NyAlAy
အချိန်ပေး၍ လာရောက်ဖတ်ရှုသူများကို ကျေးဇူး အထူးတင်ရှိပါတယ်။ နှစ်သစ်မှာ ပျော်ရွှင် ငြိမ်းချမ်းကြပါစေ....

May 29, 2009

KLCC Last

KLCC ပုံတွေကို မတူတဲ့ နေရာတွေက ရိုက်ထားတဲ့ အတွက် သည်းခံကြနော.. ဒီပို့စ်ကတော့ နောက်ဆုံးပါ ထပ်ပြီး တင်နေရင်လဲ ပြောကြတော့မယ်... ဒါပေမယ့် ညလေးဆီမှာ ဒါတွေပဲ ရှိလို့ပါ၊ နောက်လ နားရက်ကို ဘယ်သွားရမလဲ စဉ်းစားထားတုန်း... ထပ်ရိုက်ဖြစ်ရင်တော့ တင်ဦးမယ်။ ဒီမှာပဲ ကြွားလို့ရတာကိုးးး

KLCC နောက်ခံထားပြီး ရိုက်ခဲ့တဲ့ ပုံတွေက မျက်နှာတွေ မည်းမှောင်နေလို့.. အားမရခဲ့ဘူး။ ကင်မရာထဲက Effect တွေ သိပ်မသိသေးတာလဲ ပါမယ်။
ဒါနဲ့ ထွက်ခါနီး ရေပန်းတွေ နဲ့ ရိုက်တော့လဲ မိုးအုံ့လို့ အရိပ်ကျလာပြီး အတော်လေး မှောင်လာတယ်လေ၊ အီးးးးးးးးး မျက်နှာလဲ မမြင်ရတော့ဘူး၊ ကင်မရာထဲ လျှောက်စမ်းရင်းနဲ့မှ မျက်နှာကို အလင်းပေးတဲ့ Effect လဲ တွေ့ရော မောင်လေးကို “KLCC နဲ့ ပြန်သွားရိုက်မယ် ဒီမှာ မျက်နှာ အရိပ်မကျတော့ဘူး” လို့ပြောတော့ “ပြန်တော့မယ်တဲ့ ၄ နာရီထိုးနေပြီ နောက်တစ်ခေါက်မှ” ဆိုပြီး ရိုက်မလာခဲ့ရတော့ပါဘူး (မောင်လေးက ပြန်ရမှာ ဝေးတယ်လေ)။ ဒီလိုနဲ့ ညလေးပုံတွေက KLCC နောက်ခံထားလို့ မျက်နှာမည်းတွေကြီးပဲ ပါလာတယ် (ဟင့် ဆိုးမှဆိုးပဲ)။
မိုးရွာတော့မယ့် ချိန်မှာ ပြန်လာလိုက်တယ်လေ... မိုးအုံ့နေတဲ့ ပုံက တစ်မျိုးပဲ အနည်းငယ် လွမ်းသွားလို့.. မိုးသားတွေ ကြည်နေရာက ချက်ချင်းကြီးကို မည်းတက်လာပုံက အတော်လေးကို အပြောင်းအလဲ မြန်တဲ့စိတ် ရှိသလိုပဲ...
အဲ့လို မည်းတက်လာပြီးတော့ မိုးပါ ပါလာပါတယ်... ရေပန်းနားရောက်တော့ လေနဲ့ရေပါလာလို့ အတော်လေး အေးသွားပါတယ်။ မိုးဖွဲဖွဲလေးတွေ စကျတယ် ညလေးတို့လဲ ပြေးရတော့တာပေါ့.. အမိုးအောက်ကို ၀င်ပြီး မကြာခင်မှာပဲ မိုးရွာချလာပါတော့တယ်... ညလေးလဲ အထဲမှာ ခဏနေပြီး တိတ်ခါနီးတော့ ပြန်လာလိုက်တယ်။ အထွက်နားမှာ ရောင်းနေတဲ့ ပေါင်မုန့်ဆိုင်ကနေ ပေါင်မုန့်တွေပဲ ၃/၄ ရက်စာ ဆိုပြီး ၀ယ်လာခဲ့လိုက်တယ်... သို့သော်.....
*****

ဆက်လက်ဖတ်ရှုရန်...>>>>

May 28, 2009

KLCC III

ဘာပဲပြောပြော ဒီပို့စ်ကို စလိုက်တာနဲ့ ပို့စ်တွေ အများကြီး ထွက်လာတယ် ခိခိ ဆားချက်လို့ ကောင်းမှကောင်း၊ ဓါတ်ပုံက တင်ရတာ ကြာတာရယ်၊ ညလေးက အချိန် သိပ်မရတာရယ်ကြောင့် ခုလို ပို့စ်များများ ထွက်လာခြင်း ဖြစ်ပါတယ်နော်.. ဆားချက်တာတော့ ဟုတ်ဘူး (ဒီလိုပဲ တစ်ယောက်တည်း စွဲလိုက် ပြန်ချေပလိုက် လုပ်နေရတာ)၊ သူငယ်ချင်းတို့ကို အချိန်မကုန်ပဲ တစ်ခါတည်း နှံ့သွားအောင် လိုက်ပြတာပါ စေတနာတွေပေါ့ (ဒါကတော့ အကြောင်းပြချက်)။
ရေပန်းက ရေရှိတဲ့ နေရာတိုင်းမှာ ရေပန်းတွေ ရှိတတ်ပါတယ်၊ ရေလွှတ်တဲ့ချိန်မှာ မတူညီတဲ့ ပုံစံနဲ့ ရေပန်းတွေကို မြင်တွေ့ရမှာပါ၊ ရေပန်းတွေ ကနေတာကို ညလေးတော့ တစ်ဝကြီး ထိုင်ကြည့်လာတယ်၊ ရုပ်သေ ဖမ်းယူတာထက်စာရင် ရုပ်အရှင်တွေက ပိုလှမယ်.. ထင်တယ်နော့...။
ဒီငါးကြီးကတော့ ကလေးရော လူကြီးတွေပါ ရေဆော့လို့ရတဲ့ ရေကန်နားမှာ အလှထားတဲ့ ငါးပါ၊ ရေဆော့တဲ့ နေရာက ပုံရဲ့ ညာဖက်ခြမ်းမှာ ဒီရေကန်ကတော့ ဆင်းဆော့လို့ မရပါဘူး၊ ငါးက တစ်ကောင်တည်း အထီးကျန်နေပါတယ်၊ ညလေး သူနဲ့ တွဲရိုက်တော့ ရှက်လို့တဲ့ တစ်ဖက် လှည့်သွားလေရဲ့ (ဟွန်းးး လူဆိုးးးးးးး)။
ဒါကတော့ ကုန်းလေးပေါ်က ရိုက်ထားတာပါ၊ ပုံထဲမှာ KLCC ကို ဓါတ်ပုံလှမ်းရိုက်နေတဲ့ ကောင်လေးက ညလေးရဲ့ မောင်ဝမ်းကွဲပါ (စိတ်ဝင်စားရင် ဆက်သွယ်လို့ရတယ်နော်)။ မောင်လေး မျက်နှာမူထားတဲ့ ဘက်က သွားရင် တံတားရဲ့အောက်ကို ရောက်ပါတယ်... အဲ့ဒီအောက်မှာ ထိုင်ပြီး ဓါတ်ပုံရိုက်လာတယ် biggrin
ခုနက ဟိုဖက်ခြမ်း ခုက ဒီဖက်ခြမ်းက ရိုက်တာ... ဒီငါးတစ်ကောင်ပဲ မော်ဒယ်လ်ရှိလို့ပါ၊ ကျန်တာ ဘာကောင်မှ မတွေ့ခဲ့ဘူး။ ပုံထဲမှာ ငါးရဲ့ ဟိုဖက်ခြမ်းက အစိမ်းရောင်နဲ့ ကာထားတာ ရေဆော့တဲ့ နေရာပါ၊ ပြင်နေတယ်လို့ ထင်တာပဲ၊ ဓါတ်ပုံ သွားမရိုက်ခဲ့ရဘူး၊ သူငယ်ချင်းတွေ ရေထဲ ဆင်းရိုက်လာကြတာ အဲ့နေရာပေါ့၊ နောက်တစ်ခါမှ သွားရိုက်ရမယ်။
ရေပန်းတွေကို ထောင့်မျိုးစုံကနေ ရိုက်လာပါတယ်... မလှရင်တော့ ညလေး ညံ့လို့ မှတ်ပါ.... ဒါက ရေပန်း အ၀ိုင်းသေးလေး။
ဒါကတော့ အလယ်မှာ ရေပန်း အကြီးပါတယ်၊ အမြင့်ကြီးပဲ တက်တယ်... ဘေးက ရေပန်း ပေါက်စလေးတွေကလဲ လိုက်ကနေကြတယ်၊ ညဘက်ဆို စလိုက်နဲ့ ပိုလှတယ်...
ရေလွှတ်ရင် တစ်စုစီလွှတ်တယ် ကြည့်လို့ အရမ်းကောင်းပါတယ်...
သည်းခံကြလော သဘောကျပြီဆိုရင် အများကြီး ရိုက်ဖြစ်သွားလို့ ရေပန်းတွေပဲ ဖြစ်နေတယ်... ခဏနေတော့ မိုးအုံ့လာပါတယ်၊ ရွာမယ်လို့တော့ ထင်သား... ဓါတ်ပုံရိုက်နေတုန်းမှာ လေတိုက်လိုက်တိုင်း ရေမှုန်တွေ လွင့်လွင့်လာပြီး ကိုယ့်စီ ရောက်လာတယ် မိုးရွာနေသလိုပဲ မွှမွှလေးတွေ တအား သဘောကျပါတယ်၊ ကင်မရာတော့ ရေစိုမှာ စိုးလို့ ခဏခဏ ရေသုတ်နေရတယ်...
KLCC ပုံတွေတော့ နောက်ပို့စ်မှပဲ ကြည့်ကြတော့နော်... ဒီနေ့တော့ မောသွားပြီ..
*****

ဆက်လက်ဖတ်ရှုရန်...>>>>

May 27, 2009

KLCC II

ဒီပို့စ်ကတော့ အောက်ကပို့စ်ရဲ့ အဆက်ပါ၊ ဆားချက်တယ်လို့ ထင်လိုက ထင်နိုင်ကြပါတယ်... :P
ဒါကလဲ အပေါက်နားက ရှူးပျံပါ (ပျူစောထီး လေးနဲ့ခွင်းခဲ့တာ ဒီရှူးပျံလား မသိ)၊ ခုချိန်ကတော့ ရုပ်ကြွင်းအဖြစ်သာ ကျန်ရစ်ခဲ့တော့တာပေါ့။
ရှူးပျံနဲ့ တွဲလျက် ရှိနေကြတဲ့ မော်လီကျူးလုံးတွေပါ.... တစ်ဆက်တည်းမှာပဲ လူကြီးတစ်ယောက်က လက်နှစ်ဖက်ကို အပေါ်မြှောက်လို့ ဟို/ဒီ ဝှေ့ယမ်းနေတာ တွေ့လိုက်တော့ အော် အပေါ်မှာ ဘာများ ရှိပါလိမ့်လို့ ခေါင်းမော့ပြီး လိုက်ကြည့်မိတာပေါ့။ လူကို အရူးဖြစ်လို့ ဘာမှလဲ ရှိဘူး၊ ထွက်လာတည်းက သံစဉ်တွေကို နားကတော့ ကြားမိလိုက်သား၊ သေချာကြည့်တော့မှ TV Screen ပေါ်က ရှိနေတဲ့ ရောင်စုံလှိုင်းတွေကို လက်နဲ့ ဝှေ့ယမ်းပြီး တီးနေတာကိုး။ ဒါ့ကြောင့် နားငြီးပါတယ်မှတ်တာ၊ လူတိုင်းတော့ စမ်းနေလေရဲ့ ဒါပေမယ့် တစ်ယောက်စမ်းတာ အတော်ကြာတော့ စောင့်ရတာပေါ့၊ ညလေးကတော့ အရူးလို့ ထင်မှာ စိုးတာနဲ့ မယမ်းခဲ့တော့ပါဘူး (လက်ပြောပါတယ်) လက်မြှောက်တယ်ဆိုတာ အရှုံးပေးတာမဟုတ်လား ဒ့ါကြောင့် လက်မြှောက်ရတဲ့အလုပ်ကို စိတ်မ၀င်စားဘူး။ :P
KLCC က အထပ် (၅)ထပ်ပဲ ရှိပါတယ်၊ အောက်ဆုံးကနေ အပေါ်ဆုံးထိ မ၀င် ၀င်အောင် ရိုက်ယူခဲ့ပါတယ်၊ ဟိုဖက်ခြမ်းမှာ မြင်ရတဲ့ အလုံးတွေ တွေ့လား အဲ့ဒါ “ဂေါ်ဇီလာ၊ ရှူးပျံ” ရှိတဲ့နေရာပေါ့။
လျှောက်သွားရတာ ညောင်းတာနဲ့ ပန်းခြံထဲ ဆင်းလာခဲ့လိုက်တယ်။ ရေပန်းတွေ ဖွင့်ထားတာ လှမှလှ.....
*****

ဆက်လက်ဖတ်ရှုရန်...>>>>

May 26, 2009

KLCC

ဘာရေးရမလဲ စဉ်းစားတာ ခေါင်းထဲက ဘာမှကို ထွက်မလာပါဘူး၊ ခုရက်ပိုင်းမှာ facebook ကို ခြေဦးလှည့်နေမိပါတယ်။ အဲ့ဒီမှာ အနည်းငယ် ၀င်မွှေနေပြီး ဘာတွေ သုံးလို့ရလဲ လိုက်ကြည့်နေလို့ ဒီဘက်ကို မလှည့်အားဘူး ဖြစ်နေတယ်။ ဘလော့ဂ်ဘက်ကို အားနည်းသွားတဲ့အတွက် လာဖတ်နေတဲ့ သူတွေကို အားနာပါတယ်၊ ဒီနေ့တော့ KLCC သွားခဲ့တုန်းက ရိုက်ဖြစ်ခဲ့တဲ့ ပုံတွေကို တင်မယ် စိတ်ကူးရလို့ တင်လိုက်ပါတယ်၊ သည်းခံပြီး ကြည့်ကြပါ။ ညလေးပုံတော့ မပါဘူးနော်.. :P
ရထားစောင့်နေရင်းနဲ့ တစ်ဖက်က လှမ်းမြင်ရတဲ့ Post Office ကို ရိုက်ထားတာပါ။
အပေါ်တက်လာရင်းက အ၀င်နားမှာ TV3 က ၂၅နှစ်ပြည့်အတွက် ဆွဲနေတဲ့ နံရံပန်းချီကို သဘောကျလို့ ရိုက်လာပါတယ်။ မှုတ်ဆေးသုံးပြီး ပုံဖော်နေကြတာပါ။
KLCC အပေါ်ဆုံးမှာ ရှိတဲ့ Discovery ပြတဲ့ နေရာက ပြိုင်ကားပါ။
ဒီဂေါ်ဇီလာခေါင်းကြီးကလဲ အဲ့နားကပါပဲ။
*****
ပြီးပြီလားဆိုတော့ ပြီးသေးဘူး ကျန်သေးတယ် ဓါတ်ပုံတွေ Upload လုပ်နေတာ ထပ်ပြီး ပေါ်မလာတော့လို့ ဒီနေ့တော့ ဒီလောက်နဲ့သာ ဒန်...တန့်...တန်.... Error 404 ကိုတော့ ကြောက်တယ် (မြန်မာပြည် ပြန်ရောက်နေသလိုပဲ) :P
*****

ဆက်လက်ဖတ်ရှုရန်...>>>>

May 20, 2009

အဲ့ဒီဗိုင်းရပ်စ်တွေကို ပြောပြလိုက်ပါ

ငါတို့မနက်ဖြန်ကို
(သူတို့) သိုဝှက်ပစ်လိုက်ကြတယ်..
မြို့ကြီးမှာ တိတ်ဆိတ်နေပေမယ့်
အတွင်းဘက်မှာ ပွက်လောညံလို့..
ပါးစပ်တွေ ပိတ်ထားရပေမယ့်
လက်သီးတွေ ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ကြ…
အကြောင်းမဲ့ အာဃာတ တရားတွေနဲ့
မိုက်ရူးရဲနေတဲ့ ကောင်တွေ
ကိုယ့်လိပ်ပြာကိုယ် မလုံစွာနဲ့
စည်းတွေ အထပ်ထပ် ခြားနားထားကြရဲ့..
ငါတို့ ပြက်ရယ်ပြုလိုက်ကြတယ်..
ပြီးတော့ မျက်ကွယ်ပြုလိုက်ကြတယ်
အဲ့ဒီတံတိုင်းတွေက..
ငါတို့ ခြေလှမ်းတွေကို မဆုတ်တွန့်သွားစေဘူး..
(၀မ်းနည်းပါတယ်….)
ဒါဟာ မင်းတို့ထင်သလို ဇာတ်သိမ်းခန်း မဟုတ်သေးဘူး
အခုမှ… ငါတို့ အာသီသတွေ ပိုပြီး နီစွေးလာတယ်
အခုမှ.. ငါတို့ ပို နိုးကြားလာကြတယ်..
အခုမှ.. ငါတို့တွေ အင်အားဖြစ်လာကြတယ်..
ညက မှောင်ပိန်းနေတာတောင်
ငါတို့ ခရီးဆက်ရဲကြပြီ…
ငါတို့အတွက် အလင်းတွေ ပြန်ရရှိဖို့
နီးကပ်လာပြီမှန်း ငါတို့ သိလိုက်ကြပြီ
ပြတင်းတံခါးတိုင်းဆီမှာ.. ငါတို့ခွန်အားတွေ အပြည့် ရှိလာခဲ့ကြပြီ
ငါတို့ ညှပ်ဖိနပ်သံတွေဟာ…
မင်းတို့ ရှူးဖိနပ်သံတွေကို ဖုံးလွှမ်းသွားကြတော့မယ်..
ခွေးလေခွေးလွင့်တွေရေ..
ဒါမှမဟုတ် ရူးနှမ်းနေတဲ့… သေချင်းဆိုး ဗိုင်းရပ်စ်တွေရေ..
ငါတို့.. မင်းတို့ဆီ.. ရဲရဲကြီး လျှောက်လာခဲ့ပါပြီ….။
*****
ဒီကဗျာကို မင်းယွန်း ဆီကနေ ယူပြီး တစ်ဆင့် ဖြန့်ဝေပါတယ်နော်...
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Mother Of Peace

ဒီ Video file ကို Google Reader ဖတ်ရင်းနဲ့ တောရိုင်းနှင်းဆီ တင်ထားတာတွေ့လို့ ဒေါ်စု နယ်လှည့် သွားနေတာတွေ ကြည့်ရင်းက “ငါက မြန်မာပြည်မှာသာ မွေးခဲ့တာ ဒေါ်စု ကို အပြင်မှာ တစ်ခါမှ မမြင်ဖူးခဲ့ပါလား” လို့ ခံစားလာရတာနဲ့ Youtube က လင့်ခ် သွားယူပြီး အမှတ်တရ တင်ဖြစ်တာပါ။ ဒီထဲက ဒေါ်စုရဲ့ ရဲရဲတောက်တဲ့ စကားတွေကို ကြားကြရမှာ...
*****

ဆက်လက်ဖတ်ရှုရန်...>>>>

May 14, 2009

ကျမရဲ့အတွေး

ကျမ...
အိမ်ခဏပြန်ရောက်သွားတယ်
အမေနဲ့ တွေ့တယ်လေ
မာကြောင်း သာကြောင်း
စကားတွေ တစ်လှေကြီးပေါ့
အမေ့အပြုံးတွေက ချိုလိုက်တာ...

“သမီးငယ်လေး နေကောင်းရဲ့လား” တဲ့
အကြိမ်ကြိမ် ကြားဖူးခဲ့ပေမယ့်
ဒီတစ်ခါတော့ လွမ်းလို့လားမသိ
စကားလေး တစ်ခွန်းထဲနဲ့
အားအင်တွေ ဖြစ်စေခဲ့တယ်။

နဖူးလေးပေါ် ကြင်နာလှတဲ့
အနမ်းလေးတစ်ပွင့်
နှင်းပွင့်လေးတွေ ကျလာသလိုပဲ
အေးမြခြင်းကြောင့်
အခါခါ တောင့်တမိပါရဲ့။

ပွေ့ဖက်လာတဲ့ လက်တစ်စုံက
နွေးထွေးမှုအပြည့်နဲ့ပေါ့
မောပန်းနွမ်းနယ်နေတဲ့ကျမ
ဘ၀အမောတွေ
တခဏလေးနဲ့ ပြေပျောက်ခဲ့တယ်။

အမေ့ရဲ့ လက်မောင်းအိုးကို ရီးလေးခိုပြီး
အတွေးထဲမှာတော့
ကမ္ဘာတစ်ပါတ် ပတ်နေစဲ..
*****

ဆက်လက်ဖတ်ရှုရန်...>>>>

May 12, 2009

ဖြောင့်ချင်ဦးဟ

စနေနေ့ ညက ရုံးကအပြန်မှာ ဆံပင်ညှပ်ဆိုင်သွားပြီး ဆံပင်သွားဖြောင့်ပါတယ်။ ပထမဆုံး အိမ်နားနီးတဲ့ ဆိုင်မှာ ဖြောင့်မယ်ဆိုပြီး သွားပေမယ့် ရောက်တော့ ဆိုင်တံခါးကြီး ပိတ်နေမှ ဆိုင်မဖွင့်မှန်း သိရတယ်။ ဒါနဲ့ ဟိုဖက်က (ပထမညှပ်ဖူးတယ်) ဆိုင်ကို ရောက်အောင် သွားပြီး.....
“အစ်မရေ ဆံပင် ပြင်လို့ရသေးလား”
“ညီမက ဘာလုပ်မှာလဲ မသိဘူးနော်”
“ဆံပင် ဖြောင့်ချင်တာပါ”
“ဒါဆို ကြာလိမ့်မယ်၊ အစ်မတို့ ဆိုင်က (၈း၃၀) ပိတ်တာပါ၊ ခု (၉း၀၀)နာရီ ကျော်နေပြီ”
“မရတော့ဘူးလားဟင်”
“ဒီနေ့ ညှပ်ယုံညှပ်ပြီး နက်ဖန်မှ ထပ်လာခဲ့ပါလား၊ နက်ဖန် အချိန်ရမလား”
“ညီမက နက်ဖန်နားရက်ပါ ဒါပေမယ့် မြို့ထဲသွားမလို့ အချိန်ရမှာ မဟုတ်ဘူး”
“ဟုတ်လား ဒါဆိုလဲ ဆိုင်ရှင်ကို မေးလိုက်ဦးမယ်နော် ခဏ”
*****
“အိုကေ ညီမ ဆိုင်ရှင်က ရတယ်တဲ့”
“ဖြောင့်ရင် ဘယ်လောက် ကျမလဲဟင်”
“ဆံပင်ကို ဖြောင့်တာက ၁၈၀ ပါ၊ လအနည်းငယ်ပဲ ခံမယ့်ဆေးထည့်ရင်တော့ ၃၀ ထပ်ပေးရမယ်၊ ၁ နှစ်ကြာ ခံချင်တယ်ဆိုရင် ၆၀ ထပ်ပေါင်းမယ်၊ အားလုံး ၂၄၀ ကျမှာပါ”
“ဟုတ်လား အင်းးးး ဒါဆို... နှစ်ကြာခံမယ့် ဆေးပဲထည့်ပေးပါနော် ၂၄၀ ပေါ့”
“ဟုတ်တယ် ဆံပင်ကို ပြင်ပြီးပြီဆိုရင် ဆီပါတဲ့ ဆီထွက်တဲ့ Hair Coat တွေ မလိမ်းနဲ့တော့ အဲ့ဒါတွေက မကောင်းဘူး၊ အစ်မတို့သုံးတာက ဆီမပါဘူး ဒီမှာကြည့် ဆီမရှိဘူး ဟုတ်” ဆိုပြီး သူတို့ဆိုင်က ရောင်းတဲ့ Hair Coat ကို လက်ဖမိုးမှာ အနည်းငယ် လိမ်းပြပါတယ်၊ ဟုတ်ရဲ့ ဆီမရှိဘူး၊ မွှေးမွှေးလေး။
“ပြီးတော့ ညီမ ခေါင်းလျှော်ရည်နဲ့ ပေါင်းတင်ရည်ကိုလဲ အရင်ဟာတွေ မသုံးနဲ့တော့ အစ်မတို့ ဆိုင်မှာ ရောင်းတာက ကောင်းတယ်၊ ဒီ Hair Coat က (၆၂ ရင်းဂစ်) ခေါင်းလျှော်ရည် နဲ့ ပေါင်းတင်ရည်က တစ်ဗူးကို (ရင်းဂစ် ၃၀) စီ၊ ဆံပင်ပြောင်အောင် မှုတ်တာက (၄၂ ရင်းဂစ်)၊ တစ်ဗူးချင်းစီ ၀ယ်ရင်တော့ ဒီဈေးတွေပေါ့၊ ခေါင်းလျှော်ရည်ရယ် ပေါင်းတင်တာနဲ့ Hair Coat ဗူး ၀ယ်ရင် မှုတ်ဆေးကို အလကားပေးတယ်။ အားလုံးပေါင်းမှ (၁၂၂ ရင်းဂစ်) ပဲကျမှာ ယူမလား ညီမ”
“အင်းးး စဉ်းစားဦးမယ်နော်”
“မများပါဘူး ညီမရဲ့ ဈေးသက်သာတာ အပြင်တွေမှာဆို ပိုပေးရမှာ၊ လာညီမ တစ်ခါတည်း ခေါင်းလျှော်လိုက်ရအောင်”
ဒါနဲ့ပဲ ညလေး ဖြောင့်ဖြစ်သွားတယ်လေ...
ဒီလိုနဲ့ ညလေးတစ်ယောက် ပက်လက်လေးပေါ့၊ ခေါင်းလျှော်မယ့် အိပ်စင်ပေါ်မှာပါနော်။ ခေါင်းလျှော်တာက ဘာမှ မနှိပ်ပါဘူး၊ ပိုက်ကိုင်ထားတဲ့ လက်နဲ့ နဖူးကို လာထောက်ပြီး ရေလောင်းတာ အတော်လေး နာပါတယ်။ အလုပ်က ပင်ပန်းလာတော့ အိပ်ပျော်မသွားအောင် မနည်း ထိန်းထားရတယ်။ ပြီးတော့ သဘတ်နဲ့ ခေါင်းကိုပေါင်းပေးပြီး ထဖို့ တွန်းလွှတ်လိုက်တော့ မထချင် ထချင်နဲ့ ထလိုက်ရပါတယ်။

ရေစိုနေတဲ့ ခေါင်းကို လူနှစ်ယောက် တစ်ပြိုင်နက် သုတ်ပေးပါတယ်၊ အချိန်လုပြီး လုပ်ရတာ မဟုတ်လား။ ပြီးတော့ လေမှုတ်တယ်၊ ၀ါးးး အတော်လေး ပူတာပါလား၊ သူတို့ကပဲ မြန်ချင်တာလား ကိုယ်ကပဲ အပူမခံနိုင်တာလား မသိဘူး၊ ခေါင်းတစ်ခုလုံး ငရဲမီးနဲ့ မြှိုက်နေတယ်လို့ ခံစားရတယ်။ “အားးးးး ပူလိုက်တာ” လို့ အော်ချင်စိတ်ကို မနည်း ထိန်းထားရတယ်။ Dryer က အကြီးစားကြီးနဲ့လေ ဆံပင်တွေ ဖွ ဖွပြီး မှုတ်ပေးတာ၊ ဆံပင်တွေ ရှုပ်ကုန်တာလဲ ဘီးနဲ့ ပြန်မဖီးပေးဘူး၊ ဒီတိုင်းကြီးပဲ...။ ပြီးတော့ ဆေးတွေနဲ့ စလိမ်းပါတယ်၊ သူတို့တွေက လက်အိတ်စွပ်ပြီး လိမ်းပေးပါတယ်၊ ဆံပင်ဆိုးတဲ့ ဘီးနဲ့ နှစ်ယောက်ပါပဲ။ ဆေးက နံလိုက်တာ မပြောနဲ့၊ မျက်နှာကို ညာဖက်လှည့်လိုက်ရင် မျက်လုံးကို လာဟပ်တယ်၊ ပူသွားတာပဲ ဘယ်ဘက်လဲ ဒီတိုင်းပဲ၊ ဒါနဲ့ ခေါင်းကို ဘယ်မှ မလှည့်ရဲဘူး တည့်တည့်လေးပဲ နေရတာ၊ ညောင်းလိုက်တာ။ ညလေးခေါင်းကို လိမ်းရတာ အတော်လေး ကြာပါတယ်၊ သြော် သူများတွေလို ကော်ပြားကြီးနဲ့ ဆံပင်တွေမှာ ကပ်မလားဆိုပြီး စောင့်နေပေမယ့် မကပ်ပါဘူး၊ ညလေးဆံပင်က နဂိုဖြောင့်မို့ ထင်ပါတယ်၊ လိမ်းပြီးတော့ ဆေးကို ခြောက်တဲ့ထိ ထားပါတယ်။

ဆေးခြောက်ဖို့ကို အတော်လေး ထိုင်စောင့်ရပါတယ်၊ ဆေးနံ့ကြောင့် အိပ်ချင်နေတာလဲ မအိပ်ရ စာဖတ်ပြန်တော့လဲ ခေါင်းကို ရှေ့ငိုက်လို့မရနဲ့ အတော်လေး ဒုက္ခများပါတယ်။ ခေါင်းလှည့်ချင်ရင် အောက်က ထိုင်ခုံပါ တစ်ခါတည်း လှည့်နေရပါတယ်။ ခြောက်လောက်ပြီဆိုတော့ စက်တစ်ခု တွန်းလာပြီး ခေါင်းမှာ စွပ်ပါတယ်၊ အလယ်အပေါက်နဲ့ အ၀ိုင်းကြီးပါပြီး ဖွင့်လိုက်တာနဲ့ အဲ့ဒါကြီးက လည်လာပါတယ်၊ တဖြည်းဖြည်းနဲ့လဲ ပူလာပါတယ်။ စက်ကို ခေါင်းပေါ်မှာ တင်ထားပြီး လှည့်တဲ့ခါမှာ မျက်နှာအထက် ရောက်တဲ့ချိန်မှာ အပူရှိန်ကြောင့် မျက်နှာပါ ပေါင်းတင်ပေးသလား ထင်ရတယ်။ သူတို့ကတော့ နာရီချိန်ထားတယ် ထင်ပါတယ်၊ ညလေးကတော့ အတော်လေး ကြာတယ်လို့ ယူဆမိတယ်။ အချိန်အတော်ကြာ အပူခံပြီးတော့ စက်ကြီးက ထမြည်ပါရော... တီ.. တီ... တီ.... နဲ့။

ခဏနေတော့ “လာ ခေါင်းလျှော်မယ်” ဆိုလို့ ခေါင်းလျှော်ရပြန်ရော၊ ခုနကပဲ အပူပေးထားတာ ခု ခေါင်းကို ရေ ပြန်စွတ်မယ်ဆိုတော့ ကိုယ်က စိတ်ပူရပါသေးတယ်၊ မတော် လျှောသွားမှ ဒွတ်ခ confused။ ကိုယ်ကသာ စိတ်ပူနေမိတာ သူတို့ကတော့ အလျှော်မပျက်ပါဘူး၊ ခေါင်းလျှော်ရည်နဲ့ စိန်ပြေနပြေ ဆေးချနေပါတယ်။ ပိုက်နဲ့လက် ထောက်လို့ နဖူးနာတာတော့ မပြောနဲ့၊ ပြီးသွားတော့ အစောနကလို သဘတ်နဲ့ ထုပ်ပြီး ထခိုင်းပြန်ရော။

ဒီတစ်ခါလဲ နှစ်ယောက် အပြိုင်သုတ်ပါတယ်၊ မသိရင် ပြိုင်ပွဲ ၀င်နေကြသလိုပါပဲ။ ရေစစ်အောင် သုတ်ပြီးတော့ လေမှုတ်စက်ယူပြီး လေမှုတ်ပြန်ရော (ပူရပြန်ရော တစ်ခါ)။ ပြီးတော့ ဖြောင့်စက်တွေ ယူပြီး ဖြောင့်ဖို့ လုပ်ပါတယ်၊ စ ဆွဲပါတယ် ခင်ဗျာ... နောက်မှာ တစ်ယောက် ညာဖက်ဘေးက တစ်ယောက်ပါ။ ညလေးရဲ့ ခေါင်းဆိုတာ နောက်ကဆွဲလို့ နောက်ယိုင်သွားလိုက်၊ ဘေးကဆွဲလို့ ဘေးယိမ်းသွားလိုက်နဲ့ ခေါင်းကို သူတို့ဆီ ပါမသွားအောင် ထိန်းထားလဲ မရပါဘူး လည်ပင်းကြောသာ ထောင်လာတယ် ပါသွားမြဲပါ။ တစ်ယောက်က သိပ်မကျွမ်းသေးဘူး ထင်ပါတယ်၊ ခဏနေတော့ ဆိုင်ရှင်ကိုယ်တိုင် ကိုင်ပါလေရော.. အဲ့ဒါမှ ပိုဆိုးတာ၊ အာ... လာ... လာ....... ဆွဲတာမှ တစ်အားးးးးးးးး သူက မြန်တယ် အားရပါးရလဲ ဆွဲတယ်၊ ဆိုင်ရှင်က အပေါ်က ထောင်ဆွဲလိုက်၊ နောက်တစ်ယောက်က နောက်ဖက်က ဖိဆွဲလိုက်နဲ့။ ပူကလဲပူ၊ ခေါင်းကိုလဲ ရှေ့တိုး နောက်ငင်နဲ့ အပြိုင် ဆွဲနေကြတာကို လိုက်ထိန်းနဲ့ တစ်ခေါင်းလုံး ချွေးပြန်လာပါတယ်၊ နဖူးမှာပါ ချွေးပြန်လာရော၊ ဒါနဲ့ ဆိုင်ရှင်က ခုနက အနားပေးထားတဲ့ ကောင်မလေးကို “နင်ဘာလုပ်နေလဲ၊ လာဒီမှာ လေအေးနဲ့ လာမှုတ်ပေး၊ ချွေးထွက်နေပြီ” လို့ ပြောလို့သာ လေမှုတ်စက်ကြီးနဲ့ တစ်ခါ ဦးရေပြားတွေကို လိုက်မှုတ်ပြန်ရော၊ ဒီတစ်ခါ အအေးမို့ တော်သေးရဲ့။ ဆိုင်ရှင်က အတွင်းက ချွေးထွက်လာရင် ဆံပင်တွေပါ စိုလာပြီး ဖြောင့်နေတာ အရာမထင်မှာ စိုးလို့တဲ့။ အတော်လေး ကြာသွားမှ ပြီးပါတယ် နာရီဝက်တောင် ရှိမလားပဲ (ဆံပင်ကို ဖြောင့်တာ အကြာဆုံးပါပဲ)။

ဆံပင်ကို အအေးခံပါတယ်၊ ပြီးတော့ Hair Coat အနည်းငယ် လိမ်းပေးတယ်၊ ခဏနေတော့ နောက်ထပ် ဆေးဖြူဖြူတွေ လာသုတ်ပြန်ရော၊ သိပ်မကျွမ်းသေးတဲ့ ကောင်မလေးပဲ လိမ်းပေးပါတယ်။ ဒီတစ်ခါတော့ ဆေးက အတော်လေး မွှေးတယ် အနံ့လေးက သင်းသင်းလေး အေးလဲအေးပါ့ ဇိမ်ပဲ၊ ခုနနဲ့တော့ တစ်ခြားစီပေါ့။ လိမ်းပြီးတော့ အတော်လေး ကြာကြာ ခြောက်အောင် ထားပါသေးတယ် ညလေးက ဆေးနံ့သဘောကျလို့ ဘယ် ညာလှည့်ပြီး အနံ့ရှုပါတယ်။ ဆိုင်ထဲမှာ ခွေးပေါက်လေး တစ်ကောင်ရှိပါတယ်၊ ဆိုင်ရှင်ယောက်ျားက ခွေးပေါက်နဲ့ ဆော့လိုက်၊ သေး ချေး တည်လိုက်နဲ့ ခွေးလေးက ဟိုဒီ လျှောက်နမ်းတာကို “တ ဟဲ့ ဟဲ့” နဲ့အော်နေကြတာ၊ ညလေးက တိရိစ္ဆာန်ဆို ချစ်တတ်တာနဲ့ အဲ့ဒီ ခွေးပေါက် လျှောက်သွားတိုင်း ခုံကို လည်ပြီး လိုက်ကြည့်တာပေါ့။ ခွေးက လျှောက်ဆော့ရင်းနဲ့ ညလေး ဆံပင်ကို နောက်ကနေ လာဆွဲပါတယ်၊ ဒါကို အားလုံးက ၀ိုင်းအော်လိုက်ကြတာ၊ ခိ.. ညလေးလဲ ခုံကို အမြန်လှည့်ရတာပေါ့။ အခြောက်ခံတာလဲ အတော်ကြာပေါ့၊ သူတို့တွေလဲ ခြောက်မခြောက် လာလာ ကိုင်ရတာ။

ခြောက်ပြီလို့လဲ ဆိုရော စက်တစ်ခု တွန်းလာပြန်ရော ဆံပင်ကိုလဲ အ၀တ်အမည်းကြီး လာအုပ်ပါတယ်၊ အ၀ိုင်း အပေါက်က တိုးလျိုပေါက်၊ ဆံပင်ကို လျှိုသွင်းပြီး သားရေကြိုးကို နဖူးကနေ နောက်ဖက်ထိစည်းပြီး ဆံပင်ကို အ၀တ်မည်းထဲ ထည့်ထားပါတယ်။ စက်မှာလဲ အပေါ်က ပေါင်းချောင်လို ဖန်အုပ်နဲ့ ခေါင်းစွပ်တဲ့နေရာမှာ အ၀တ်မည်းနဲ့ပါ။ ညလေးရဲ့ ခေါင်းကို စက်က အ၀တ်မည်းထဲ ထည့်ပြီး ချည်လိုက်ပါတယ်၊ အချိန် ၁၅ မိနစ် ပေးပါတယ်။ ဖွင့်ပြီးတော့ တဖြည်းဖြည်းနဲ့ ပူလာပါတယ်၊ အပေါ်ကလဲ အငွေ့တွေ ထွက်လာပါတယ်၊ မသိရင် ညလေးခေါင်းကို ထည့်ပြီး ပေါင်းနေသလိုပဲ (မှန်ထဲမြင်ရတဲ့ ကိုယ့်ပုံကိုယ် ကြည့်ရင်း ငါးပေါင်းခဲ့တာကို သွားသတိရမိပါတယ်)။ ဒီစက်ကတော့ သိပ်မဆိုးပါဘူး ညလေးက စက်နားကပ်နေလို့လား မသိဘူး ပေါင်းအိုးတွေနဲ့ ပေါင်းတဲ့ခါမှာ ထွက်လာတဲ့ အသံကိုပါ ကြားနေရတယ် ဟားးဟားး မဆိုးလား။ မပြီးသေးဘူးလား မေးတဲ့သူနဲ့ လာကြည့်တဲ့ သူနဲ့၊ ညလေးကတော့ ပြီးမှာ စိုးရတယ်၊ နေလို့ ကောင်းတယ်။ ခေါင်း လှုပ်မရပေမယ့် ဆံပင်သားတွေ နွေးလာတာ ပူလာတာ ပျော့လာတာ ခံစားရပါတယ် (ဒီစက်ကြီးတော့ သဘောကျပေါ့ ပြန်ရင် ရန်ကုန်မှာ ဆိုင်ဖွင့်မယ်)။ အချိန်ပြည့်တော့ စက်က တတီတီနဲ့ မြည်ပြီး ညလေးရဲ့ ခေါင်းက တဖြည်းဖြည်း အေးလို့လာပါတယ် အိုးးးးးးးးး ကောင်းလိုက်တာမှ စက်က အလိုလိုကို အအေးတွေ လွှတ်ပေးနေတာပေါ့။ ဇိမ်ခံ ကောင်းနေတုန်းမှာပဲ စက်က ရပ်သွားတဲ့အတွက် ခေါင်းက အ၀တ်မည်းကို ချွတ်ပြီး စက်ကြီးပါ တွန်းသွားပါရော။

“လာညီမ ခေါင်းလျှော်ရအောင်” တဲ့ စိတ်ထဲကတော့ လျှော် လျှော်နိုင်လွန်းးးး လို့။ ဒီတစ်ခါတော့ အငယ်လေးပဲ လျှော်ပေးပါတော့တယ်၊ ရေပဲဆေးချတယ် ထင်ပါတယ်၊ လိမ်းထားတဲ့ ဆေးတွေပဲ စင်အောင် ဆေးပေးတာပါ။ ဆေးလဲပြီးရော သဘတ်နဲ့ ပေါင်းပေးတာမှာ မပေါင်းတတ်လို့ သဘတ်ကို ကိုယ့်လက်နဲ့ ကိုယ် ကိုင်ပြီး ထလာရပါတယ် (ပညာကွာတာပေါ့)။

ဒီတစ်ခါလဲ မခြောက် ခြောက်အောင် ၀ိုင်း သုတ်ကြပါသေးတယ်၊ ရေစစ်တော့ Dryer နဲ့ နှစ်ယောက် မှုတ်ပြန်ရော ဒါလဲ ဆိုင်ရှင်က ၀င်မှုတ်ပါတယ် (သူက အတော်လေး ကျွမ်းပုံရတယ်)။ Dryer နဲ့ မှုတ်ရာမှာ ခေါင်းအပေါ်ကနေ အောက်ကို မှုတ်ချပါတယ်၊ ပြီးသွားတော့ Hair Coat အနည်းငယ် ထပ်လိမ်းပေးတယ်၊ ဆံပင်က မညီလို့ ဆိုင်ရှင်ပဲ အနည်းငယ် ထပ်ညှိပေးပါတယ်။ ကဲ ပြီးသွားပြီတဲ့ မလှဘူးလား.. ညလေးကို မေးပါတယ်၊ မြင်တယ်ဟုတ် ဖြောင့်ပြီးခါစ ဆံပင်လေးနဲ့လေ။

“ညီမ Hair Coat က ၀ယ်သွားပါလားတဲ့ အရင်သုံးနေတာတွေ မသုံးနဲ့တော့နော်” လို့ ထပ်ပြောလာရင်း Hair Coat ကို ဆံပင် ဘယ်နားက စလိမ်းရတယ် ပြီးတော့မှ လက်က ကျန်တာနဲ့ ခေါင်းထိပ်ကို ပွတ်ပါဆိုပြီး ထပ်လာလိမ်းပေး နေလို့ အားနာတတ်တာနဲ့ (လိုချင်တာလဲ ပါတာပေါ့ wink) တစ်ဗူးဝယ်လာပါတယ်။ ဒါနဲ့ ညလေး ဆံပင်သွားဖြောင့်တာ အားလုံးပေါင်း (ရင်းဂစ် ၃၀၀ တိတိ) ကုန်ခဲ့ပါကြောင်းးးးးးးးးး နဲ့ နောက်ပို့စ်မှာ တနင်္ဂနွေနေ့က KLCC ကို ဆံပင် အဖြောင့်လေးနဲ့ သွားခဲ့ပါကြောင်းးးး နောက်တစ်ပို့စ်မှာ ကြည့်ပေါ့နော်.. အဲ ဆံပင်တော့ ပြပါမယ်... ခိ..။

ကဲ ကောင်မလေးများ ဆံပင်ဖြောင့်မယ်ဆိုရင် အဆွဲခံနိုင်မှ ဖြစ်မယ်နော်.....lol
*****

ဆက်လက်ဖတ်ရှုရန်...>>>>

May 9, 2009

ABC Soup

“နင်ဘာချက်လဲတဲ့” တစ်နေ့မှာ ညလေးကို သူငယ်ချင်းက မေးတယ်
“ABC ဟင်းရည်” လို့ဖြေတော့ သူက ရီတယ် (ဒီမှာနေကြပေမယ့် တစ်ချို့တွေလဲ မသိကြပါဘူး)
နောက်တစ်နေ့ကျ ညလေးက “နင် ဒီနေ့ ဘာဟင်းချက်လဲ” လို့ ပြန်မေးမိတယ်
“ကွန်ပျူတာဟင်း” တဲ့ eek။ ခွိခွိ
“ဟုတ်လို့လား ငါက တကယ် ABC Soup ဟ” ဆိုပြီး ဘာတွေ ဘာတွေ ပါပြီး ဘယ်လို ဘယ်လို တည်ရတယ်လို့လဲ ပြောရော.. သူက သဘောကျသွားတယ်။
“နင်ကရော ဘာဟင်းလဲ၊ ဘယ်လိုချက်လဲ ပြောပြ” ဆိုတော့မှ
“ဘာမှ မဟုတ်ဘူးဟေ့ နင် နောက်တယ်ထင်လို့ ငါပြန်နောက်တာ” တဲ့။ ကဲ ရှင်းရော
“ငါက နောက်နေတာ မဟုတ်ဘူးဟေ့ ရှေ့နေတာ” ကဲ အေးရော... rolleyes
*****
ABC Soup ဆိုလို့ ABC တွေ ထည့်ပြုတ်ထားတာတော့ မဟုတ်ပါဘူး၊ ဒီမှာရှိတဲ့ တရုတ်တွေ အင်ဒိုတွေ အသောက်များ၊ အချက်များတဲ့ ဟင်းရည်တစ်မျိုးပါ၊ သူတို့က ABC ခေါ်လို့ ညလေးတို့လဲ ABC ရတာပေါ့။ ရန်ကုန်မှာ တုန်းကတော့ သူငယ်ချင်း ကချင်မလေး ချက်တာ သောက်တာ မြင်ဖူးတယ်၊ သူကတော့ အာဟာရ ဆိုလားးးး။
ဒါကတော့ ရုံးမှာ ချက်တဲ့နေ့က ညလေး ယူသောက်တဲ့ ဟင်းရည်ပါ။ သူ့ထဲမှာ ပါဝင်တာ တွေကတော့ ကြက်သား၊ အာလူး၊ မုန်လာဥနီ၊ ခရမ်းချဉ်သီး နဲ့ ကြက်သွန်နီ တို့ပါပဲ။ အဲ့ဒါတွေ အားလုံးကို လိုအပ်သလို (ကြိုက်သလို) လှီးပြီး နူးအိနေအောင် အသီးတွေဆို ကြေလောက်အောင် ပြုတ်ထားတဲ့ အရည်ကို ခေါ်ပါတယ်နော်၊ ကြာကြာပြုတ်လေ ပိုကောင်းလေ ပါ။ နလန်ထစ လူမမာနဲ့ သင့်တော်မှာပါ။

ဒီမှာတော့ ဘာပဲချက်ချက် ညလေးတို့လို ကြက်သွန်ဖြူတို့ ဂျင်းတို့ မထည့်ပဲ သူ့သဘာဝတိုင်း အသားတွေ အသီးအရွက်တွေကို ပြုတ်စား ကြော်စားတာ မြင်ရပါတယ်။ ဒီမှာ အင်ဒို အစ်မကြီးက ဒိုင်ခံချက်ပြုတ်ပေးတယ်၊ သူချက်တိုင်း စစချင်းမှာ ဘာနံ့မှန်းကို မသိဘူး၊ နောက်မှ တဖြည်းဖြည်း အနံ့က မွှေးလာတာ ပြီးတော့ ဆားနဲ့ ဟင်းချိုမှုန့် မပါဘူး၊ ဘာလို့ အဲ့ဒါတွေ မထည့်လဲ မေးတော့ “Boss မကြိုက်ဘူး” တဲ့လေ ရှင်းရော။
“Dalam tak ada taruh Bawang Putih dan Haliyah, Kenapa?” ဒါလန်းမ် သာဒါ သာရို့တ် ဘာဝမ်ပူတေ့စ် ဒန် ဟာလီရာ့ရ်၊ ကနာ့ပါး? (အထဲမှာ ဘာဖြစ်လို့ ကြက်သွန်ဖြူ နဲ့ ဂျင်း မထည့်တာလဲ?)
“Tak ada apa-pa lah, Boss tak sukah!” သာဒါ အပါ့ပါ၊ ဘော့စ် သာစူကာ့! (ဘာမှ မဟုတ်ပါဘူး၊ ဘော့စ် မကြိုက်လို့ပါ) lol

ရန်ကုန်က သူငယ်ချင်း ပြုတ်တာတော့ ကြက်သား၊ အာလူး၊ မုန်လာဥနီ၊ ခရမ်းချဉ်သီး နဲ့ ကြက်သွန်နီ တို့အပြင် ပိန်းကြက်ဥလေး တွေပါ ထည့်ချက်ထားတာ တွေ့ရပါတယ်။ ဒီဟင်းရည်က ထည့်ထားတဲ့ အရာတွေကို နူးအောင် ပြုတ်လိုက်တဲ့ခါမှာ သူတို့ဆီက ထွက်လာတဲ့ အဆီအနှစ်တွေကို သောက်ရတဲ့လူက အားမရှိပဲ နေပါတော့မလား၊ ထည့်ထားတာတွေ အားလုံးကလဲ အားရှိတာတွေပဲ ဆိုတော့ ဒီဟင်းရည် သောက်မှတော့ အင်းးး ပြောတော့ဘူးနော်....

ညလေး အိမ်မှာ ပြုတ်ရင်တော့ ကြက်သွန်ဖြူနဲ့ ဂျင်း ထည့်ပါတယ်နော်၊ သောက်လို့ကောင်းတယ်၊ ချိုတာမှ တအားပဲ။ ကြိုက်မယ်ထင်ရင် စမ်းချက်ကြည့်ကြပါနော်၊ အမုန်းတော့ ပြုတ်နော်.... wink
*****

ဆက်လက်ဖတ်ရှုရန်...>>>>

May 8, 2009

ပေါ်တူဂီချိစ်ထမင်း

ပို့စ်ခေါင်းစဉ်ကြည့်ပြီး ညလေး ချက်တယ်လို့ မထင်ကြပါနဲ့နော်... အဲ့လောက်သာ ချက်တတ်ရင် ညလေး ဆိုင်ဖွင့်စားမှာပေါ့... ဟုတ်ဘူးလား။ ညလေး မနေ့က သူငယ်ချင်းနဲ့ ညစာ သွားစားဖြစ်တယ်လေ၊ သူက ညလေးကို ဘယ်နေ့ကျွေးမလဲ ခဏခဏ မေးနေတာနဲ့ စိတ်ဆိုးပြီး လိုက်ကျွေးဖြစ်တာ... ညလေးကို စိတ်ဆိုးအောင် စကြနဲ့နော်.. သိလား lol
ရုံးမှာလဲ နေ့လည်လောက် တည်းက ၀က်ရိုးနဲ့ ကြာစွယ် ဟင်းရည် ပြုတ်ထားတာကို ပြန်ခါနီးတော့ သောက်ချင်တာနဲ့ တစ်ပန်းကန် သောက်ခဲ့တယ်။ ထွက်လာတော့ သူငယ်ချင်းက ဖုန်းဆက်ပြီး အပြင်မှာ စောင့်နေပြီတဲ့၊ ပထမ ဘာစားမယ်ဆိုပြီး ရည်ရွယ်သွားတာ မဟုတ်တော့ ဘယ်သွားရမှန်း မသိသေးဘူး။ သူငယ်ချင်းကို “နင်သွားချင်တဲ့နေရာ သွားဟာ ငါက စားဖို့ပဲ၊ ဘယ်မှာ စားစား ကျွေးမယ်လို့” ပြောရသေးတယ်။
*****
ဒီလိုနဲ့ စဉ်းစားရင်း မောင်းရင်း ဒီဆိုင်ကို ရောက်သွားတယ် ဆိုပါတော့... မစားဖူးဘူး စားကြည့်မယ်ဆိုပြီး။
ဆိုင် အပြင်အဆင် ကတော့ ချစ်စရာလေး၊ ရှန်းကန်စာတွေ ရတဲ့ ဆိုင်လေးပါ။
နံရံတွေမှာ ရှန်းကန်စတိုင် ခြယ်ထားတယ်။
ဒီ Lucky ပင်ကတော့ ညလေးတို့ ထိုင်တဲ့ ဘေးမှာ တင်ထားတာပါ။ ကြီးလို့ လှလို့ ရိုက်လာတာ အပင်က အတော်လေး မြင့်တယ်။ ထိုင်ပြီး ခဏနေတော့ Waiter တစ်ယောက် Menu လာပေးတယ်၊ ဘာစားရမှန်း မသိဘူး တစ်ခါမှလဲ မလာဖူးဘူးလေ မကောင်းမှာလဲ စိုးရသေး၊ အရင်ဆုံး အချိုရည်ကို ရွေးဖြစ်တယ်၊ သီးစုံနဲ့ ချဉ်ပြုံးပြုံးအရည်။ ဘာစားမလဲ ရွေးကြတော့ သူငယ်ချင်းက ခေါက်ဆွဲစားတယ် (ဘာလဲမသိဘူး)။ ညလေးကတော့ ပင်လယ်စာနဲ့ ပေါ်တူဂီ ချိစ်ထမင်း ရွေးဖြစ်တယ်၊ အီမယ်ဆိုတာ သိပေမယ့် ကြိုက်တာကိုး (Cheese ပြောပါတယ်)၊ ပြီးတော့ Rice Ball ကို အထဲမှာ နှမ်းအနက်နဲ့ အစာသွပ်၊ အော်ကေ့ကျီ လို ကောက်ညှင်းပြား။

မှာပြီးတော့ ညလေးလက်က အငြိမ်မနေဘူးလေ တစ်လွဲမတွေးပါနဲ့ ပါလာတဲ့ ဖုန်းနဲ့ ထိုင်နေရင်း ဟိုဒီ လျှောက်ရိုက်တယ် (ဓါတ်ပုံပါနော့)။ မှာထားတာ အတော်လေး ကြာပါတယ်၊ စောင့်နေရင်းက အတင်းတွေ ထိုင်တုတ်ပါတော့တယ် “မှာထားတာ ကြာလိုက်တာနော်၊ ဒါ့ကြောင့် လူမရှိတာ ဘာညာပေါ့”

အရင်ဆုံး အချိုရည် ရတယ်၊ သောက်ကြည့်တော့ မဆိုးပါဘူး၊ ဂျယ်ရီတုံးလေးတွေ၊ နာနတ်သီးလေးတွေ နဲ့ အရည်ကိုကျ (ဘာသီးပါလိမ့် ပုံစံပြောပြမယ် ညလေး နံမည် မေ့နေလို့) အသီးက အ၀ါရောင် အခွံ အနည်းငယ်မာတယ်၊ သူ့ကို ဓါးနဲ့ ထက်ပိုင်းလှီးပြီး သကြားထည့်လို့ မွှေစားလဲ ကောင်းတယ်၊ အလေ့ကျပေါက်တယ် ပြောတာပဲ (ရန်ကုန်မှာ သူငယ်ချင်းက ညလေး စားချင်တိုင်း ယူလာပေးတယ်) သူ့အစေ့က မဲမဲလေးတွေ သခွါးစေ့လိုမျိုး (သိကြလား)။ မသိရင်လဲ နောက်နေ့ ပြန်မေးပြီး ပြောမယ်နော်။
ဟုတ်ပါတယ်နော် ကိုသူရိန်နဲ့ စူးနွယ် Comment မှာပြောသွားတဲ့အတိုင်းပဲ၊ ပင်မှည့်သီးပါ။ ကျေးဇူးးးး

ပြီးတော့ အော်ကေ့ကြည် ရောက်လာပါတယ်၊ ကြော်ထားတာ သုံးပြားပဲပါတယ်၊ တစ်ယောက်ကို တစ်ခုနဲ့ တစ်ဝက်တိတိ၊ အချဉ်ရည်နဲ့ စားတယ် (စားကောင်းတယ်)။ ဓါတ်ပုံရိုက်ဖို့ မေ့သွားလို့။
ဒါကတော့ ညလေးစားခဲ့တဲ့ ပေါ်တူဂီစတိုင်လ် ချိစ်ထမင်း ပင်လယ်စာနဲ့ပါ၊ ကြက်သားနဲ့လဲရတယ်။
အထဲက ဘာပါလဲ သိရအောင် ချိစ်တွေ လှပ်ပြထားတာ၊ ချိစ်တစ်ထပ်ပြီးတော့ အရည်ပြစ်ပြစ် ချိုချိုတွေ နဲ့ မုန်ညင်းရွက် ပုဇွန်၊ ပြည်ကြီးငါး၊ မုတ်ကောင် အပြား တို့နဲ့ ကြည့်ရတာ မိုက်ခရိုဝေ့ဖ်ထဲ ထည့်ထားတဲ့ ပုံပါ၊ စားရတာတော့ မဆိုးဘူး (ကြိုက်ရင်ပေါ့)။
ဒီပုံထဲမှာ သူငယ်ချင်းစားတဲ့ ခေါက်ဆွဲရယ်၊ Rice Ball နဲ့ အာလူးချောင်းရယ်၊ ညလေးပန်းကန်ရယ်ပါ။ ဓါတ်ပုံရိုက်နေတာနဲ့ စတောင် မစားရသေးဘူး၊ သူငယ်ချင်းက ကုန်တော့မယ်လေ။ ငရုတ်သီးကြော်လေးလဲ ပေးပါတယ်၊ ပုံထဲတော့ ပါတော့ဘူး။ ထမင်းက အောက်အထိရော ချိစ်တွေနဲ့ပါ၊ အပေါ်ယံ အုပ်ထားတဲ့ အရည်ကို ထမင်းနဲ့မွှေ ချိစ်ကလဲ ဇွန်းနဲ့ကော်လိုက်တိုင်း အမျှင်တွေ အဖြစ် ပါလာတယ်၊ ချိစ်မျှင်တွေ မြင်တိုင်း ဒီမှာ နံမည်ကြီးနေတဲ့ Pizza ကို သွားသတိရပါတယ်။ တစ်ဆက်တည်းလဲ ပေါ်တူဂီတွေ ဒါတွေပဲ စားနေကြလားလို့ တွေးမိပါရဲ့ သူတို့အစားအစာတွေ ချိစ် လွတ်ပါ့မလားပေါ့။ ပုဇွန်က ၃ကောင်၊ ပြည်ကြီးငါးဖတ်က ၂ ဖတ်၊ မုတ်ကောင်က ၁ ကောင် နဲ့ စားရတာ မတန်ဘူးလို့တော့ တွေးမိပါရဲ့၊ မသိရင် ချိစ်ရောင်းစား သလိုပဲ။

စားပြီးတော့ ဆက် ထိုင်မနေတော့ပဲ ရှင်းကြတယ် (Bill)၊ ညလေးစားတာက ဈေးအကြီးဆုံးပါ lol။ ပိုက်ဆံရှင်းတော့ “နင့်မှာ သုံးဖို့ ကျန်သေးရဲ့လား” လို့ သူငယ်ချင်းက မေးတယ်၊ ညလေးဆိုတာ ဘယ်တော့မှ ပိုက်ပိုက် နဲ့ လက် ပြတ်တယ် မရှိဘူးလို့ ပြန်ပြောရ ပါသေးတယ်၊ တော်ကြာ အားနာနေမှာ စိုးလို့ပါ။ ရှန်းကန်ဆိုင်ဆိုပြီး စားဖြစ်တော့ ပေါ်တူဂီစာ ဖြစ်သွားတယ်။

သူငယ်ချင်း တွေတော့ ထင်ကြမယ် ညလေးတစ်ယောက် ကိုယ်တိုင်လဲ ချက်စားတဲ့အပြင် အပြင်စာတွေလဲ အလွတ်မပေးဘူးလို့။ အဲ့လိုဟုတ်ပါဘူးနော် ကြုံတုန်းလေး ဒီမှာရှိတဲ့ ရတတ်တဲ့ အစားအသောက်တွေရယ်၊ ဒီ့ပြင် တစ်ချို့တ၀က်ကို ထိတွေ့ ခံစားယုံလေးပါ။
*****

ဆက်လက်ဖတ်ရှုရန်...>>>>

 
Looking for something? Try :::