဖန်တီးပေးတာ ဖြစ်လို့ တုံပြန်မှု နိယာမ သဘောအရ ကိုယ့်ဘ၀မှာလည်း နေရာကောင်း တွေနဲ့ချည်း တွေ့ကြုံ ဆုံစည်းရမှာ မလွဲပါဘူး။ ဘယ်လောက်ထိလဲဆိုရင် အမိဝမ်းအတွင်းမှာ ပဋိသန္ဓေနေတဲ့အခါ သူတကာတွေလို ကျဉ်းကျဉ်းကျုတ်ကျုတ် မနေရဘဲ ဆယ့်နှစ်တောင် တိုက်ခန်းထဲမှာ နေရသလို ချောင်ချောင်ချိချိ သက်တောင့်သက်သာ နေရပါသတဲ့။ ဇာတိဒုက္ခကို လျော့ပါး သက်သာစေတာ ကျောင်းအလှူ တစ်ခုတည်း ရှိပါတယ်။

တစ်လောကလုံးရဲ့ အနှိုင်းမဲ့ ကျေးဇူးရှင်ဖြစ်တဲ့ မြတ်စွာဘုရားရှင်က သံဃိကကျောင်းအလှူဟာ အနှိုင်းမဲ့အလှူဖြစ်တယ်လို့ “၀ိဟာရ ဒါနံ သံဃဿ၊ အဂ္ဂံ ဗုဒ္ဓေန ၀ဏ္ဏိတံ” ဆိုတဲ့ စကားတော်နဲ့ ဟောကြား ညွှန်ပြထားတာမို့ ဘုန်းကြီးအတွက် ကျောင်းဆောက်တာ မဟုတ်ဘဲ သာသနာအတွက် ကျောင်းဆောက်နေတဲ့အတွက် ဗုဒ္ဓဘာသာ မြန်မာလူမျိုးများနဲ့ မြန်မာရဟန်းတော်များ အနေနဲ့ တစ်ပိုင်တစ်နိုင် ကုသိုလ်ပါဝင်ရင်း မိမိစွမ်းနိုင်ရင် မိမိကိုယ်တိုင်လုပ်၊ ကိုယ်ကိုယ်တိုင် မစွမ်းနိုင်ရင် စွမ်းနိုင်လို့ လုပ်နေသူတွေကို အတတ်နိုင်ဆုံး ကူညီပံ့ပိုးရင်း တစ်ပိုင်တစ်နိုင် ကုသိုလ်ပါဝင် နိုင်ကြပါစေရန်နှင့် သဒ္ဓါတရားရှိသူတိုင်း သံဃိက ကျောင်းအလှူဆိုတဲ့ အနှိုင်းမဲ့အလှူကို စွမ်းအားရှိသမျှ လှူဒါန်းနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

အကယ်၍ သဒ္ဒါတတ်အား နည်းများမဆို ပါဝင်လှူဒါန်းလိုပါက အောက်ပါ ပုဂ္ဂိုလ်များထံသို့ တိုက်ရိုက် ဆက်သွယ် လှူဒါန်းနိုင်ပါတယ်။

၁။ ဘဒ္ဒန္တဣန္ဒစက္က ပဓာန နာယက ဆရာတော် ငါရဟိုး ကျေးရွာ မဟာဒက္ခိဏာရုံ ကျောင်းတိုက်
ဖုန်း-၀၉ ၆၄၆၀၄၁၆ , ၀၉ ၂၁၁၀၁၄၀

၂။ ဘဒ္ဒန္တအာစိဏ္ဏ ၊ မိဂဒါရုံ ကျောင်းဆရာတော်၊ အောင်သစ်လွင်ရပ် မိုးကုတ်မြို့။
ဖုန်း- ၀၉၆၉၇၀၆၇၉

၃။ ဘဒ္ဒန္တနာယကာလင်္ကာရ ၊ သီတဂူ ဓမ္မ၀ိဟာရ ကျောင်းဆရာတော် မီနီဆိုးတားပြည်နယ်၊ အမေရိကန်နိုင်ငံ။
ဖုန်း- ၆၅၁-၇၉၇-၃၃၁၁။ ၉၅၂-၄၅၂ ၀၀၉၄

၎။ ဘဒ္ဒန္တသာရိန္ဒ သာသနဓဇဓမ္မာစရိယ စန်းသုခ ဆရာတော် မဟာမြိုင်ကျောင်းတိုက်၊ မန္တလေးမြို့။
ဖုန်း-၀၂-၆၂၂၆၆

၅။ ဘဒ္ဒန္တသြသဓ၊ ဘဒ္ဒန္တတေဇ၀န္တ ဦးရှင်ကျောင်းဆောင် မဟာဂန္ဓာရုံ ကျောင်းတိုက်၊ အမရပူရမြို့။
ဖုန်း-၀၂-၇၀၄၆၄

၆။ ဦးညီညီဇော်-ဒေါ်မိုးမိုးသဲ ထိုင်းနိုင်ငံ ဗန်ကောက်မြို့။ ဖုန်း-၀၈၁-၃၀၈-၇၂၁၈

၇။ ဦးဇော်မင်း-ဒေါ်သီသီနွယ် ထိုင်းနိုင်ငံ ဗန်ကောက်မြို့။ ဖုန်း-၀၈၅-၁၆၃၈၇၄၁

၈။ ဦးမြင့်အောင်-ဒေါ်ကြိုင်(ကထိက)နည်းပညာတက္ကသိုလ်၊ ရန်ကုန်မြို့။ ဖုန်း-၀၉-၅၀၀၉၅၉၂၊ ၀၉-၅၀၁၈၁၁၇

၉။ ဦးခင်မောင်ဌေး-ဒေါ်စမ်းစမ်းအေး နယ်စပ်စည်ပင်။ ဖုန်း-၀၉၅၁၂၇၉၃၄

၁၀။ ဦးမြင့်ဦး-ဒေါ်သောင်းမြိုင် ရန်ကုန်မြို့။ ဖုန်း-၀၁-၅၉၀၄၀၇

၁၁။ ဦးဝင်းညွန့်-ဒေါ်ချိုမာ ယုဇနဥယျာဉ်မြို့တော် ရန်ကုန်မြို့။

ဘဒ္ဒန္တနာယကာ လင်္ကာရ၊ သီတဂူ ဓမ္မ၀ိဟာရကျောင်းမှ ဆရာတော်၏ မိန့်မှာချက်အရ သဒ္ဒါကြည်လင် ဘလော့ဂါ အစ်ကို၊ အစ်မ တို့နှင့်တကွ စာချစ်သူ ဓမ္မမိတ်ဆွေများလည်း ကုသိုလ်အလှူ ပါဝင်ယူနိုင်ကြစေရန် ရည်သန်၍ သတင်းကောင်း ပေးအပ်ပါတယ်။

(ဆရာတော် အရှင်ဆန္ဒာဓိကဧ။် အနှိုင်းမဲ့အလှူ စာအုပ်မှ ကိုးကားရည်ညွှန်းပါတယ်။)
*****
ညလေးက ဒီဘလော့ဂ် ကနေ ပြန်လည်ကူးယူပြီး ဖြန့်ဝေပါတယ်နော်....
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Jun 27, 2009

ကုသိုလ်အတူယူရအောင်

ဒီပို့စ်ကတော့ ဆရာတော်ဦးကောဝိဒရဲ့ ပညာရေးဒါနလေးမှာ ကျမတို့လဲ တတ်နိုင်တဲ့ဘက်က ၀ိုင်းဝန်းပံ့ပိုး ပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်ချင်လို့ပါ။ ကျမတို့နိုင်ငံမှာ နည်းပညာ ဖွံ့ဖြိုးတိုးတက်တာ နောက်ကျနေပါတယ်၊ လုံးဝကို နောက်ကျကျန်ရစ်နေတဲ့ မြို့နယ်တွေကလဲ အများကြီး ရှိနေကြပါတယ်။ ကျမတို့နိုင်ငံဟာ စားရေးအတွက်သာ လုံးပန်းနေကြရတဲ့အတွက် တစ်နေ့စားဖို့ကို မနည်းရှာဖွေ ရုန်းကန်နေကြရတဲ့ သူတွေ ဒုနဲ့ဒေးပါ၊ ပညာရေးဟာ ၀မ်းရေးအရင်ပြေလည်မှ တတ်နိုင်ကြတဲ့သူတွေပါ။ ကျမတို့တွေကတော့ အဲ့ဒီလိုအပ်ချက်လေး အနည်းငယ် ပြည့်ဝနေတယ်လို့ ဆိုရပါမယ်၊ ဒါကလဲ ရှေးရှေးက ပြုခဲ့ရတဲ့ ကုသိုလ်တွေကြောင့်ပါ။ ပညာရေး ချို့တဲ့နေကြတဲ့ နေရာတွေအတွက် ဆရာတော်ရဲ့ ပညာဒါနလေးဟာ မွန်မြတ်လှပါတယ်။ ဒါပေမယ့် ရေရှည်ရပ်တည်နိုင်ဖို့ကတော့ စေတနာရှင် အလှူရှင်ပေါင်း မြောက်မြားစွာ လိုအပ်နေဦးမှာပါ။ ဆရာတော်ရဲ့ ပညာဒါနလေးမှာ ကျမတို့တွေလဲ တတ်နိုင်သလောက်လေး မိမိတို့ အသုံးစရိတ်ထဲကနေ (၅ / ၁၀) ရင်းဂစ် လောက်ကနေ စပြီး စုပေါင်း လှူဒါန်းသွားကြရအောင်လို့ ကျမဘလော့ဂ်ကို လာရောက် ဖတ်ရှုနေကြတဲ့ စာဖတ်သူတွေရော ဘလော့ဂါတွေကိုပါ တိုက်တွန်းပါရစေ.... ကျမဘလော့ဂ်လေးက လာဖတ်တဲ့သူ နည်းပါးလှပါတယ်၊ သို့သော် ဒီဘလော့ဂ်လေးကနေ ကုသိုလ်ရရင်ဖြင့် ကျမ ၀မ်းသာရမှာပါ။

ဘုန်းဘုန်းကတော့ သူ့ရဲ့ ရည်ရွယ်ချက်နဲ့ ပညာဒါနအတွက် လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေကို ဘလော့ဂ် ရေးပြီး တင်ထားပါတယ်၊ အဲ့ဒီမှာလဲ သွားရောက် လေ့လာဖတ်ရှုနိုင်ပါတယ်နော်။

ဒီ့ပြင်နိုင်ငံတွေက ဦးဆောင်ပြီး ကောက်ခံနေသူတွေကြောင့် အလှူငွေတွေ ထိုက်သင့်သလောက် ရနေကြပါပြီ။ ကျမ ဂျပန်နိုင်ငံမှာ အလှူကောက်ခံနေတဲ့ မ၀ါ ရဲ့ဘလော့ဂ်မှာ ဒီပို့စ်လေးကို လင့်ခ်ယူပြီး ဖြန့်ဝေပါတယ်၊ ဖတ်ကြည့်ကြပါဦးနော်။ မ၀ါက ကောက်ခံရရှိခဲ့တဲ့ အလှူငွေတွေကို မလှူဒါန်းရသေးတဲ့သူတွေ အားကျလောက်အောင်လဲ အလှူရှင်များစာရင်း ဆိုပြီး တင်ပြထားပါသေးတယ်။ ခုလို ဘလော့ဂါတွေ စုပေါင်းပြီး မိမိတို့ တတ်နိုင်သလောက် အလှူငွေလေးတွေ ထည့်ဝင်ပြီး လှူဒါန်းနေကြတာ အားရစရာကောင်းပါတယ်။

မလေးရှားနိုင်ငံကတော့ ဦးဆောင်ပြီး ကောက်ခံမယ့်သူ ခုထက်ထိ မရှိသေးပါဘူး၊ ဒီနိုင်ငံမှာ Banking System ကို အသုံးပြုပေမယ့် ကျမတို့လို အချိန်မပေးနိုင်တဲ့ သူတွေ၊ ဘဏ်ပိတ်ချိန်နဲ့ အလုပ်နားရက် ထပ်တူကျနေတဲ့ သူတွေအဖို့တော့ သီးသန့်ကြီး ဘဏ်သွားဖို့နဲ့ ကောက်ခံတဲ့သူဆီကို ငွေလွှဲဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အဲ့ဒီတော့ ကျမ စဉ်းစားထားတာလေးရှိတော့ ရှိပါတယ်၊ လှူချင်တဲ့သူတွေက ကျမကို ယုံကြည်ကြမယ် ဆိုရင်ဖြင့် ကျမက ပို့စ်တစ်ခု ထပ်ရေးပြီး တင်ပေးပါ့မယ်။ ကျမလဲ ဘုန်းဘုန်းဆီ တိုက်ရိုက်ဆက်သွယ်လို့ မရသေးတဲ့အတွက် ဘာမှ မပြောလိုသေးပါဘူး။ အလှူငွေကို တခြားလူတွေဆီက ကောက်ခံလို့ မရခဲ့ရင်လဲ ဘုန်းဘုန်းနဲ့ ဆက်သွယ်ပြီး ကျမတစ်ယောက်တည်းပဲ တတ်နိုင်သလောက် လှူဒါန်းဖို့ ရည်ရွယ်ထားပါတယ်။

ကျမတို့လဲ ကုသိုလ်ယူကြရအောင်လို့ ထပ်မံပြီး တိုက်တွန်းပါရစေ...
အားလုံးကို ချစ်ခင်လေးစားလျက်..
*****

ဆက်လက်ဖတ်ရှုရန်...>>>>

ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲ ဖိတ်ကြားလွှာ

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ (ကူချိုင်းလားမား) မဟာစည်သြ၀ါဒခံ၊ ညောင်ကန်အေးသာသနာ့ရိပ်သာ
ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ဖိတ်ကြားလွှာ

ဗုဒ္ဓဘာသာ ကလျာဏအနွယ်ဝင် သူတော်စဉ်အပေါင်း သူမြတ်လောင်းတို့....

ယခင်က မလေးရှားနိုင်ငံ၊ ပူချုန်း (၆) မိုင်တွင် တည်ရှိခဲ့ပြီး ယခုအခါ ကူချိုင်းလားမား ရပ်ကွက်အတွင်းသို့ ပြောင်းရွှေ့ ဖွင့်လှစ်ပြီးဖြစ်သော ကျေးဇူးတော်ရှင် ညောင်ကန်အေး ဆရာတော်ဘုရားကြီး ဦးစီး တည်ထောင်တော်မူထားအပ်သော မဟာစည်ဩ၀ါဒခံ ညောင်ကန်အေးသာသနာ့ရိပ်သာ (ကူချိုင်းလားမား) ကြီးတွင် နှစ်စဉ်နှစ်တိုင်းကဲ့သို့ပင် ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတော်ကြီးကို ကျင်းပပူဇော်ကြမည် ဖြစ်ပါသည်။
ကျောင်းတော်၌ ပုရိမ၀ါဆို ၀ါကပ်ခိုမည့် ဆရာတော် သံဃာတော်များနှင့်အတူ ပင့်ဖိတ်ကြွလာ ထေရ်သံဃာတို့အား မြန်မာ့ရိုးရာ အစဉ်အလာနှင့်အညီ ၀ါဆိုသင်္ကန်း၊ ၀ါဆိုဆွမ်းနှင့် ၀ါဆိုပန်းများ ဆက်ကပ်လှူဒါန်း ပူဇော်မည်ဖြစ်ရာ စေတနာရှင် ကုသိုလ်ရှင် တို့အားလည်း တတ်စွမ်းသမျှ ဒါနကုသိုလ် ရယူနိုင်ပါရန်နှင့် စုပေါင်းပူဇော် ရေစက်ချ အလှူတော်သို့ ကိုယ်တိုင်သဟတ္ထိက တက်ရောက်ပါဝင် လှူဒါန်းတော် မူနိုင်ကြပါရန် နိဗ္ဗာန် အကျိုးမျှော်၍ တိုက်တွန်း နှိုးဆော်အပ်ပါသည်။

နေ့ရက်၁၂.၀၇.၂၀၀၉ ၀ါဆိုလဆုတ် (၆)ရက် (တနင်္ဂနွေနေ့)
အချိန်နံနက် (၈)နာရီမှ စတင်ပြီး နေ့လည် (၁၂း၀၀)နာရီတွင် ဆရာတော်အရှင်နန္ဒ၀ံသ၊ [သာသန ဓဇ ဓမ္မာစရိယ၊ ပရိယတ္တိ သာသနာ့ပါလ ဓမ္မာစရိယ၊ M.A (India) M.A (Srilanka)] မှ ရေစက်ချ တရားနာမည်ဖြစ်ပြီး တစ်နေ့လုံးတိုင်အောင် အကျွေးအမွေးများဖြင့် ဧည့်ခံကျွေးမွေး လှူဒါန်းကျင်းပမည် ဖြစ်သည်။
နေရာညောင်ကန်အေးသာနာ့ရိပ်သာ A.3-17, DYANSTY 2,
JALAN KUCHAILAMA MAJU 2, OFF JALAN, KUCHAILAMA, KUALALUMPUR.

အောက်ဖေါ်ပြပါ လှူဖွယ်ပစ္စည်းများကို ညောင်ကန်အေးသာသနာ့ရိပ်သာ ဝေယျာဝစ္စ အကျိုးဆောင်အဖွဲ့ ရုံးခန်းတွင် လွယ်ကူစွာ အဆင်သင့် ၀ယ်ယူ လှူဒါန်းနိုင်ပါသည်။
ပရိက္ခရာရှစ်ပါး အပြည့်အစုံတစ်စုံလျင်ရင်းဂစ်၁၁၀
သင်္ကန်းတစ်စုံတစ်စုံလျင်၅၀
နှစ်ထပ်သင်္ကန်းကြီးတစ်စုံလျင်၄၀
သပိတ်တစ်လုံးတစ်လုံးလျင်၁၅
ထီးတစ်လက်တစ်လက်လျင်၁၅
ဖိနပ်တစ်ရံ တစ်ရံလျင်၁၅

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော်၊ ကူချိုင်းလားမားတွင် တည်ရှိသော ညောင်ကန်အေး သာသနာ့ရိပ်သာကြီးတွင် တရားချစ်ခင်သူ သူတော်စဉ်များအနေဖြင့် ရှင်ရဟန်းပြုခြင်း၊ တရားဘာဝနာ ပွားများအားထုတ်ခြင်းများကို အချိန်မရွေး ပြုလုပ်အားထုတ်နိုင်ပါပြီ။

ဆရာတော် နှင့် တပည့်ဒါယကာ ဒါယကာမများ
ညောင်ကန်အေးသာသနာ့ရိပ်သာ (ကူချိုင်းလားမား)
ဖုံး - ၆၀၃ ၇၇၈၂ ၈၈၀၀၊ ၀၁၄ ၆၆၄ ၆၈၄၅
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Jun 20, 2009

သူ....

သူကတော့...
ကိုယ့်ရဲ့တိုင်းပြည်မှာ အကျဉ်းစံနေပြီး
လွတ်လပ်မှုကိုရအောင် တိုက်ယူနေတယ်။
ငါကတော့..
သူများတိုင်းပြည်မှာနေပြီး
လွတ်လပ်မှုကြောင့် ကျေကျေနပ်နပ်နဲ့ အကျဉ်းကျခံနေရတယ်။
သူကတော့...
ကိုယ့်တိုင်းပြည်မှာ ကိုယ်တိုင်စတေးခံပြီး
အမှန်တရားတွေ ပေါ်ပေါက်လာအောင် ဖော်ထုတ်နေတယ်။
ငါကတော့..
သူများတိုင်းပြည်မှာ
အမှန်တရားတွေ မဟုတ်ခဲ့လဲ မတရားဘူးလို့ မပြောရဲပဲ ငြိမ်ခံနေရတယ်။
သူကတော့...
ကိုယ့်တိုင်းပြည်မှာ အစာငတ်ခံနေပြီး
လူတိုင်း လူ့အခွင့်အရေးရဖို့ ဆန္ဒပြနေတယ်။
ငါကတော့..
သူများတိုင်းပြည်မှာ
အစာငတ်တစ်လှည့် မငတ်တစ်လှည့်နဲ့ လူ့အခွင့်အရေးတွေ တဖြည်းဖြည်း ဆုံးရှုံးနေရတယ်။
သူကတော့...
ဘ၀ရဲ့ ၃ ပုံ ၂ ပုံလောက် အကျဉ်းခံနေခဲ့ရသူ..
မွေးနေ့ပေါင်းများစွာကို တစ်ဦးတစ်ယောက်တည်း တိတ်ဆိတ်စွာ ကျော်ဖြတ်ခဲ့ရသူ..
ခင်ပွန်းသည်ရဲ့ နောက်ဆုံးခရီးကိုတောင် နှုတ်ဆက်ခွင့် မရရှာသူ..
ဒါပေမယ့်....
ကိုယ်တိုင်က အကျဉ်းကျနေလဲ တကမ္ဘာလုံးအနှံ့ကို ရောက်ရှိခဲ့တယ်။
ကိုယ်တိုင်စတေးခံနေရလဲ ဆုတောင်း အားပေးသူတွေ တကမ္ဘာလုံး ပြည့်နှက်နေခဲ့တယ်။
သူရပ်တည်နေတဲ့ Human Right ဆိုတာကို ကမ္ဘာအနှံ့က ထောက်ခံကြတာလဲ အံ့မခန်းပါပဲ။
သူဆိုတာကတော့...
ငါတို့ကို ကိုယ်တိုင် မွေးမထုတ်ခဲ့ပေမယ့် လူတိုင်းလေးစားရတဲ့ ငါတို့တိုင်းပြည်ရဲ့ ခေါင်းဆောင်ကောင်း ပီသတဲ့ အာဇာနည်တစ်ယောက် ငါတို့အားလုံး ဂုဏ်ယူနေရတဲ့ “မိခင်” ကောင်းတစ်ယောက်၊ ငါတို့တွေကိုချစ်တဲ့ ငါတို့ကလဲချစ်တဲ့ ငါတို့အားလုံးရဲ့ “အမေ” ပါပဲ။
“အို.. မိခင်” စိတ်ကျန်းမာ ကိုယ်ကျန်းမာ နဲ့ အမြန်ဆုံး အေးချမ်းစွာ လွတ်မြောက်ပါစေ... အသက်ရာကျော်ရှည်ပါစေ...
စစ်အာဏာရှင်စနစ် အမြန်ဆုံးကျဆုံးပါစေ.. မြန်မာပြည်ကြီးလဲ အမြန်ဆုံး အေးချမ်းသာယာပါစေ... အဖျက်ဗိုင်းရပ်စ်ပိုးများ ဘေးမှ အမြန်ဆုံး ကင်းဝေးပါစေ.....။
*****
ရေးချင်တဲ့စိတ် တကယ် လွတ်မြောက်စေလိုတဲ့ ဆန္ဒရင်းမှန်နဲ့ ဆုတောင်းပါတယ်၊ ရေးထားသည်များ အမှားပါခဲ့သော် နားလည်ပေးစေလိုပါတယ်...
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Jun 9, 2009

Happy Birthday My Eldest Sister!

ဇွန်လ (၉)ရက်နေ့က ညလေး အစ်မအကြီးဆုံးရဲ့ မွေးနေ့ပါ၊ မနေ့က တင်ချိန် မရှိလိုက်လို့ ဒီနေ့မှ ဘက်ဒိတ်နဲ့ ပြန်တင်လိုက်ပါတယ်။ ညလေးရဲ့ အစ်မ ဒီနေ့တွင် ကျရောက်သော မွေးနေ့မှသည် နောင်နှစ်များစွာတိုင် မိသားစုနဲ့ ပျော်ရွှင်စွာ အတူတကွ မခွဲမခွာ နေနိုင်ပြီး သားနှစ်ယောက်ကို လိမ္မာယဉ်ကျေးပြီး အဖိုးတန်သော သားများအဖြစ်၊ မိဘစကားကို နားထောင်သော မိဘနှစ်ပါးကို လုပ်ကျွေးပြုစုရသော ဆွေမျိုးများကို ပြန်လည် ကြည့်ရှုစောင့်ရှောက် နိုင်သော ပညာတတ် လူရည်မွန်လေးများ ဖြစ်အောင် သွန်သင်နိုင်ပါစေလို့...
မွေးနေ့ရှင်က ဗုဒ္ဓဟူး သမီးဖြစ်ပေမယ့် ဒီနှစ်မှာတော့ တနင်္လာနေ့မှာ ကျရောက်တဲ့ အတွက် ညလေးက ဘလော့ဂ်လာသမျှ လူတိုင်းကို တနင်္လာနံ ဟင်းလျာများနဲ့ တည်ခင်း ကျွေးမွေးမှာ ဖြစ်ပါတယ်၊ ဗုဒ္ဓဟူးနံလဲ ရှိရင် ထည့်ပေးပါ့မယ်..။ လာသမျှ လူတိုင်းက အားမနာ ပါးမနာ စားသောက်ကြပါလို့ ပါဆယ်လဲ ထုပ်ယူသွားလို့ရပါတယ်။
*****
ခရုမဆလာအစပ်ချက် (ဒီခရုက ခေါင်းဘက်ကနေ စုတ်ပြီး စားရတာ မစားတတ်ရင် လေကုန်ပါတယ်၊ ဒါက သူငယ်ချင်း ၀ယ်ကျွေးတုန်းက ရိုက်ထားတာ)
ခရုအချိုချက် (ဒီခရုကလဲ ရေကန်ထဲမှာ မွေးထားတုန်းက အသည်းယားစရာလေးတွေ နှာမောင်းလေးတွေလဲပါတယ်၊ မစားခင်မှာ ဆိုင်ရှင်အစ်မကြီးက စားကောင်းတယ် ဆိုတာနဲ့ မှာစားဖြစ်တာ အသားက ထုတ်ထုတ်လေး ကြက်သွန်ဖြူ နိုင်းချင်းနဲ့ အုန်းနို့ထည့်ပြီး ချက်ထားတယ် ထင်တာပဲ စားလို့ကောင်းတယ် အချိုချက်ပေါ့)
ခရုဟင်းရည် - ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ် နဲ့ ဟင်းနုနယ်ရွက်အနည်းငယ် ပဲ ပါပါတယ်။ (သွားတဲ့နေ့က ပင်လယ်စာ ရတဲ့ဆိုင်ဆိုတော့ သူငယ်ချင်းက ခရုတွေချည်းပဲ မှာလို့ စားဖြစ်တယ်)။ အရင်တုန်းက ညလေး ခရုမစားဖူးဘူး မစားရဲတာပေါ့၊ သူငယ်ချင်းက စားကြည့်ပေါ့တဲ့။ ဘာဖြစ်ဖြစ် စားဖူးထားတော့ ကောင်းတာပဲလေ ဟုတ်ဘူးလား... ဒီရောက်တော့ အမဲသားကလွဲရင် အကုန်စားပါတယ် (မစားတဲ့အသား စဉ်းစား မရသေးဘူး)။
ကြက်သားသုပ် (ပြုတ်ပြီး အသားတွေ နွင်ပြီးမှ သုပ်ပါတယ်)
ကြက်ကလီဇာအစပ်ချက် (ကြက်သည်းနဲ့ နှလုံးလေးတွေပဲ ပါတယ်နော်)
ကြာဇံကြော် (ဖြစ်သလို ကြော်လိုက်တယ် ခိ) စားကောင်းတာတော့ မပြောနဲ့ ကိုယ်တိုင်ကြော်မို့။
ကြက်သား အမွကြော် (ကြက်သား အစိမ်းတွေကို အသားတွေ ရအောင် လှီး/ခြစ် ယူပြီး အရိုးကိုကျ ဟင်းရည်ပြုတ်ပါတယ်၊ အဲ့ဒီအသားတွေကို ပါးပါးလေး ရအောင် လှီးပြီးမှ ဘလာချောင်သဘောမျိုး ကြော်ထားတာပါ၊ ငရုတ်သီးစိမ်းနဲ့ပါ)
ကြက်အူချောင်းအစပ်ချက် (ကြက်သားဟင်းချက်သလို ချက်ပါတယ်၊ ကြက်အူချောင်းတွေကို အရင်ကြော်လိုက်ပါတယ်)
ကန်စွန်းရွက်နဲ့မှိုကြော်
ကြက်ဥချဉ်ရည် (ဘဲဥက ဒီမှာ ဈေးကြီးပြီး အနည်းငယ်ရှားပါတယ်၊ ညလေးကတော့ ကြက်ဥမကြိုက်လို့ အရည်နဲ့ ကြက်ဥတစ်ခြမ်းလောက်ပဲ စားဖြစ်တယ်)
ခရမ်းသီးနှပ် (ဒီရောက်မှ နှပ်ဖူးတာပါ၊ ကောင်းမှကောင်းပဲ၊ အမေက အရမ်းကြိုက်တာ ရန်ကုန်မှာတုန်းက နှပ်လိုက်တိုင်း အဆင်မပြေပါဘူး အိမ်ပြန်ရောက်မှ အမေ့ကို ခရမ်းသီး နှပ်ကျွေးပါမယ်)
ခရမ်းချဉ်သီးသုပ် (အဆင်ပြေသလို သုပ်ပါတယ်နော်)
ငပိချက် (ငပိကို ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်းတို့နဲ့ စပ်စပ်လေး ချက်ပါတယ်)
ငရုတ်သီးဆားထောင်း (စပ်မယ်နော်)
ငါးမြစ်ချင်းကြော် (ဒါက နောက်ဆုံးပိတ်၊ ဟင်းတိုင်းလိုလို အစပ်တွေချည်းပဲ ဆိုတော့ ဒီတိုင်းစားသွားလဲ စိတ်မဆိုးဘူး)။
*****
အားလုံးပဲ ပျော်ရွှင်ကြပါစေနော်...
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Jun 7, 2009

ရွှေအိုး

ဒီဆိုက်ဒ် လေးက ရုပ်ရှင်တွေ အလကားကြည့်လို့ရတယ် သူငယ်ချင်း ကိုဖြိုးရဲ့ ဘလော့ဂ်က တွေ့လို့၊ ကော်ကောင်းရင် လုံးဝ မထစ်ဘူး မကောင်းရင်တော့ မသိသေးဘူးဗျ (ပြန်ပြောနော်)၊ ညလေးက ကြည့်ချင်တဲ့ အပိုင်းကို အရင်ဖွင့် နောက်အပိုင်းတွေလဲ New Tab နဲ့ ဆွဲဖွင့်ထားလိုက်တယ်၊ ဒီတော့ ညလေး ပထမကား ကြည့်ပြီးရင် နောက်တစ်ကား ဆက်ကြည့်ုယုံပဲပေါ့။ ကြည့်လိုက်ကြပေါ့နော် သိပြီးရင်လဲ ဆောရီးပါ၊ သူငယ်ချင်းတို့ သူတို့တွေရဲ့ ၀န်ဆောင်မှုကို ကျေနပ်ကြမှာပါ။ ညလေးကတော့ တစ်နေ့လုံးကြည့်ဖြစ်မယ်ဆို ၃/၄ ကား အသာလေးပေါ့။ အားတဲ့ချိန် တစ်နာရီလေး ရတာတောင် တစ်ကားလောက်တော့ ပြီးအောင်ကြည့်တယ်။ lol
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Jun 6, 2009

Asam Laksa

ဒီ Asam Laksa ဆိုတာ မလေးက စားစရာ တစ်မျိုးပါ၊ ဘာတွေ ပါလဲ ဆိုတော့ နန်းကြီးဖတ် (ဒါမှမဟုတ်) ကြာဇံကို ငါးနဲ့ ချက်ထားတဲ့ ဟင်းရည်စမ်းပြီး စားကြတာပါ။ အရသာကတော့ ချို၊ ချဉ်၊ စပ်ပါ။ မလေးတွေ ချက်ကြတဲ့ ငါးက ပလာတူးလို ငါးတစ်မျိုးပါ အရိုးများတယ် အကြောတက်ပါတယ်။
ပုံထဲမှာ မြင်ကြတဲ့အတိုင်းပဲ အ၀ါဖတ်တွေက နာနတ်သီးစိပ်တွေပါ၊ ကြက်သွန်နီ အစိမ်းတွေလဲ ထည့်ပါတယ်၊ ပူစီနံလဲ ထည့်တယ်။ ဒီကလူတွေ နှစ်ခြိုက်စွာ စားသုံးကြပေမယ့် ညလေးတော့ လုံးဝ လုံးဝကို မကြိုက်ပါဘူး။ ငါးအသားဖတ် အဖတ်လိုက်တွေ ပါတဲ့ ဟင်းရည်က ကြမ်းတယ် လျှာပေါ်မှာမစွဲပဲ လည်ချောင်း တစ်လျှောက်လဲ မျိုချရတာ ရှပါတယ်၊ အရိုးများတဲ့ ငါးဖြစ်ပြီး ငါးရိုးတွေ မနူးတဲ့အတွက်လဲ အရိုးတွေ ပါနေတတ်ပါတယ်၊ ငရုတ်စိမ်းမှုန့်တွေကို ဒီတိုင်းစားရသလိုမျိုး အစိမ်းနံ့လဲ ရပါတယ်။ ဟင်းရည်နံ့က အဝေးက အနံ့ရသူအဖို့ စားချင်စဖွယ်ဖြစ်ပေမယ့် တကယ် စားကြည့်တော့ မြန်မာပြည်က အညံ့စား မုန့်ဟင်းခါးလောက်တောင် စားမကောင်းပါဘူး။ မုန့်ပြင်တာတော့ (နန်းကြီးဖတ်၊ နာနတ်သီးစိပ်၊ ကြက်သွန်နီစိပ် အနည်းငယ်၊ ပူစီနံ) အဲ့ဒါတွေကို ပါဆယ်ဆို အိတ်နဲ့သပ်သပ်ထည့် ပြီးရင် ငါးပြုတ်ရည် စမ်းပေးတယ် ဒါပါပဲ။ တစ်ပွဲကို (3 Ringgit) ပါ။
စစ စားချင်းမှာ နန်းကြီးဖတ်ကြီး တွေ့တော့ မကြိုက်တာနဲ့ ကြာဇံဖတ်နဲ့ စားကြည့်ပါတယ် (မကောင်းပါ)၊ ဒါနဲ့ နန်းကြီးဖတ်နဲ့ ပြောင်းလဲ စားကြည့်တယ် ဒါလဲ မကောင်းပါဘူး အရည်သပ်သပ် အဖတ်သပ်သပ်ကြီး စားနေရသလိုပဲ (မကြိုက်တော့ မနည်း မျိုချရပါတယ်)၊ အရသာကလဲ ဘယ်နားမှာ ဘယ်အချိန်စားစား မပြောင်းလဲပါဘူး။ (အဲ... ပြောချင်တာက လုံးဝ လုံးဝ မကောင်းပါ။ စမ်းသပ်၍ စားကြည့်လိုက စားနိုင်သည်။)
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Jun 1, 2009

ချက်ဖြစ်တဲ့ဟင်းတွေ(၂)

ညလေး စာမရေးအားသေးလို့ ဒါလေးတွေပဲ တင်လိုက်တယ်။ တစ်ခါခါကျ အသားဟင်းမပါပဲ ရှိတာတွေနဲ့ ရှာကြံ ချက်ပြီး ကြုံသလို စားသောက်ပါတယ်။ ချက်နည်းကို သိချင်ရင်တော့ ပြန်ရိုက်ပေးပါ့မယ်၊ အားလုံးက ချက်တတ်ကြမယ့် ဟင်းတွေချည်းမို့ မတင်တော့တာ၊ အောက်ကပုံတွေ ကြည့်ပြီး ချက်စားချင်စိတ် ရှိလာကြရင် ပြောပေါ့။ ညလေးချက်တဲ့ ဟင်းတွေက အချိုနည်းတယ် အစပ်တော့ တအားစားပေါ့၊ အချိုစားရင် တစ်ခုခု လိုနေသလိုပဲ။ အချဉ်ဆိုလဲ ချဉ်နေမှ၊ အစပ်ဆိုရင် စပ်မှ၊ အပူဆိုရင်လဲ ပူလောင်လောင်မှ သဘောကျပါတယ်၊ ငံပြာရည် အရည်ချက်/ ငပိရည်ကျိုလိုမျိုး ကျရင်လဲ ငံနေမှ စားဝင်တယ်။
ကြက်ဟင်းခါးသီးချက်... မခါးဘူးနော် မြည်းကြည့်ပါဦးးးးး
ပဲတောင့်ရှည် အချဉ်သုပ်... အချဉ်ကို ပဲတီချဉ် တည်သလို တည်ပါတယ်နော်..
မျှစ်အစပ်ကြော်...
ငံပြာရည်ကြော်/ဘလချောင်ကြော်...
မုန်လာဥချဉ်ရည်....
*****

ဆက်လက်ဖတ်ရှုရန်...>>>>

 
Looking for something? Try :::