NyAlAy
အချိန်ပေး၍ လာရောက်ဖတ်ရှုသူများကို ကျေးဇူး အထူးတင်ရှိပါတယ်။ နှစ်သစ်မှာ ပျော်ရွှင် ငြိမ်းချမ်းကြပါစေ....

Jun 3, 2007

ဘလော့ဂ်စံအိမ်

ညလေး ဒီပို့စ်မရေးခင် အရင်ဆုံး ပြောချင်တာက ဘာလို့ ဒီနံမယ် ပေးဖြစ်လဲဆိုတာပါ။
အရှင်ဆန္ဒာဓိကရဲ့ “မြင့်မြတ်သူတို့ရဲ့စံအိမ်” ဆိုတဲ့ စာအုပ်ကို ဖတ်နေတာ တပါတ်လောက်တော့ ရှိနေပြီ။ ဒါပေမယ့် စိတ်ကူးထဲမှာ မစဉ်းစားမိသေးဘူး။ မနေ့က ဖတ်နေရင်းနဲ့မှ ညလေးတို့တွေ ဘလော့ဂ် ရေးနေကြတာကို တွေးမိသွားပြီး ရေးဖြစ်သွားတာပါ။ ဒါပေမယ့် မြင့်မြတ်တယ် လို့တော့ မသုံးပါဘူး၊ ကိုယ်တိုင်က မြင့်မြတ်တယ်လို့ မခံစားရသေးလို့ပါ။ :)
*****
ဘုန်းကြီးကျောင်းဆိုတာ ဘုန်းကြီးတွေ သီတင်းသုံးတဲ့နေရာကို ခေါ်ပေမယ့် အိမ်ပဲမဟုတ်လား။ ငှက်တွေနေတဲ့ နေရာကို အသိုက်လို့ခေါ်ပေမယ့်လဲ အဲ့ဒီအသိုက်ဟာ ငှက်ကလေးတွေနေတဲ့ အိမ်ပဲပေါ့။ ခြင်္သေ့တွေ၊ ကျားတွေ၊ ကျားသစ်တွေကျတော့ ဂူထဲအောင်းကြတယ်၊ သူတို့နေတဲ့ဂူကလဲ အိမ်ပဲ မဟုတ်လား။ ပြီးတော့ ကြွက်၊ ခြနဲ့ ပုရွက်ဆိတ်တွေက တွင်းထဲနေကြတယ်၊ သူတို့နေတဲ့ တွင်းဟာလဲ အိမ်ပါပဲ။ တွင်း၊ အသိုက်၊ ဂူ စတာတွေကို ခြုံပြီးသုံးရင် သူတို့နေကြတဲ့ အိမ်လေးတွေပဲလေ။ လူတွေနေတော့လဲ လူနေအိမ်ပေါ့နော့။
ခု ကျမတို့တွေ အင်တာနက်ပေါ်မှာ အိမ်လေးတွေ ကိုယ်စီရှိနေကြပြီလေ.....

ကျမတို့တွေ စစဦးဆုံး အိမ်လေးဆောက်ဖို့ အကြံရတဲ့သူကို ကျေးဇူးတင်ပါတယ်။ အရင်တုန်းက အင်တာနက်ပေါ်တက်ရင် လေလွင့်နေတဲ့လူလိုပဲ၊ ရောက်ရာပေါက်ရာ လျှောက်သွားနေမိတယ်။ စိတ်ဝင်စားစရာ နေရာအနှံ့လဲ ရောက်ပါရဲ့ ချက်ရွမ်း(ဇရပ်)တို့၊ ဖိုရမ်တို့ပေါ့။ ဘာလို့လဲဆိုတော့ ကိုယ်ပိုင်တာ မဟုတ်ဘူးလေ။ အများအတွက် ရည်ရွယ်ပြီး ဆောက်လုပ်ထားတဲ့ နေရာမှာ ခဏတာ လည်ပတ်ရင်းနဲ့ တွေ့ကြတဲ့သူတွေ အချင်းချင်း အလာပ၊ သလာပ ပြောဆိုကြတာ။ အချိန်ကြာတော့ ရင်းနှီးလာကြတယ်။ ဆွေးနွေးကြတယ်၊ ဖလှယ်ကြတယ်၊ မေးလ်ပို့ကြတယ်၊ အရမ်း ခင်မင်တယ်ဆိုလို့ သိပ်မရှိသလောက်ပဲ ကြာရင် မေ့ပျောက် သွားကြတာ များတယ်၊ ညလေးဆို နစ်ခ်တွေတောင် သိပ်မမှတ်မိတော့ဘူး။ လူများတော့ ပျော်စရာတော့ ကောင်းပါရဲ့၊ စိတ်ညစ်ဖို့လဲ ကောင်းတယ်။ ဆွေးနွေးကြ၊ ခင်လို့မင်လို့ စနောက်ကြတာ ပျော်ပေမယ့်၊ လွန်သွားတဲ့ခါ ငြင်းခုန်ကြ၊ ရန်ဖြစ်နေကြတာတော့ စိတ်ညစ်တယ်။ ပြီးတော့ ချက်ထဲကလူတွေ ဖိုရမ်ပေါ်မှာ ဆွေးနွေးနေကြတဲ့ သူတွေကို ပေါ်မလာ အတော်ကြာရင်၊ ပျောက်နေကြရင် သူတို့နဲ့ ဆက်သွယ်ဖို့ရာ ခက်ခဲကြတယ်လေ။

ခုတော့ ကျမတို့တွေ အင်တာနက်ပေါ်မှာ ကိုယ်ပိုင် အိမ်လေးတွေ ကိုယ်စီနဲ့ ဟန်ကျနေကြပြီပေါ့။ ဘလော့ဂ်တစ်ခုကို စိတ်ကြိုက် ဖန်တီးယူရတာဟာ အိမ်လေးတစ်လုံး ဆောက်နေရတာနဲ့ တူမနေဘူးလား။ အစဦးမှာ ဘာမှမရှိတဲ့ အခွံလေးကို အရင်ဆုံး ဖန်တီးယူကြရတယ်။ နောက်တော့မှ အထဲမှာလိုအပ်တဲ့ ပစ္စည်း ပစ္စယတွေကို တပ်ဆင်ကြတာလေ။ အပြင်လောကမှာလဲ ကိုယ်လိုချင်တဲ့ အိမ်လေး(အခွံ) ၀ယ်ပြီးသွားရင် အထဲမှာ လိုအပ်တဲ့ အိမ်ထောင် ပရိဘောဂတွေကို စိတ်ကြိုက် ၀ယ်ယူ တပ်ဆင်ကြရတယ် ဟုတ်။ ဘလော့ဂ်မှာ လိုချင်တာလေးတွေ၊ လိုနေတာလေးတွေ၊ ဖြည့်ချင်တာလေးတွေ၊ တပ်ချင်တာလေးတွေကို တပင်တပန်း ကြိုးစားပြီးတော့ ရအောင် လုပ်ယူကြရတယ်။ မသိရင် သိတဲ့လူကို မေးမြန်းရသေးတယ်။ ပြီးတော့ သူများတွေရဲ့ အိမ်လေးတွေကို သွားလည်ကြတယ်၊ သူငယ်ချင်းတွေရဲ့ အိမ်လေးတွေကို အလည်အပတ် သွားနိုင်အောင်လဲ အိမ်လိပ်စာလေးတွေ ညွှန်ပေးထားကြသေးတယ် မဟုတ်လား။

ခု ကျမတို့ ဖန်တီးယူထားကြတဲ့ ဘလော့ဂ်လေးကတော့ ကိုယ်ပိုင်တယ်လေ၊ ကိုယ့်ခြေ ကိုယ့်လက်ပဲ၊ လုပ်ချင်သလိုလုပ်၊ ရေးချင်တာရေး၊ ပြောချင်တာပြော (ယဉ်ကျေးဖို့တော့ လိုတာပေါ့) မဟုတ်ရင် ကိုယ့်အိမ်ကို ဧည့်သည် ဘယ်လာတော့မလဲ နော့။

ကိုယ်ပိုင် ဘလော့ဂ်လေးတွေကို ဖတ်ရင်းနဲ့ ရေးသူတွေရဲ့ စိတ်နေ စိတ်ထားကိုပါ ခန့်မှန်း နိုင်ကြတယ်၊ ပြီးတော့ သူတို့ရဲ့ တည်နေရာတွေ၊ အလုပ်အကိုင်တွေ၊ နိုင်ငံရပ်ခြား ရောက်နေသူတွေဆီက သူရောက်နေတဲ့ နိုင်ငံရဲ့ ယဉ်ကျေးမှု၊ လူမှုဆက်ဆံရေး၊ နေထိုင် စားသောက်ပုံတွေက အစ သိရှိ နိုင်ကြတယ်လေ။ အများစုက စိတ်ခံစားမှု၊ ပါတ်ဝန်းကျင် အခြေအနေ၊ နေထိုင်ပုံ၊ ရသစာ၊ ၀တ္ထုတို၊ သုတစာတွေ ရေးတတ်ကြတယ်။ နည်းပညာပိုင်းဆိုင်ရာ ရေးတဲ့သူလဲ ရှိတယ် (နည်းပါတယ်)။ မိမိခံစားနေရတာတွေ၊ တွေ့ကြုံရတဲ့ ဗဟုသုတတွေကို ကဗျာနဲ့တစ်မျိုး၊ စာနဲ့တစ်ဖုံ ဖန်တီး ရေးဖွဲ့တတ်ကြတာ တော်ပါပေတယ် လို့ပဲ ပြောတတ်တော့တယ်။
အိမ်ရှင်က စိတ်ညစ်နေလို့ပဲဖြစ်ဖြစ်၊ မအားလို့ပဲဖြစ်ဖြစ် အိမ်ကို လှည့်မကြည့်ပဲ ပစ်ထားတာ ကြာနေရင်လဲ သူ့အိမ်လေးကို သွားလို့ သတိရကြောင်း၊ ပျောက်နေကြောင်း၊ စာတွေ ဆက်ရေးဖို့ အကြောင်းနဲ့ ကျန်တာတွေကို မှာထားခဲ့ နိုင်သေးတယ်။ အရင်လို ဘယ်နား သွားရှာရမှန်းမသိ မဖြစ်တော့ဘူးနော် (အရမ်းကောင်းတာပဲ)။ အိမ်ရှင်လေး စိတ်ပါလာတဲ့တစ်နေ့ သူ့အိမ်လေးကို သူပြန်လာဦးမှာပါ (သေချာသလောက်ပါပဲ)။ အနည်းဆုံး တစ်ခါလောက်တော့ ပြန်လာဦးမှာပါလေ။ ဘယ်လောက်ကြီး စိတ်မပါဘူး ပြောပြော တစ်နေ့မှာတော့ သူပြန်လာမှာပါ (မျှော်နေကြမယ်နော်)။

ဘလော့ဂ်ဆိုတာ မိမိ တစ်ယောက်တည်း လွတ်လပ်စွာ ပေါက်ကွဲထွက်လို့ရတဲ့ နေရာလေးတစ်ခု၊ သူတစ်ပါးကိုပါ မိမိရဲ့ စိတ်ခံစားမှုလေးတွေ ဝေမျှပေးနိုင်တဲ့ နေရာလေးတစ်ခုပါ။ ဘလော့ဂ်ထဲမှာ ရေးသားထားကြတဲ့ စာတွေ မလွတ်ကင်းရင် တရားစွဲလို့ရလား ဆိုတော့ (ညလေးမသိပါ)။ ဒါပေမယ့် မိမိရဲ့ အိမ်လေးထဲမှာ မိသားစုနဲ့၊ မောင်နှမတွေ အချင်းချင်း၊ သူငယ်ချင်းတွေနဲ့ ဥပဒေနဲ့ မလွတ်ကင်းတာတွေ ပြောမိ ဆိုမိကြမှာပဲလေ၊ ဟုတ်ဘူးလား။ ဘယ်သူက လာပြီး တရားစွဲသလဲ။ အိမ်တိုင်းမှာ CCTV နဲ့ Microphone တွေ တပ်ထားတာမှ မဟုတ်တာ၊ လွတ်လပ်တယ် ဟုတ်။ ဒီလိုပဲ ကိုယ့် ဘလော့ဂ်လေးတွေထဲမှာ ကိုယ်ခံစားခဲ့ရတာတွေ၊ သူများတကာတွေ ခံစားနေကြရတာတွေကို ကိုယ်ချင်းစာလို့ အများသိအောင် တင်ပြကြတယ်၊ ဝေမျှကြတယ်၊ ဒါတွေကို ဘယ်သူက ဘယ်ပုဒ်မနဲ့ တရားစွဲမလဲ (ကျမတို့တွေ ကိုယ့်အိမ်လေးထဲမှာ လုံခြုံစွာနဲ့ စကား ပြောနေကြတာပေါ့ နော့)။

ဒီလိုဆိုရင် ခေါင်းစဉ်ကို “ဘလော့ဂ်အိမ်” လို့ပေးရင် ရပြီမဟုတ်လား ဘာလို့များ “ဘလော့ဂ်စံအိမ်” လို့ ပေးထားသလဲ မေးရင် (ရှင်းပြမှာပါ)။ ပိုပြီး အသက်ဝင်သလိုပဲ၊ နားထောင်လို့လဲ ပိုကောင်းသွားတယ်။ ပိုပြီး ပြီးပြည့်စုံသွားအောင် လူအမျိုးမျိုးက စံပြုလောက်အောင်၊ စံညွှန်းလောက်အောင်၊ စံထားလောက်အောင် လှပသလောက် အသက်ဝင်လှတဲ့ အိမ်ကလေးတွေ ဖြစ်နေလို့ပါ။
“ဟယ် ဘလော့ဂ်လေးက လှလိုက်တာ”
“အေး... ဟုတ်ပါရဲ့၊ စာသားလေးတွေလဲ ကောင်းတယ်ဟ”
“ဟာ... ဒီလိုမျိုးလေး တစ်ခုလောက် လိုချင်လိုက်တာ”
“အင်း... တော်ကြပါပေတယ်”
“ဘယ်လိုလူမျိုးပါလိမ့် တော်တော်လေး ဖန်တီးနိုင်တယ်နော်”
“အယ်... ဒါလေးကျ တစ်မျိုးလေး တော့”
“ဟင်... ဒါလဲ ရိုးရိုးလေးနဲ့ လှတာပဲ”
ဒီလို ဒီလိုမျိုး မှတ်ချက်လေးတွေ ရလာရင် သဘောကျကြမယ် ထင်တယ်နော့......

စိတ်ချမ်းသာမှုတွေ စံစားနေရရင် (ခံစားနေရတယ် မသုံးချင်ဘူး၊ ဒုက္ခကိုမှ ခံစားရတယ်သုံးပါတယ်)၊ မိမိရဲ့နေရာလေးမှာ နေထိုင်ပျော်မွေ့နေရင် “စံအိမ်” လို့ သတ်မှတ်လို့ရပါတယ် (“အရှင်ဆန္ဓာဓိက” ကတော့ ဒုက္ခဝေဒနာတွေကို ခံစားရတယ်၊ သုခဝေဒနာကိုမှ စံစားရတယ်တဲ့။ ရှင်းအောင်ပြောရင် ဆိုးကျိုးတွေကို ခံစားရတယ်၊ ကောင်းကျိုးတွေဆို စံစားရတယ် တဲ့)။ ဒါ့ကြောင့် ဘလော့ဂ်ရဲ့ ကောင်းကျိုးတွေပဲ ဆက်လက် စံစားနေနိုင်အောင် ပြီးတော့ နောက်လူတွေ စံအဖြစ် သတ်မှတ်နိုင်လောက်အောင် လုပ်ပြချင်တယ်လေ။ ရှေ့က နည်းပြတွေ ကောင်းမှုလဲပါတာပေါ့။ ရှေ့က စံနမူနာ ပြသွားကြတဲ့ လူတွေကို မေတ္တာပို့ကြပါကုန်.....။ ဒူ.... ဝေ.... ဝေ.....။

ကျမရဲ့ အင်တာနက်ပေါ် ဆောက်ထားတဲ့ “ဘလော့ဂ်စံအိမ်” လေးထဲမှာ သူငယ်ချင်းတွေနဲ့ စကားတွေ ဖောင်ဖွဲ့ပြောရင်း၊ ခံစားမှုလေးတွေ ဝေမျှရင်း၊ ပညာရပ်လေးတွေ ဖလှယ်ကြရင်းနဲ့ သင့်တင့် လျောက်ပတ်တဲ့ “စံအိမ်” လေး ဖြစ်အောင် အစဉ်အမြဲ သစ်လွင်နေအောင် လုပ်ဆောင်ထားချင်ပါတယ်.....။ လာသမျှ ဧည့်သည်များကိုလဲ ဖော်ရွေ ပျူငှာစွာ ဆက်ဆံ ပြောဆိုသွားမှာပါ (ယဉ်ကျေးစွာနဲ့ပေါ့)။ အားလုံးကိုလဲ နွေးထွေး လှိုက်လှဲစွာ ကြိုဆိုနေပါတယ်။ “စံအိမ်” လေးဆီကို ကျမ မရောက်ဖြစ်ခဲ့ရင်၊ ပို့စ်အတင် ကျဲသွားခဲ့ရင်လည်း နားလည် ပေးနိုင်ကြမယ် ထင်ပါတယ်။
*****
ညလေးဆို တစ်နေ့ တစ်ခေါက်လောက်မှ မ၀င်ရရင် မနေနိုင်အောင် ဖြစ်နေပြီ၊ အိမ်လေးကို လှသထက် လှအောင် ဘာတွေ လုပ်ဆောင်ရမလဲ၊ ဘယ်လိုဆေးရောင် ခြယ်ရင် ကောင်းမလဲနဲ့ အမြဲ တွေးနေမိ တတ်တယ်။
“စံအိမ်” လေးထဲ ပျော်မွေ့နေကြတာများ.......
တစ်ချို့တွေဆို ထမင်းမေ့၊ ဟင်းမေ့ ကလိတတ်ကြသေးတယ် (သတင်းကြားတာပါ)။ တစ်ချို့တွေလဲ အလုပ်ပျက်၊ အကိုင်ပျက် (အိမ်တောင် အလုပ်တွေ ယူလုပ်ကြရတယ် ဆိုပဲ)။ :P
*****
ဘာပဲဖြစ်ဖြစ် သူငယ်ချင်းများရဲ့ မေတ္တာနဲ့ လှိုက်လှဲတဲ့ ခင်မင်မှုများစွာကို ကျမ အစဉ်အမြဲ ငံ့လင့် စောင့်မျှော်နေမှာပါ။ ကော်မက်လေး (ဘလော့ဂါတို့ရဲ့ အသက်) တွေ၊ စီဘောက်စ်က Message လေးတွေ ဖတ်ရတာ ကျမ တအားပျော်ပါတယ်။ တတ်နိုင်သလောက်လဲ သူငယ်ချင်းတွေရဲ့ “စံအိမ်” လေးတွေကို လည်ပတ် ရောက်ရှိ နေဦးမှာပါ။ ကျမရဲ့ “စံအိမ်” လေးထဲကို သူငယ်ချင်းတို့ လာရောက် လည်ပတ်တဲ့ခါမှာ မကြိုက်တာ၊ စိတ်ထဲ သဘော မတွေ့တာများ ရှိခဲ့ရင်လဲ ဝေဖန်ခဲ့ အကြံပေးခဲ့ နိုင်ပါတယ်။ ကောင်းမွန်သော ပြုပြင်မှုများဖြစ်ဖို့ အကြံကောင်း ပေးတယ်လို့ သဘောထား သတ်မှတ်ပြီး ဂရုတစိုက်နဲ့ ပြုပြင်သွားမှာပါ။

အားလုံးကို အစဉ် ခင်မင်လေးစားလျှက်..........
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Jun 2, 2007

ကျေးဇူးပါချစ်မေမေ

ကိုးလလွယ်လျှက် ဆယ်လမဖွားခင်
ချိန်တွင်းမှာပင် ချဉ်၊ ဖန်၊ စပ်၊ ခါး
စားချင်ငြားလည်း
မေမေ့ရင်သွေး ရတနာလေး
ထိခိုက်မိမှာ စိုးမိသေးသည်
ပူပန်နေရ မေ့ဘ၀။

အသက်လုကာ ဆယ်လဖွားပြီး
မေ၏ရင်သွေး နီတာရဲလေး
နုထွေးမျက်နှာ မြင်ရချိန်မှာ
မောသမျှလန်း ပန်းသမျှပြေ
ဝေဒနာပျောက်ကာ နို့ချိုတိုက်ကျွေး
ရီမောပျော်ရွှင် မေ့ရုပ်သွင်။

ဖ၀ါးလက်နှစ်လုံး ဖခုံးလက်နှစ်သစ်
လူဖြစ်ခါစ ချိန်ခါမှသည်
လေးဘက်ထောက်စမ်း
လမ်းလျှောက်တတ်စ
ပီတိကလေး ချစ်ဖွယ်လေးအား
ခလုတ်မထိ မငြိရအောင်
ပူပန်စိတ်ဖြင့် စောင့်ရှောက်ပေးသော
အေးမြမေတ္တာ ပေးစွမ်းပါသည့်
လမင်းပမာ မေ့မျက်နှာ။

ကျောင်းတက်စရွယ် မေ့ကလေးငယ်
အားငယ်မှာကား စိုးသော်ငြားလည်း
ပညာတတ်ကြီး မေ့သမီးဟု
ပြောစမှတ်တွင် ကျန်ရစ်လေအောင်
နည်းပေးလမ်းပြ ဆုံးမတတ်သေး
ကျေးဇူးကြီးပေ တို့မေမေ။

သားသမီးဆိုး မပစ်ရိုးဟု
ဆိုရိုးစကား တကယ်ရှိခဲ့သည်
မှန်ပါပေ၏ မှန်ပေ၏။
လူမှုဝန်းကျင် နယ်ပယ်အတွင်း
သက်ဆင်းကျင်လည် သမီးငယ်အား
ဘ၀အသိ ထပ်ရှိဖို့ရာ
နည်းလမ်းစုံဖြင့် ညွှန်ပြခဲ့သည့်
စမ်းရေပမာ မေ့မေတ္တာ။

သက်ရွယ်ကြီးရင့် ခဲ့သော်ငြားလည်း
မျက်စိထဲဝယ် ကလေးငယ်ဟု
ထင်မှတ်ယူစွဲ ပူပန်ကဲကာ
ဖွဖွမှာကြား စိုးရိမ်တတ်သော
မေ့စကားများ နားဝယ်ကြားကာ
သမီးကညာ လိုက်နာနေကြောင်း
စာရေးတဖုံ၊ ဖုန်းဖြင့်တသွယ်
ပြောခဲ့ပါသည်
ချစ်လှစွာသော.........
မေမေ စိတ်အေးရစေသား။
မေမေ ကျန်းမာပါစေသား။
မေမေ ငြိမ်းချမ်းပါစေသား။
*****

ဆက်လက်ဖတ်ရှုရန်...>>>>

May 20, 2007

ချစ်သူသို့

မင်းဟာ....
ငါ့ရင်ခုန်သံကို ကြိုးညှိ
ချစ်ခြင်းရဲ့  သံစဉ်တွေ
သီဆိုစေခဲ့သူပါ။


ငါ့အာရုံတွေ မျောလွင့်
မင်းအတွက်
ကဗျာတွေ စပ်ဆိုတတ်ခဲ့ပြီလေ..

မင်းဟာ
ရိုးစင်းတဲ့ ငါ့ဘ၀ထဲ
စိမ်းလန်းတဲ့ တောအုပ်တွေ
ဆောင်ကျဉ်းပေးခဲ့သူပေါ့။

ငါတို့  ဝေးသွားတဲ့အခါ
အကြိမ်ကြိမ်ပြန်မက်ဖို့ 
ပန်းနုရောင်အိပ်မက်အချို့
ပေးအပ်တတ်တဲ့ မင်းကို
ကျေးဇူးတင်ပါတယ်.........

တကယ်လို့များ
ချစ်ခြင်းတွေဘေးဖယ်........
တို့တစ်တွေ လွဲချော်ခဲ့မယ်ဆိုရင်တောင်
တကယ် ကျေးဇူးတင်နေမှာပါ....။

ချစ်တဲ့......
*****
အမှတ်တရပေါ့၊ သူငယ်ချင်းတစ်ယောက်ရဲ့ ကဗျာပါ။
*****

ဆက်လက်ဖတ်ရှုရန်...>>>>

May 19, 2007

အမေ (သို့) ငါ့ရဲ့တမ်းချင်း

သူငယ်ချင်းရေ...
ဥသြငှက်ငယ်ရဲ့ တေးသွားတွေနဲ့အတူ
ဝေ့၀ဲကျလာတဲ့ ရော်တမာတွေကို
နှမျောတသ ငေးကြည့်ပြီးတော့
ဝမ်းနည်းစကားတွေဆိုကြရင်း
ဂီတရစ်သမ်တွေ သီကြူးခဲ့ဖူးတဲ့
တမာနံ့သင်း လမ်းကလေးနဲ့...
ထနောင်း၊ တမာ၊ ဆူးဖြူဖြာယှက်
အမေ့ရင်ခွင်ထက်မှာ
ပျော်ခဲ့ဖူးတဲ့ အချိန်တွေကို
မင်းသတိရသေးရဲ့လား...

သူငယ်ချင်းရေ...
မိုးရနံ့နဲ့
စိမ်းလန်းသစ်လွင်နေတဲ့
အမေ့ရင်ခွင်ထက်မှာ
အားသစ်တွေမွေးဖွား
ဘ၀အတွက်...
ပညာနို့ရည်တွေ သောက်စို့ကြချိန်
မိုးစက်ပွင့်တွေကြားမှာ
တွဲလက်မဖြုတ်တမ်း လမ်းလျှောက်ကြရင်း
ကျောက်ကာလမ်းလေး တိုလွန်းတယ်လို့
မင်းပြောခဲ့ဘူးတာကို
သတိရသေးရဲ့လား...

သူငယ်ချင်းရေ...
ခုချိန်မှာဆို
တို့ ခြေရာချင်းထပ်နေခဲ့တဲ့
တမာစီလမ်းလေးပေါ်မှာ
နှင်းဖွဲဖွဲလေးတွေ ဝေ့၀ဲလို့ပေါ့...
အတန်းမပြီးခင်
ကန်တင်း(န်)ကို ခိုးလစ်ပြီး
ကော်ဖီပူပူ အငမ်းမရ သောက်ခဲ့ကြတဲ့
အတိတ်က ဆောင်းနံနက်တွေကိုရော
မင်းသတိရသေးရဲ့လား...

သူငယ်ချင်းရေ...
ခင်တွယ်ရာ အဖော်မရှာပဲ
တူညီစွာ လွတ်လပ်ခဲ့တဲ့ တို့တစ်စု
ကဗျာတွေရေးကြ
ဘ၀၊ ဒဿန ဆိုတာတွေကို
စားပွဲထိုး ကောင်လေးတွေ ညိုငြင်လောက်အောင်
ရေနွေးကြမ်းတွေသောက်ရင်း ဆွေးနွေးကြနဲ့
တီးဆိုင်က ခုံပုလေးတွေကို ချစ်တတ်ကြလွန်းတာများ
အတန်းထဲက ကောင်မလေးတွေ ဟားကြတဲ့အထိပါပဲ..........

ဒါတွေကို မင်းအမှတ်ရသေးရဲ့လား...

သူငယ်ချင်းရေ...
အမေ့ရင်ခွင်က ခွာထွက်ပြီး
တမာလမ်းပေါ်က ရော်ဝါတွေလို
(တို့တစ်တွေ)
တစ်နေရာဆီကို လွှင့်နေရချိန်မှာ
အတိတ်ခြေရာတွေက တမ်းတဖွယ်ဖြစ်နေတာကို
ကဗျာတွေနဲ့ အလွမ်းဖြေနေရင်းက
ပြန်မရတော့တဲ့အချိန်တွေ အတွေးရောက်တိုင်း
ရင်ခွင်ကို လှိုင်းခတ်နာကျင်စေခဲ့တယ်.....။
*****
အမှတ်တရ အနေနဲ့ ဒီကဗျာလေးကို တင်လိုက်ပါတယ်။

*****

ဆက်လက်ဖတ်ရှုရန်...>>>>

May 10, 2007

မကြောက်ပါနဲ့

အချိန်ကား ညနေခင်း မှောင်ရီပျိုးစအချိန်၊ သူတို့ ဦးတည်နေသည့် အရပ်ကား မြို့စွန်နားမှ အိမ်အိုကြီးဆီသို့....
*****
သူတို့ဆိုသည်မှာကား လူငယ်လေးတစု အမှန်ပြောရသော် ဘာကိုမှ မကြောက်ဘူးဟု စကားကြီး စကားကျယ်များ အမြဲပြောလေ့ရှိသော ဆယ်ကျော်သက်ရွယ် လူငယ်လေးတစု၊ ယောက်ျားလေး (၂) ဦး၊ မိန်းကလေး (၃)ဦး၊ ပေါင်း (၅)ဦး ဖြစ်သည်။ သူတို့လေးတွေ ဘာသွားလုပ်ကြမှာပါလိမ့်၊ သရဲခြောက်သည်ဟု လူပြောသူပြော များနေသော အိမ်အိုကြီးဆီသို့ ယနေ့ည သွားရောက် ကြည့်ရှုကြရန် ဖြစ်သည်။

ညနေခင်း နေကျလာသည်နှင့် သူတို့လေးတွေ ဆော့ကစားနေရာမှ လူစု၍ တယောက်လက် တယောက်တွဲကာ နှစ်ယောက်တတွဲ လှမ်းလာခဲ့ကြသည်။ အိမ်နားသို့ ရောက်သော်...
"ဟဲ့ ငါတို့တွေ လက်တွဲမဖြုတ်နဲ့နော် တော်နေကြာ လူစုကွဲသွားမှ" (မီးမီး)
"မကြောက်ပါနဲ့ဟာ ဘာမှ မဖြစ်ပါဘူး" (ရန်နိုင်)
"အေးဟ နီးလာလို့လား မသိဘူး ချမ်းလာသလိုပဲ" (သော်သော်)
"နင်က လက်ပြတ်လေး ၀တ်လာတာကိုး" (အောင်အောင်)
"တော်ပီဟာ စကားမများကြနဲ့တော့၊ ဘရားစာ ရွတ်ကြရအောင်၊ မရပ်နဲ့နော်၊ အိမ်ထဲဝင်ရင်လဲ လက်တွဲ ထားကြဦး" (တုတု)
အဲ့ဒီလို သူတို့လေးတွေ စကား အခြေအတင် ပြောရင်း အိမ်တံခါးဝ ရောက်လာခဲ့သည်။

ရန်နိုင်မှ ဦးဆောင်ပြီး အိမ်တံခါးမကြီးကို တွန်းဖွင့် ၀င်လိုက်သည်။ "ကျွီ...ကျွီ...ကျွီ..." အထဲတွင် မှောင်နှင့် မည်းမည်း ဘာဆိုဘာကိုမျှ မမြင်ရသည့်အတွက် အသင့် ပါလာသော ဖယောင်းတိုင်ကို မီးညှိလိုက်သည်။ သူတို့လေးတွေ ပါးစပ်မှလဲ ရသမျှ ဘုရားစာများကို မပြတ် ရွတ်လာကြသေးသည်။ အိမ်ကြီးထဲတွင် ဘယ်ကမှ လေမတိုက်ပါပဲ အေးစိမ့်လျှက် ရှိပြီး၊ ဖုန်မှုန့်များ၊ အမှိုက်များ ပင့်ကူမျှင်များဖြင့် ရှုပ်ပွလျှက်ရှိသည်။
"ဟဲ့ ငါတော့ ရင်တုန်လာပီဟ နဲနဲလည်း ကြောက်လာသလိုပဲ"
"မကြောက်ပါနဲ့ တုရာ နင်ကလဲ အားလုံးရှိကြတာပဲ စတည်းက မလိုက်ခဲ့ပါနဲ့လား" တုတုအပြောကို အောင်အောင်က မကျေနပ်သလို ပြန်ပြောသည်။
"နင်တို့ စကားများမနေနဲ့ ခု ထပ်ခိုးပေါ် တက်ကြည့်ရအောင်"
ရန်နိုင်မှ ပြောပြီး သူဦးဆောင်ကာ အောင်အောင်ကို နောက်ဆုံးတွင်ထား၍ သူတို့တွေ တလှမ်းချင်း တထစ်ချင်း တက်လာခဲ့ကြသည်။

အိမ်အိုကြီးမှာ အတော်ပင် ကျယ်ဝန်း၍ နံမည်ဆိုးမရှိလျှင် တော်တော်လေးကို နေလို့ကောင်းမည့် အနေအထား တွင် ရှိနေသည်။ လှေခါးဘေးတဘက် နံရံတွင် ရောင်စုံ ပန်းခင်းများကို အနီးကပ် ရောက်ရှိသွားသလို ခံစားရစေသော ပန်းချီကားများ ချိတ်ဆွဲထားသေးသည်။ အပေါ်ထပ်တွင် ဖုန်မှုန့်တစက်မှ ရှိမနေပဲ ဆက်တီ တစုံလည်း ရှိနေသည်။
"ဟဲ့ လူမနေဘူးသာဆိုတယ် အပေါ်ထပ်မှာ ဖုန်လဲမရှိပါလား၊ ပင့်ကူအိမ်လဲမတွေ့ရဘူး" (မီးမီး)
"လာဟာ ငါတို့တွေ အခန်းထဲတွေ လျှောက်ကြည့်ရအောင်၊ ခုမှ (၇)နာရီပဲ ရှိသေးတယ်၊ လျှောက်ကြည့်ပြီးရင် ပြန်ကြမယ်"
အောင်အောင်ပေးသော အကြံကို ဘယ်သူမှ မကန့်ကွက်ကြပါ၊ သူတို့တွေလဲ ပြန်ချင်ကြပြီ မဟုတ်လား။

"ဟဲ့ ခြေသံကြားသလိုပဲ"
"သော်သော်ရာ နားကြားလွဲတာနေမှာပါ၊ ငါတော့မကြားပါဘူး"
သူပါကြားလိုက်ရသော်လည်း ကျန်မိန်းကလေးများ ကြောက်မည်စိုး၍ ရန်နိုင်မှ ထိန်းသိမ်း ပြောဆို ပေးနေရသည်။ ဒီထဲတွင် သူအသက် အကြီးဆုံးမဟုတ်လား။ ပြီးတော့လည်း တံခါးမကြီးမှာ အတွင်းမှ လူတယောက် တွန်းထားသည်ဟု ထင်ရအောင် မနည်းတွန်းဖွင့် ၀င်ရသည်ဟု လူအများက ပြောကြသည်။ သူတွန်းဖွင့် ၀င်လာစဉ်ကတော့ အတွင်းမှ လူတယောက် ကူဖွင့်ပေးသည်ဟု ထင်ရလောက် အောင်ပင် ပေါ့ပါး လွန်းလှသည်။ ဘာပဲပြောပြော ရောက်ပြီးမှတော့ နှံ့အောင် လျှောက်ကြည့်ရမည် မဟုတ်လား။ အခန်းပေါင်း များစွာဖြင့် ဖွဲ့စည်းထားသော အပေါ်ထပ်ကို အခန်းပေါက်စေ့ အပြင်မှ လျှောက်ကြည့်ပြီးသောခါ သူတို့လေးတွေ လှေခါးတလျှောက် ပြန်ဆင်းလာကြသည်။ ပါးစပ်မှလည်း ဘုရားစာရွတ် မပျက်ကြပေ။ အောက်ထပ်သို့ ရောက်ခါမှ အပေါ်ထပ်မှနေ၍ တံခါးဖွင့်သံ၊ ပြန်ပိတ်သံနှင့်၊ ဆက်တီခုံ ရွှေ့သံများ ကြားလာရသည်။

"ဟဲ့ သူတို့တွေ လာပီနဲ့တူတယ်" (မီးမီး)
"ဘယ်သူတွေလဲဟ၊ အရင်းမရှိ အဖျားမရှိ" (အောင်အောင်)
"ငါက ပြောပြနေရဦးမှာလား ဒီအိမ်မှာ ရှိတဲ့သူတွေပေါ့" (မီးမီး)
"နင်ကလဲ လျှောက်ပြောမနေနဲ့ ငါတို့လဲ ဘာမှ မလုပ်ဘူး၊ သူတို့လဲ ဘာမှလုပ်မှာ မဟုတ်ဘူး၊ လာပြန်ကြမယ်"
ရန်နိုင်မှ ဖေးမပြောဆိုပြီး သူတို့လေးတွေ လာရာလမ်းတိုင်း ပြန်လာကြသည်၊ တံခါးမကြီးနား အရောက် မှာတော့ နောက်ဖက်မှ အသံများ ပိုမိုကျယ်လောင်စွာ ကြားလာရသည်။
"ဟဲ့ လှည့်မကြည့်ကြနဲ့နော်၊ လာ ပြန်ကြမယ်။ တံခါးဝရောက်ပီ၊ နေဦး ငါတွန်းဖွင့်လိုက်ဦးမယ်"

ဒီတခါတွင်တော့ ရန်နိုင် မနည်း အားစိုက်တွန်းတာတောင် တံခါးမကြီးမှာ တုပ်တုပ်မှ မလှုပ်သည့်အတွက် သူတို့ ငါးဦး ဘုရားစာရွတ်ရင်း အားစိုက်ကာ ပြိုင်တူတွန်းဖွင့်မှ အနည်းငယ် ရွေ့လာတော့သည်။ တကိုယ်စာ ထွက်သာရုံလေး ပွင့်သွားသည်နှင့် မိန်းကလေးများကို အလျင်ပေးထွက်ကာ သူတို့နှစ်ယောက် နောက်က လိုက်လာရင်း လမ်းအတိုင်း ပြန်လာခဲ့ကြသည်။

"ဟဲ့ ဒီအကြောင်းကို လူကြီးတွေ ပြန်မပြောနဲ့နော်၊ အရိုက်ခံရလိမ့်မယ်" (ပုတု)
"အေးပါဟ ငါသိပါတယ်။ သော်သော် နင်ပြန်ရမှာ ဝေးတယ်၊ ပြီးတော့ တယောက်တည်း ဖြစ်နေတယ်၊ ငါနဲ့ တခါတည်း လိုက်အိပ်မလား၊ အမေ့ကိုပြောလိုက်မယ်၊ နင့်အမေဆီလဲ ဖုန်းဆက်လိုက်ပေါ့" (မီးမီး)
"အေး ငါလိုက်မယ် ပြန်ရဲတော့ဘူးဟ၊ ဟဲ သတ္တိတွေ ကောင်းကြတာလေ" (သော်သော်)
"နင်တို့ကလဲ မလိုက်ပါနဲ့ပြောတာကို၊ ငါတို့နှစ်ယောက်တည်းဆို ဒီ့ထက်ကြာကြာ နေလို့ရသေးတယ်၊ ခုတော့ နင်တို့ကို ငဲ့နေလို့" (အောင်အောင်)
"မယ် အပြောမကြီးပါနဲ့ အောင်အောင်ရယ် အိပ်ယာထဲလဲ ကြောက်သေးပါနေဦးမယ်" (မီးမီး)
"နင်နဲ့ ရန်နိုင်က အိမ်ချင်းကပ်နေတော့ ကောင်းတယ်၊ ပြီးတော့ နင်တို့ အိမ်မရောက်ခင် မီးမီးနဲ့ ပုတုအိမ်နော် ငါကတော့ တယောက်တည်း ဟိုဖက်လမ်းမှာ ကွဲနေတာ" (သော်သော်)
"ဟာ နင်ကလည်း သူငယ်ချင်းတွေပဲကို ဒါတွေ ဘာလို့ လျှောက်ပြောနေလဲ" (ပုတု)
"ကဲ မြန်မြန်လျှောက်ကြ ရောက်တော့မယ်"
ရန်နိုင်မှ စကားများနေသော ကောင်မလေးများကို တိုက်တွန်းလိုက်သည်။ မတိုက်တွန်းလို့လဲ မရတော့ပါ၊ နောက်မှ ခြေသံလိုလို၊ အပုပ်နံ့လိုလို ရလာသည့်အတွက် ပြောရခြင်းဖြစ်သည်။

ပုတု အိမ်သို့ အရင်ရောက်လာသည်။
"ပုတုရေ ဘုရားရှိခိုးအိပ်နော်၊ ခြေလက်ဆေးပြီးမှ အိပ်၊ နင့်အမေနဲ့ သွားအိပ် ပိုကောင်းမယ်" (အောင်အောင်)
"အောင်အောင်စုတ် နင်လဲ ငါ့ပြောသလို လုပ်မှာ မဟုတ်လား၊ အားလုံးပဲ နောက်နေ့ ဆုံကြမယ်ဟေ့၊ တာ့တာ" (ပုတု)
"ကဲ သော်နဲ့ မီး ရောက်တော့မယ်၊ ဘုရားစာလဲ ရွတ်မပျက်နဲ့၊ ဘုရားရှိခိုးပြီးမှလဲ အိပ်နော်၊ ဟော ပြောရင်းနဲ့ မီးမီးအိမ်တောင် ရောက်လာပီ သွားတော့၊ ငါတို့လဲ ပြန်တော့မယ်။ တာ့တာနော်၊ နောက်နေ့မှ တွေ့ကြမယ်"
ရန်နိုင်မှ ကျန်နှစ်ယောက်ကို အားပေးရင်း သူလဲ ဘုရားစာရွတ်ရင်း အောင်အောင်နှင့် ပြန်လာခဲ့ကြသည်။ သို့သော် အနောက်မှ ခြေသံ မကြားရတော့သလို အနံ့လဲ ထပ်၍မရတော့ပါ။ သူလဲ ထပ်မစဉ်းစားအားပဲ အောင်အောင့်ကို နှုတ်ဆက်ကာ အိမ်ထဲ ၀င်လာခဲ့လိုက်ပါသည်။

"သော် အနောက်က ခြေသံကြားသလိုပဲနော်၊ ခြံထဲထိပါလာတယ်၊ အိမ်ဝရောက်မှ ပျောက်သွားတာ၊ နင်ကြားလား"
"အေး ငါလည်းကြားတယ်၊ ဘုရားစာ ဆက်ရွတ်ကြရအောင်ဟာ၊ လာ ငါတို့ ဘုရားခန်းထဲ သွားပြီး ဘုရားရှိခိုး ကြရအောင်"
မီးမီးတို့တွေ စကားပြောရင်း ခြေလက် ဆေးကြောနေကြခြင်း ဖြစ်သည်။ မေမေ့အမေးကို လှည့်ပတ်ဖြေကြား ခဲ့ရသေးသည်လေ။ အိမ်ပြန် နောက်ကျသည့်အတွက် မေမေ့ သြ၀ါဒကို နှစ်ယောက်သား ခံယူ နေကြရသေးသည်။ ပြီးတော့ သော်တို့အိမ် ဖုန်းဆက်ပြီး အန်တီစိတ်မပူအောင် ပြောရသေးသည်။ မေမေကတောင် ဒီနှစ်ယောက် ဘာတွေ စတန့်ထွင်ပြန်ပြီလဲဟု ခပ်တိုးတိုး ရေရွတ်သွားသေးသည်။ သော်သော် နှင့် မီးမီးလဲ ဘုရားခန်းထဲမှ ထွက်၍ အိပ်ခန်းထဲ ၀င်ပြီး ခုတင်ပေါ်တွင် နှစ်ယောက်သား ပူးပူးကပ်ကပ် အိပ်ကြသည်။ ဒီညမှ တော်တော်နှင့် အိပ်မပျော်သလို အတွေးထဲတွင် အသံများကြားနေရသေးသည်။

သော် အိပ်မပျော်ခင်မှာပင် အခန်းတံခါးမှာ ဖြည်းဖြည်းချင်း ပွင့်လာပြီး ဖြူဖြူအရိပ် အတိအကျ ဆိုရသော် သုံးရိပ် ၀င်ရောက်လာပြီး မီးမီးနားသို့ အသေးဆုံး အရိပ်လေးက တဖြည်းဖြည်း ကပ်သွားကာ သေချာ ငုံ့ကြည့်နေသည်ကို သော် မျက်လုံး မသိမသာဖွင့်ရင်း ကြည့်နေသည့်အတွက် မြင်နေရသည်။ သူတို့၏ မျက်နှာကိုတော့ မမြင်ရပါ။ မှောင်နေသောကြောင့်ဟု ထင်ရသည်။ သူကလေးက မီးမီးကို အားရအောင် ကြည့်ပြီးသကာလ သော့်ဖက်သို့ လှည့်လာသည်ကို အသည်းယားဖွယ် မြင်တွေ့လိုက်ရလေသည်။ သော့်စိတ်ထဲမှ နေ၍ ပဌါန်းဒေသနာတော်ကို ရွတ်ဖတ် သရဇ္ဇာယ်နေရင်း အရမ်း နီးကပ်လာသောအခါ လက်ဖြင့် အတင်းကာ၍ ပါးစပ်မှလည်း ပဌါန်းကို အကျယ်ကြီး အော်ရွတ်ရင်း......လန့်နိုးလာလေသည်။
*****
ဟီးးးးး ဘယ်လိုနေကြလဲဟင် ညလေး မက်တဲ့ အိပ်မက်ကို ပြုပြင်ပြီး ပြန်ရေးထားတာပါ။ မကောင်းရင်လဲ သည်းခံဖတ်ကြနော်။ အဆုံးထိ ဖတ်ရှုအားပေးတာ ကျေးဇူးတင်ပါတယ်။

သြော် ကျန်သေးတယ် မေ့တော့မလို့ ညလေးအိပ်မက်ထဲမှာ ဒီလိုပုံလှလှလေး ဆိုတော်သေးတယ်။ ခုတော့ သူတို့ မျက်နှာလဲ မမြင်ရပဲနဲ့ ဖြူဖြူအရိပ်တွေပဲ မျက်စိထဲ စွဲနေတယ်။ ညလေး လင့်ခ်ပေးထာတဲ့ ပုံလေးက တအားလှ၊ အဟိ ဘယ်လိုမှကို ပြောမပြတတ်အောင်ပဲ။ ကြည့်လိုက်ကြဦးနော်၊ ပြီးသွားရင်လဲ လှရင် လှတဲ့အကြောင်း၊ အသံလေးက ဘယ်လောက် သာယာဖွယ် ကောင်းကြောင်းလေးလဲ ပြန်ပြောပြကြဦးနော်။
*****

ဆက်လက်ဖတ်ရှုရန်...>>>>

May 4, 2007

ကျွေးချင်လို့

ဒီနေ့ လစာထုတ်တယ် ဒါ့ကြောင့် သူငယ်ချင်းတွေကို မုန့်ကျွေးချင်ပါတယ်။ ပုံထဲက စွပ်ပြုတ်သဘောမျိုး ကြာဇံနဲ့ (ညလေးက ကြာဇံကြိုက်တယ်၊ ညှပ်ခေါက်ဆွဲဖတ် မကြိုက်ဘူး) ညလေးတို့ စားနေကျပဲ စားကောင်းတယ်။ ရန်ကုန်က ကြေးအိုးနဲ့ ဆင်တယ်။ ဘေးက ကျွဲရိုင်းရယ်၊ ချိစ်ရယ်လဲ ပါတယ်။ ကျွဲရိုင်းက ညလေး အလုပ်ပင်ပန်းလို့ သောက်တာ။ အားရပါးရ စားကြနော်။ ကုန်သွားရင်ပြော များကြီးရှိသေးတယ်။
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Apr 29, 2007

သူ့အသက်

"သူဇာ၊ စန္ဒာ နဲ့ ငရဲ ငါနင်တို့ကို မေးစရာရှိလို့"
"ဘာများလဲဟ မေးပေါ့၊ အထူးအဆန်း လုပ်လို့။ အဲ့ဒီ ညလေး တယောက်က အမြဲအဲ့လိုပဲ" (သူဇာ့အပြော)
"ငါမေးရင် နင်တို့ ဖြေမှဖြေနိုင်ပါ့မလားလို့လဲ စဉ်းစားနေရသေးတယ်လေ"
ကျမရဲ့ စကားနဲ့ သူတို့ကို မခံချင်အောင် စပြောလိုက်တယ် ဆိုရင်ပဲ သူတို့တွေရဲ့ သိချင်စိတ်ရယ် မခံချင်စိတ်ရယ် ပေါင်းပြီး ကျမကို အတင်း ၀ိုင်းမေးကြပါတော့တယ်။ သူတို့တွေ ဆိုတာကတော့ ကျမရဲ့ အချစ်ဆုံး သူငယ်ချင်းလေး သုံးယောက်ဖြစ်တဲ့ ခင်သူဇာခိုင်၊ အိစန္ဒာ နဲ့ ရဲထွန်း တို့ပဲဖြစ်ကြပါတယ်။ ကျမရဲ့ နှိပ်စက်တာ၊ အနိုင်ကျင့်တာ လူလည်ကျတာကို အမြဲပဲ ခံနေကြရတော့ ဒီတခါ သူတို့တွေ စိတ်ထဲမှာ ကျမကို ပြန်နှိပ်ဖို့ ပြင်ဆင်ပြီးလောက်ပြီလို့လဲ ထင်ပါ့။ အဟ

"ညလေး မေးမှာဖြင့်မမေးသေးပဲနဲ့ ဘာတွေ စဉ်စားခန်းဝင်နေတာလဲ၊ ငါတို့တွေ စိတ်မရှည်တော့ဘူးနော်" (သုံးယောက်ပေါင်းပြီး တက်ညီလက်ညီ ၀ိုင်းအော်ကြတယ်လေ)
"သြော် မေးမှာပါဆို၊ မေးခွန်းကို ဘယ်ကစရမှန်း မသိသေးလို့ အစကောက်နေတာ"
"နင် မညစ်ပတ်နဲ့နော်" (ထပ်ပြောပြန်ပြီလေ)
"ဟောကြည့်ပါလား နင်တို့တွေက ငါဘာပြောပြော မကောင်းဘူး ထင်မနေကြနဲ့လေ နင်တို့ရဲ့ စိတ်ထား လေးတွေကို ဖြူအောင် အရင်ထားလိုက်ဦး ငါမေးမယ်၊ သေချာစဉ်းစားပြီးမှ ဖြေကြနော်၊ ပြီးစလွယ်မဖြေနဲ့။ အင်းးးး မေးသာ မေးရတာ နင်တို့ မှားတော့မယ်ဆိုတာ ငါကြိုသိနေတယ်၊ ဟဲဟဲ"
"ညလေးနော် မမေးသေးပဲနဲ့ ဆရာကြီးလေသံ ဖမ်းမနေနဲ့ ငါတို့တွေ စိတ်မရှည်တော့ဘူး ပြန်တော့မှာနော်" (သုံးယောက် စိတ်မရှည်တဲ့ လေသံကတော့ တသံတည်းပဲ)
"ကဲကဲ မေးမယ်၊ နင်တို့အိမ်မှာ တိရစ္ဆာန်လေးတွေ ဘယ်နှစ်ကောင်စီ ရှိကြလဲ၊ ဖြေတော့ (သေချာ စဉ်းစားဦးနော်)"

ဒီလိုလေး ကလိတိတိလေး ကျမစလိုက်တယ်ဆိုရင်ပဲ သူတို့တွေလဲ မဆိုင်းမတွပဲ ချက်ချင်းကိုပဲ အဖြေ ပေးကြတော့တာပါပဲ။ သူတို့တွေ ဖြေပုံကတော့
"ငါ့အိမ်မှာတော့ ငါအရမ်းချစ်တဲ့ ရန်လုံ တကောင်ပဲရှိတယ်၊ သူ့တောင် ငါမနည်းပြောလို့ ၀ယ်ပေးထားတာ" (ငရဲက ဒီလိုပြောတယ်လေ)
"ငါ့အိမ်မှာတော့ မေက ခွေးမမွေးရဘူးတဲ့ ကရိကထများလို့ဆိုပြီး ငါကျေနပ်အောင်တော့ ကြောင်ကလေး ရွှေမကို ပေးမွေးတယ်၊ ညလေးရယ် နင်သိရဲ့သားနဲ့ မေးနေရသေးတယ်" (သူဇာရဲ့အဖြေပေါ့)
"ငါ့အိမ်ကတော့ ဘာဆိုဘာမှကို ပေးမမွေးတာ အလုပ်ရှုပ်တယ်၊ ရောဂါရမယ်တဲ့" (စန္ဒာရဲ့ စိတ်ပျက်သလိုလေး အပြော)
"ဟားဟား အားလုံးမှားတယ်ဟ၊ ငါမပြောလား နင်တို့တွေ မဖြေနိုင်ကြပါဘူးလို့၊ သေချာမှ မစဉ်းစားကြပဲ"
"ဘာမှားလို့လဲဟ ညလေးနော် နင်မညစ်ပတ်နဲ့ ဟုတ်တာပဲကို" (စန္ဒာရဲ့ ချေပပြီး ပြန်ငြင်းသံပေါ့)

ကျမရဲ့ ၀မ်းသာအားရ အော်ရီသံကို မကြိုက်ကြသလို မျက်စောင်း ၀ိုင်းထိုးကြပြီး ဆူပုတ်နေတဲ့ မျက်နှာ ကိုယ်စီနဲ့ပေါ့။ ပြန်လဲ ငြင်းကြသေးတယ်လေ။
"ဒါဆို တကောင်စီပဲနော် စန္ဒာက တကောင်မှ မရှိဘူးနော် ဟုတ်လား ပြီးမှ ငါ့ကို သြော် ဟုတ်သားပဲ ဆိုပြီး ပြန်မငြင်းကြနဲ့"
"အေးပါဟ ပြောနင့်အဖြေ" (ငရဲရဲ့ အပြော)
ကျမလဲ သေချာအောင် ကတိတောင်းရသေးတယ် မဟုတ်ရင် သူတို့လဲ အရမ်းကို ညစ်ကြတာ (ညလေး သူငယ်ချင်းတွေ မဟုတ်လား၊ ဗီဇတူရာလေးတွေ စုမိနေကြတာလေ) ဒါ့ကြောင့်လဲ ဘယ်တော့မှ မတည့်ကြပေမယ့် အရမ်းတော့ ခင်မိကြပါတယ်။ သေချာ ကတိရတော့မှ ကျမလဲ
"ဒါဆိုဆက်မေးဦးမယ် နင်တို့အိမ်မှာ ရှိနေတဲ့ မျက်နှာကြက်မှာ နေနေကြတဲ့ အိမ်မြှောင်လေးတွေက တိရိစ္ဆာန်တွေ မဟုတ်ဘူးလား၊ အဲ့ဒီအကောင်လေးတွေကို နင်တို့တွေ မွေးထားတာလား"
"အဲ ဟုတ်သားပဲ မွေးထားဘူးလေ သူ့ဖာသာ ရှိနေကြတာ" (သူဇာ)
"ကျန်သေးတယ် ပြီးတော့ နင်တို့တွေ သေမလောက်ရွံတဲ့ ပိုးဟပ်၊ ကြွက်နဲ့ ယင်ကောင်တွေကရော"
"ညလေး နင်ညစ်ပတ်လာပြီ" (စန္ဒာ) သူကတအား ရွံတတ်တာ
"ဟာ ညစ်ပတ်ပါဘူးဟာ အကောင်းပြောတာ"
"ဒါဆို ဘာကောင်ကျန်သေးလဲ" (ငရဲ)
"ဟားဟားးး အများဆုံး အကောင်လေးတွေ ကျန်သေးတယ်"
"ဘာကောင်လဲ" (သုံးယောက်ပေါင်းပြီး တလေသံတည်း သိချင်စိတ်နဲ့လေ)
"နင်တို့တွေကလဲလေ ဒီလောက်တောင် စဉ်းစားဖို့ကို အစဖော်ပေးထားတာ တောင်မှပဲ ဒုံးဝေးကြတာ၊ နည်းနည်းလေးမှ ဦးနှောက်ကို အပင်ပန်းမခံချင်ကြဘူး"
"ညလေး နင်တော့နော် သာသာနဲ့နာနာ နှက်နေပြန်ပြီ ပြောပြော မြန်မြန်ပြော ငါတို့တွေကလဲ ညံ့တော့ ခံရမှာပေါ့" (ငရဲ)

ကျမရဲ့ ဆရာကြီးလေသံနဲ့ အပြောကို သူတို့လေးတွေ အလူးအလဲ ခံနေကြရတာပေါ့၊ ကဲ မပြောလား ငါမေးရင် မဖြေနိုင်ကြပါဘူးဆိုတဲ့ မျက်နှာပေးနဲ့ ကျမကို မကျေနပ်သလို ၀ိုင်းကြည့် ပြောကြပေမယ့် သူတို့တွေလဲ မတတ်နိုင်တော့ လက်မှိုင်ချရတာပဲ မဟုတ်လား။ ဟီဟိ
"နောက်ဆုံးအကောင်က ပုရွက်ဆိတ်လေးတွေလေ သူတို့လေးတွေကို နင်တို့တွေ နေ့တိုင်း မြင်တွေ့နေရတာပဲ ဒါတောင် မမှတ်မိကြဘူး၊ အကောင်လေးတွေက သေးလို့လား နင်တို့တွေက သက်ရှိ သတ္တ၀ါတွေလို့ မသတ်မှတ် ကြတာလား။ သူတို့လေးတွေလဲ အသက်ရှိကြတယ်လေ စားသောက်တတ်ကြတာပဲ၊ အိမ်မွေး တိရိစ္ဆာန်လေးတွေလို လူတွေ ချစ်ခင်ပြီး ယုယတွယ်တာစရာ အကောင်လေးတွေ မဟုတ်ပေမယ့် သူတို့တွေလဲ တိရိစ္ဆာန်လေးတွေပဲလေ"
ကျမရဲ့ ရုပ်တည်နဲ့ အပြောကို သေချာစဉ်းစားကြပြီးမှ သူတို့တွေ ပြန်ပြောကြပုံက
"နင့်ကို အဲ့ဒီအကောင်လေးတွေရှိမှန်း သတိထားမိအောင် ဘယ်သူပြောပြတာလဲ" (စန္ဒာ)
"ညလေး နင်အရမ်းတော်တယ် ငါတို့တွေ ဘယ်လိုမှ သတိမထားမိကြတာ ဘယ်သူမှလဲ သိပ်ပြီးဂရုစိုက်ကြမှာ မဟုတ်တဲ့ အကောင်လေးတွေကို ထောက်ပြလို့ ကျေးဇူး" (သူဇာ)
"ဒီတခါတော့ နင့်ကို တကယ် ကျေးဇူးတင်ပါတယ်။ ငါတို့ဆို အရင်က သူတို့လေးတွေကို ရှိတယ်လို့တောင် မထင်မိဘူး" (ငရဲ)
"ဘယ်သူမှ လာပြောမပြဘူး ငါဟိုနေ့ကမှ အမေ့ဝိုင်းကူရင်း သတိထားမိတာ ပြီးတော့လဲ နောက်နေ့တွေလဲ သေချာစဉ်းစားနေတာ။ သူများတွေ ဘယ်လို သဘောထားကြလဲ ဆိုတာလဲ ငါလိုက်မေးပြီးပြီ၊ ဘယ်လိုဖြစ်လဲ ဆိုတာ ငါပြောပြမယ် နားထောင်ကြမလား"
ကျမရဲ့အမေးကို မဆိုင်းမတွပဲ ခေါင်းလေးတွေ ပြိုင်တူညိတ်ရင်း
"အေး နားထောင်မယ် ပြောပြ" (သုံးယောက် ပြိုင်တူလေးအပြော)
အတည်ပြောနေကြတဲ့ သူတို့မျက်နှာတွေကြည့်ရင်း ကျမလဲ ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်တော့
*****

"သမီးရေ ဘာလုပ်နေလဲဟေ့ ဒီမှာ အမေ့ကို လာဝိုင်းကူဦး"
"လာပြီအမေရေ"
အမေ့ခေါ်သံကြားတာနဲ့ ကျမလဲ လုပ်လက်စ ကျောင်းစာတွေကို ခဏချပြီး အမေရှိရာ နောက်ဖေးဆောင်ကို အပြေးလေး တပိုင်း လှမ်းလာခဲ့လိုက်ပါတယ်။ အမေ့ဆီရောက်တော့
"အားးး မေရေ ခြေထောက်က ရွစိရွစိနဲ့ ဘာတွေလဲ မသိဘူး" ပြောပြီး ငုံ့ကြည့်မိတဲ့ခါ
"ပုရွက်ဆိတ်တွေ များကြီးပဲ မေရ၊ ခြေထောက်ပေါ်တက်လာတာ"
"သမီးက သူတို့ကို သွားနင်းမိလို့နေမှာ၊ ဒါ့ကြောင့် တက်လာတာ"
"ဒီလောက်အများကြီးကို မေကလဲ"
ကျမကမဖြစ်နိုင်သလို ခြေထောက်ပေါ် တရွရွ ပြေးလွှားနေတဲ့ အကောင်လေးတွေကို ခါချရင်းပြောတော့ အမေက
"မယုံရင် သမီးလာခဲ့တဲ့လမ်းကို ပြန်သွားကြည့်ပါလား၊ သူတို့တွေ အိမ်ပြောင်းနေကြတာနေမှာ"

ကျမလဲ ကျမလာခဲ့ရာ လမ်းတလျှောက် ပြန်ကြည့်တဲ့ခါမှာ ဧည့်ခန်းမနဲ့ မီးဖိုဆောင်အကူး တံခါးပေါက်နားမှာ အတန်းလေး ပျက်သွားရှာတဲ့ ပုရွက်ဆိတ်လေးတွေ ပြန့်ကြဲ ပြေးလွှားနေကြပြီး၊ ကျမနင်းခဲ့လို့ သေသွားတဲ့ သူတို့ အဖော်လေးတွေနဲ့ ဖြူဖြူအရာလေးတွေကို ပြန်ပြီးတော့ ကိုက်ချီယူနေကြတာ တွေ့လိုက်ရပါတယ်။
"ဟုတ်တယ် မေရေ အများကြီးပဲ ဘာလို့ အိမ်ပြောင်းကြတာလဲဟင်"
"မိုးတွင်းရောက်လာပြီလေ သမီးရဲ့ သူတို့လဲ လွတ်ရာပြောင်းကြတာပေါ့"
"မေရေ ဒီဖြူဖြူလေးတွေက ဘာတွေလဲ"
"သေချာကြည့်လေ သမီးရဲ့ သူတို့ရဲ့ သားလောင်းလေးတွေပေါ့"
ကျမလဲ အမေ့ကိုမေးလိုက် ကြမ်းပြင်က သူတို့လေးတွေကို ငုံ့ကြည့်လိုက်နဲ့ အလုပ်ရှုပ်သွားပါတယ်။ သူတို့ ကိုက်ချီယူနေကြတဲ့ ဖြူဖြူအရာလေးကို ကျမလက်ပေါ်တင်ပြီး သေချာကြည့်တော့ အမေပြောသလိုပါပဲ ပုရွက်ဆိတ်လို့ ယူဆရတဲ့ အကောင်လေးပါ၊ အသက်မရှိသေးဘူးထင်ပါရဲ့ မလှုပ်သေးဘူး ပြီးတော့ ခြေထောက် ဖြူဖြူလေးတွေလဲ ပါရဲ့။ တော်ပါသေးရဲ့နော် ကျမတက်နင်းမိတာ ပုရွက်ဆိတ် အမည်းမျိုးမို့လို့ အနီဆိုရင်တော့ ကျမရဲ့ ခြေထောက်တွေကို ကိုက်ကြမှာပဲ။

ကျမရဲ့ အတွေးထဲမတော့ ကျမတက်နင်းလိုက်လို့ ခြေထောက်လေးတွေ ကျိုးသွားတဲ့ အကောင်လေးတွေ၊ ခန္ဓာကိုယ် ပြားချပ်သွားတဲ့ အကောင်လေးတွေ မသေမရှင်ဖြစ်နေတဲ့ အကောင်လေးတွေက ကျမကို ဘယ်လောက်တောင်များ ကျိန်ဆဲနေမလဲ ဆိုတာကိုပါ။ ပြီးတော့ အကောင်ကလဲ သေးပြီး အဆိပ်လဲ မရှိရှာတဲ့ ပုရွက်ဆိတ် အမည်းလေးတွေကို ကျမ အရမ်းကိုပဲ သနားသွားမိပါတယ်။ ပုရွက်ဆိတ် အနီကောင်တွေဆိုရင် ကျိန်ဆဲယုံတင်မက ပြန်လည် ကိုက်ကြမယ်ဆိုတာကို ကျမသဘောပေါက်ပါတယ်။ လူတွေတောင် ကိုယ့်ကိုထိရင် ကိုယ့်ကို နာအောင် လုပ်ထားရင် အဲ့ဒီလူကို သေလောက်အောင် မှတ်မိတတ်ကြတယ် မဟုတ်လား။

အဲ့ဒီညနေမှာပဲ
"အမေရေ ဒီမှာ မောင်လေး သောက်သွားတဲ့ ကော်ဖီခွက်နဲ့ မုန့်ပန်းကန် ဆေးလဲမသွားဘူး ပုရွက်ဆိတ်တွေ အများကြီးပဲ တက်နေကြပြီ"
"ရေဆေးလိုက်လေ သမီးရဲ့"
"ရေဆေးရင် သူတို့တွေ သေကုန်ကြမှာပေါ့ မေရ"
ကျမပြောပြီး သူတို့လေးတွေကို လက်လေးနဲ့ ဖွဖွလေး ခါချတန် ခါချ ခွက်တွင်းဝင်နေတဲ့ ပုရွက်ဆိတ် လေးတွေကို လေနဲ့ ဖြည်းဖြည်းချင်း မှုတ်ရင်း အပြင်ထွက်လာအောင်လုပ် ပြီးတော့မှ ခွက်ကို သွားဆေးလိုက်ပါတယ်။ အချိန်လဲ တော်တော်လေး ကြန့်ကြာသွားပါတော့တယ်။ ဒါပေမယ့် ကျမစိတ်ထဲ ကြည်လင်နေပါတယ်၊ ပြီးတော့ သူတို့လေးတွေကို ကျမလက်နဲ့ မသတ်မိလိုက်ပဲ သတိထားမိ နေတာကိုပဲ ကြည်နူးနေမိပါတယ်။

နောက်တနေ့ ညနေပိုင်း ကျမအမှိုက်သွားသွန်တော့ အိမ်ဘေးနားက အန်တီကြီးလဲ ကြွပ်ကြွပ်အိတ်တလုံး ကိုင်လို့ အမှိုက်သွန်ဖို့ ဆင်းလာနေတာ တွေ့ရပါတယ်။ သူ့အိတ်က လှုပ်လှုပ်ရွရွနဲ့ဆိုတော့ ကျမလဲ စပ်စုလိုက်မိတာ ပေါ့လေ။ ဒီမှာပဲ
"အန်တီ အမှိုက်သွားပစ်မလို့လား"
"ဟုတ်တယ်လေ ညလေးရဲ့ ဘာဖြစ်လို့လဲ"
"ဘာမှမဖြစ်ပါဘူး အန်တီ့အိတ်ထဲက လှုပ်စိလှုပ်စိနဲ့ ဘာကောင်လဲလို့ပါ"
"ကြွက်တွေ သောင်းကျန်းလို့ ညလေးရေ ကြွက်ကပ်ကော်နဲ့ ထောင်ပြီး မိတော့ ခုသွားပစ်မလို့၊ ပိုးဟပ်တွေရောလေ"
"ကြွက်ကို ကော်နဲ့ကပ်တယ် ဟုတ်လား အန်တီ ရလို့လား၊ ဘာကော်လဲဟင်"
"ရတယ်လေ သမီးရဲ့ ၀ယ်ရတာ ဘူးနဲ့လာတယ်လေ၊ ဆိုင်တိုင်းလိုလိုမှာ ရှိတတ်ကြတယ်"
"သမီးတို့အိမ်မှာတော့ ကြွက်ရှိဘူး အန်တီရ ဖြူတုတ်ရှိလို့လား မသိဘူး"
"ဟုတ်မှာပေါ့ ကြောင်ရှိတော့ ကြွက်ဘယ်လာမှာလဲ"

ကျမလဲ ဘာမှ ဆက်မပြောတော့ပဲ သူ့အိတ်ထဲက လှုပ်စိလှုပ်စိ အကောင်လေးကို ကြည့်ချင်တဲ့စိတ်တွေ တဖွားဖွားပေါ်လာပါတယ်။ ဘယ်လိုနေလဲ ကော်က ဘာကော်မို့လဲနဲ့ ကျမအတွေးလဲ နဲနဲရှုပ်သွားပါတယ်။ ကျမလဲ ယောင်တောင်တောင်နဲ့ အမှိုက်ပုံနား ခဏ ချန်နေခဲ့လိုက်ပါတယ်။ သူသွားပြီးတဲ့ထိ စောင့်ပြီးမှ သူပြစ်လိုက်တဲ့ ကြွပ်ကြွပ်အိတ်ကို သွားပြီး ဖွင့်ကြည့်မိလိုက်တဲ့ခါမှာ ကော်လို့ထင်ရတဲ့ အ၀ါရောင်တွေနဲ့ ကပ်နေတဲ့ ကြွက်လေးတွေကို သနားစဖွယ်တွေ့လိုက်ရပါတယ်။ သူတို့လေးတွေ ဘယ်လိုမှ ရုန်းမထွက်နိုင် လောက်အောင်ကို ကော်က ကောင်းလွန်းပါတယ်။ ဟိုဖက်လှည့်ရင် ကော်နဲ့ငြိ ဒီဖက်ရုန်းရင် ကော်နဲ့ထပ်ငြိနဲ့ ရုန်းလေ ကော်ကကပ်လေ ဆိုသလိုပဲ အရေပြားတွေ ပေါက်ပြဲပြီး သွေးတွေလဲ ထွက်လာပါတော့တယ်။ ကျမလဲ သနားတာနဲ့ သူတို့ကို အနားက တုတ်လေး တချောင်းရှာပြီး ကလော်ပေးပါတယ်၊ ကော်တွေပါ ပါအောင် ကော်ပေမယ့် ဘယ်လိုမှ မရတဲ့အဆုံးမှာ ဒီတိုင်းလေးပဲ ထားခဲ့လိုက်ရပါတော့တယ်။ ကျမမျက်စိထဲမှာ သူတို့လေးတွေအစား ကျမကိုယ်ကို အစားထိုး မြင်ကြည့်လိုက်တဲ့ခါမှာ ဘယ်လိုမှ မခံစားနိုင်တော့ပဲ ခေါင်းပဲ ယမ်းမိပါတော့တယ်လေ။ ကြွက်ကလေးခမျာ ဘယ်လောက်တောင် နာကျင်နေပြီး ကျိန်ဆဲလိုက်မလဲလို့။

ကျမတို့ သူငယ်ချင်းတွေနဲ့ လမ်းထဲက ကလေးတွေ လမ်းထဲမှာ ညတိုင်း ဆင်းဆော့ကြပါတယ်။ လမ်းထဲမှာ အဘိုးကြီးတယောက်က ညတိုင်းဆို ကုလားထိုင်တလုံးချပြီး အေးအေးလူလူ ထွက်ထိုင်တတ်ပါတယ်။ ဒီနေ့တော့ သူက လက်ထဲမှာ ရေစစ်လိုမျိုး ကတော့ရှည်ကြီး (တော်တော်ရှည်ပါတယ်) တခုကိုင်လို့ ဟိုဖက်ယမ်းလိုက် ဒီဖက်ယမ်းလိုက်နဲ့ ဘာလုပ်နေလဲ မသိရဘူး။ ဒါနဲ့ ဆတ်ဆော့တဲ့ ကျမလဲ အနားသွားလို့ စပ်စုပြန်တာပေါ့လေ။
"အဘ ထမင်းစားပြီးပြီလား"
"အေးကွယ့် စားပြီးပေါ့ ကလေးရယ်"
"အိမ်ထဲမှာ ပူလို့လား အဘရဲ့"
"ဟုတ်တယ် ကလေးရဲ့ အိမ်ထဲမှာပူတော့ ပန်ကာဖွင့်ရတယ်လေ၊ ပန်ကာလေကျတော့ အဘတို့လို အသက်ကြီးလာရင် မကောင်းတော့ဘူးလေ၊ သဘာဝလေက အကောင်းဆုံးပဲလေ"
"အဘ ဒါကြီးက ဘာလုပ်နေတာလဲဟင် ဟိုဖက် ဒီဖက် ယမ်းပြီးတော့"
"သြော် ဒါလား ခြင်ယပ်နေတာလေ ဒါကိုယမ်းလိုက်တော့ ခြင်တွေအလွယ်တကူ ၀င်လာတယ်လေ ပြီးရင် အ၀က အောက်ခြေနားထိ လက်နဲ့ ဖျစ်သတ်လိုက်ယုံပဲလေ၊ လွယ်တာပေါ့ ကလေးရဲ့"
"ဟင် ဒါဆို သူတို့တွေ သေကုန်တာပေါ့နော် အဘပဲ သူတို့ရှိရာမှာ လာထိုင်နေပြီးတော့ အဘ အိမ်ထဲမှာနေတော့ရော ဒီလိုပဲ ယပ်နေတာလား"
"အိမ်ထဲမှာနေတော့ ခြင်ဆေး ထွန်းထားတာပေါ့ ကလေးရ"
"ဒါဆို ခုလဲ ခြင်ဆေးထွန်းထိုင်ပေါ့ အဘရဲ့၊ သူတို့ကို သတ်လေ သူတို့က အဘကို ကိုက်လေဖြစ်နေမှာပေါ့ မရိုက်ပဲ မေတ္တာပို့ကြည့်ပါလား၊ ဘယ်လာကိုက်တော့မှာလဲ အဘရဲ့"
ကျမလဲ စိတ်ပေါက်ပေါက်နဲ့ ဘုပြောပြီး လှည့်ထွက်ခဲ့လိုက်ပါတယ် အဘိုးကြီးတော့ ဘယ်လိုဖြစ်ကျန်ခဲ့လဲ မသိတော့ပါ။

အိပ်ယာဝင်တော့ ကျမလဲ မနေ့ကအဖြစ်ရယ် ဒီနေ့အဖြစ်ရယ်ကို တွေးပြီး တော်တော်နဲ့ အိပ်လို့မပျော်နိုင်ပါဘူး။ ပုရွက်ဆိတ်ဆိုတဲ့ သတ္တ၀ါလေးတွေ ခန္ဓာကိုယ်လေးက ဒီလောက်သေးငယ်နေတော့ သူတို့အင်အားနဲ့ အစာရှာစားရတာ ဘယ်လွယ်လိမ့်မလဲ ပြီးတော့ သူတို့ရှာနိုင်တဲ့ အင်အားလေးနဲ့ သူတို့လေးတွေ အသက်မသေဖို့ကို မနည်းရှာစားကြရမှာ။

ပြီးတော့ ကြွက်ကလေးတွေကရော စားကြွင်းစားကျန်မှ ရှာမစားရင် ဘယ်လို အသက်ရှင် နေနိုင်ကြမလဲ။ အိမ်တွေမှာ နေတော့ သူတို့ကို ရွံကြတယ်။

ခြင်ဆိုတဲ့ သတ္တ၀ါလေးကရော သူ့မှာ သွေးစုပ်ဖို့ နှာမောင်းလေးတခုကလွဲရင် အစာစားစရာ ပါးစပ် ပါတာမှ မဟုတ်တာ။ သွေးမှ မစုပ်ရင် သူဘယ်လို အသက်ဆက်ရှင်မလဲ။ သူ့အသက်ရှင်ဖို့ကို သတ္တ၀ါတွေရဲ့ သွေးကို ပြန်စုပ်ရတာမဟုတ်လား။

ကျမဆုံးဖြတ်ချက်ထဲမတော့ ဒီကနေ့ကစလို့ သတိထားပြီး သတ္တ၀ါလေးတွေရဲ့ အသက်ကို တတ်နိုင်သမျှ မသတ်မိအောင် ရှောင်ဖို့ရယ်၊ သူတို့ကို ညှဉ်းပန်းနှိပ်စက်သလို မဖြစ်အောင် နေဖို့ရယ် ဆုံးဖြတ်လိုက်ပါတယ်။ ဘယ်လိုမှ ရှောင်လွှဲလိုမရလို့၊ သတိမရလိုက်လို့ ဆိုတဲ့ မဖြစ်နိုင်လောက်တဲ့ အခြေအနေတွေက လွဲရင် "ပါဏာတိပါတကံ" ကို မကျိုးမပေါက်အောင် သတိနဲ့ယှဉ်ပြီး စောင့်ထိန်းသွားဖို့ ဆုံးဖြတ်ချက် ချလိုက်ရပါတော့တယ်။
*****
ကျမပြောလို့ အပြီးမှာတော့ သူငယ်ချင်းတွေက
"အေးဟ အမေဆို ကြွက်တွေ အရမ်းသောင်းကျန်းရင် ကြွက်ကပ်ကော်ဝယ်ပြီး ထောင်ထားတတ်တယ်" (စန္ဒာ)
"အဆိုးဆုံးက ပုရွက်ဆိတ်လေးတွေပဲ ကော်ဖီခွက်တို့ ထမင်းပန်းကန်တို့ စားသောက်ပြီးလို့ ခဏလေး ထားလိုက်တာနဲ့ တက်တော့တာပဲဟ၊ ငါလဲ အရင်ကဆို ရေနဲ့ဆေးချနေကြပဲ ဒီတခါတော့ ရှောင်ရမယ်" (သူဇာ)
"ငါက ပိုးဟပ်ဆို အရင်က တွေ့တာနဲ့ ရိုက်သတ်လိုက်တာပဲ ဒီတခါတော့ သူ့ကိုဖမ်းပြီး လွှင့်ပစ်လိုက်တော့မယ်" (ငရဲ)
"အေးပေါ့ သူတို့တွေကို သက်ရှိသတ္တ၀ါတွေလို့ မသတ်မှတ်ရင် ပါဏာတိပါတကံ ကို လွယ်လွယ်နဲ့ ကျူးလွန်မိကြတာပဲလေ။ လူတိုင်း ငါးပါးသီလ လုံဖို့ဆိုဝေးလို့ ဒီတပါးတည်းတောင်မှ မကျိုးအောင် မနည်း စောင့်ထိန်းရမှာ။ လူသတ်မှ သူ့အသတ် သတ်တာမဟုတ်ပဲ သတ္တ၀ါလေးတိုင်းရဲ့ အသတ်လို့ သတ်မှတ်ထားရင် သတိအမြဲထားနေရင် လွယ်လွယ်နဲ့ မသတ်ဖြစ်တော့ဘူးပေါ့ဟာ"
"အေး ငါတို့လဲ နောက်ဆို ရအောင်ရှောင်ရမယ်။ ငါးပါးလုံး မလုံရင်တောင်မှ တပါးလောက်ကို မကျိုးအောင် စောင့်နိုင်ရင်လဲ ကောင်းတာပဲ၊ နင့်ကိုတော့ ငါတို့ သုံးယောက်လုံးက လေးစားသွားပြီဟာ တကယ်ပါ။ အစကတော့ ငါတို့ကို နှိပ်ကွပ်တော့မယ်လို့ ထင်နေတာ ခုလို သတိပေးတာ ကျေးဇူးတင်ပါတယ်"
"လိုပါဘူးဟာ သူငယ်ချင်းတွေပဲ ငါသိရင် နင်တို့လဲ သိရမှာပေါ့ဟ၊ နင်တို့တွေ လက်ခံတာကိုပဲ ငါက ၀မ်းသာနေတာ"
ဒီလိုနဲ့ပဲ ကျမတို့ရဲ့ စကားရည်လုပွဲလေးကို ကျေနပ်စွာနဲ့ ဒီတခါပဲ သိမ်းဖြစ်ပါတယ်။
*****
ဒီသတ္တ၀ါတွေ မရှိအောင် လူသတ္တ၀ါကပဲ ကိုယ့်ပတ်ဝန်းကျင်ကို သန့်ရှင်းနေအောင် ထားကြရမှာ မဟုတ်လား။ သူတို့ကို လာအောင် ဖိတ်ခေါ်ရင် လာနေကြဦးမှာပဲလေ။ ကိုယ်ကမှ သန့်ရှင်းအောင် မထားပဲလေ။ စားကြွင်းစားကျန်ကို တခါတည်းပစ်ပြီး ပန်းကန်ခွက်ယောက်ဆိုလဲ စားသောက်ပြီးတာနဲ့ တခါတည်း ဆေးကြော သန့်စင်လိုက်ရင် ပုရွက်ဆိတ် မလာနိုင်တော့သလို ကြွက်လဲ မပေါတော့ဘူးပေါ့။ ပြီးတော့ ခြင် ဆိုတဲ့ သတ္တ၀ါက ကိုယ်သတ်လိုက်တိုင်း နည်းပါးမသွားပဲ ပေါများနေကြတာပဲ မဟုတ်လား ကုန်တယ်လို့မှ မရှိတာ ဒါတောင်မှ ခြင်အသက်က ၇ ရက်ပဲ ရှည်တယ် ဆိုလား။

ဘယ်လိုလဲ သူငယ်ချင်းတို့ အိမ်မှာမွေးမထားပဲ သူ့အလိုလို ရှိနေကြတဲ့ တိရိစ္ဆာန်လေးတွေကိုရော ကြင်နာစိတ်လေး ထားကြမယ် မဟုတ်လား။
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Apr 27, 2007

ဘ၀တိုက်ပွဲ

ဤသို့ဤနှယ် စိတ်ပျက်ဖွယ်။
လူလူချင်းဟု သတ်မှတ်ထားကြပါ၏လော...
စာနာစိတ်များ ထားတတ်ဖို့ရာ နားလည်ကြပါ၏လော...

ကိုယ်ကောင်းဖို့ရာ ကြည့်ကြရာဝယ်
တယောက်ပေါ်တယောက် ကျော်ခွနင်းကြ
ရိုင်းပြဆက်ဆံ ငေါက်ငမ်းဆဲဆို
မလိုမျက်နှာတင်းပြကာဖြင့်
လိုသောမျက်နှာ ရွှင်ပြုံးကာဆို
သကာချိုတွေ့ ဆီးကြိုနှုတ်ဆက်
တတ်ကြသည်ကား လူတို့သဘောလား...

ရှေ့တွင်တမျိုး ကွယ်တမျိုးဖြင့်
ဆက်ဆံတတ်သော ဤနှယ်လူကား
သာ၍ကြောက်စရာ ကောင်းသေး၏။

ကိုယ့်ထက်သာက...
မနာလိုခြင်း ၀န်တိုခြင်းဖြစ်
ရန်သူပမာ ဆက်ဆံတတ်ကြ
ဤလောက၌
လူဖြစ်လာရ ငါသည်ကား...

ထိုထိုချင်းရာ
စိတ်ပျက်ဖွယ်များ ရှိကြုံငြားလည်း
သည်းခံစိတ်ရှည် ကောင်းစွာဆက်ဆံ
ဘယ်သူတွေပျက် ငါမပျက်ဟု
စိတ်ဝယ်မှန်းရည် ဘုရားတည်။

ငါရွေးခဲ့လမ်း ခက်ခဲများစွာ
တားဆီးတွေ့ကြုံ ဆုံလာသမျှ
အဖုံဖုံသော ဒုက္ခတွေကြား
လောကဓံကို အံတုခံရင်း
ငါ၏ကိုယ်သာ အားကိုးရာဟု
စွဲကိုင်မှတ်ထင် စိတ်နှင်အားတင်း
ရဲရဲဝင့်ဝင့် ဇွဲစိတ်ရင်းတည်
မရောက်ရောက်လှမ်း ကြိုးစားမြန်းမည်
ဒါသည် ဘ၀တိုက်ပွဲတည်း....
*****
ဒီကို ရောက်စတုန်းက အရမ်းကို ဖိစီးမှုတွေ များလွန်းလို့ ရေးထားတာလေးပါ၊ ကဗျာလို့တော့ ခွဲထားလိုက်တာပဲ။ ညလေးရဲ့ မတောက်တခေါက် ရေးဖြစ်ထားတာလေးပေါ့ နော့..။
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Apr 25, 2007

Tag = ထူးခြားချက်များ

"Tag" ရမယ်တဲ့ ဘာမှန်းလဲ မသိ ဘယ်သူ စတဲ့ဇာတ်လမ်း မှန်းလဲ မသိ "မီးခိုးကြွက်လျှောက်" မလိုက်နိုင်တော့လဲ မှီရာကနေပဲ အမြန်ကားစီးပြီး လိုက်တော့မယ်။ ကိုယ့်ရဲ့ ထူးခြားချက်တွေကို ပြောပေးရမယ်တဲ့ (ထူးချင်မှ ထူးမှာ၊ ကိုယ့်ရဲ့ သူများနဲ့ မတူတဲ့ အချက်တွေပေါ့)။ အင်းးးး ပြီးရင်လဲ ဘယ်သူ့ကို ပြန် "Tag" ရင်ကောင်းမလဲ စဉ်းစားရဦးမယ်။ တော်တော်ရှုပ်တာပဲ။ ဘာပဲဖြစ်ဖြစ် ဒီလိုလူမျိုးတွေကို သူငယ်ချင်း တော်ထားတော့လဲ ဘုမသိ ဘမသိနဲ့ "Tag" ရတော့မှာပေါ့လေ။
*****
(၁) အိပ်ရင် ဘယ်တော့မှ မယောင်တတ်ဘူး (ထင်တာပါ၊ ယောင်ချင်လဲ ယောင်မှာပေါ့နော့)၊ အိပ်မက် မက်ရင်လဲ နိုးလို့ မျက်လုံးနှစ်လုံး ဖွင့်လိုက်တာနဲ့ အဲ့ဒီအိပ်မက်ကို အစတောင် ပြန်ကောက်လို့ မရတော့ဘူး (မှတ်ဉာဏ် ကောင်းပုံများ)။ ဒါ့ကြောင့် အမေဆို နှစ်လုံးထီထိုးရင် ဘယ်တော့မှ ဘာမက်လဲ မမေးပါ။ :P

(၂) တခုခုကို စိတ်ပါဝင်စားစွာ လုပ်နေရင် အနားမှာ တယောက်ယောက် လာရှုပ်တာမကြိုက်ပါ။ ဥပမာ- ထမင်း၊ ဟင်း ချက်ပြုတ်နေချိန်မှာ လာကူရင် သိပ်စိတ်ဆိုးပေါ့ (အမေတောင် အနားနေလို့မရဘူး၊ လက်ရှုပ်လို့)။

(၃) ဘယ်တော့မှ မီးဖိုချောင်မှာ အမှိုက်တွေ ရှုပ်ပွနေရင် ဟင်းဝင်မချက်ပါ။ ချက်တော့မယ်ဆိုရင်လဲ အရင်ဆုံး သေချာ ပြောင်နေအောင် တိုက်ချွတ်ဆေးကြော ပြီးမှ ချက်တတ်တယ် (အိုးခွက်၊ ပန်းကန်ကအစ ဆေးရင်းနဲ့ တနေကုန်တာပဲလေ)။ :D

(၄) သူတပါး စိတ်ဆိုးတာ၊ မကျေနပ်တာ၊ အဆုံးစွန် ဒေါသထွက် နေရင်တောင်မှ လာမပြောရင် မသိပါ (ပြောပြကြနော်၊ ငါတော့နင့်ကို စိတ်ဆိုးနေတယ်၊ စိတ်ကောက်နေတယ်လို့)။ :)

(၅) နှစ်သက်စွာ ၀ယ်ယူထားသည့် ပစ္စည်းများဆို သူတပါးလာကိုင်လျှင်ပင် မကြိုက်တတ်ပါ။ မသိအောင်ယူသုံး လို့ကတော့ ဒေါသချောင်းချောင်း ထွက်ပြီမှတ်။ ဥပမာ- စာအုပ်လှလှလေးတွေ၊ ဘောလ်ပင်လှလှလေးတွေ၊ အဆိုးဆုံးကတော့ လေးတန်းလောက်တုန်းက မုန့်ဖိုးစုပြီး ၀ယ်ဖြစ်တဲ့ ကြောက်ရုပ် အဖြူနဲ့ အနက်လေးရယ် ဘောလုံးလေးရယ်၊ တထုပ်မှာ တစုံပါတဲ့ ခဲဖျက်လေးကို ကြောင်ရုပ်လေး ပျက်သွားမှာစိုးလို့ မဖျက်ရက်ပဲ သိမ်းထားတာ ကြီးလာမှပဲ အိမ်နားက ကလေးလေးကို ပေးလိုက်ရတယ်။ (အဲ့လိုကို နှမြောတာ) :P

(၆) နှင်းဆီပန်းတွင် အ၀ါရောင် တမျိုးတည်းသာ ကြိုက်နှစ်သက်ပါတယ်၊ အ၀ါဆို ဘယ်အ၀ါမဆို ကြိုက်၏။ သိုပေမယ့် ပိတောက်ပန်း ခြောက်သွားရင်တော့ မကြိုက်ပါ။ (နံမည်ကိုက ပိတောက်အခြောက်ရောင် တဲ့) :(

(၇) တပါးသူ လုပ်နိုင်တာ ကောင်းတာ မှန်သမျှ မလုပ်နိုင်တာ မရှိဟု စိတ်ထဲတွင် ခံယူထားခြင်း။ မျက်စိရှေ့တွင် ခဏမျှသာ လုပ်ပြသော အလုပ်ကို တခဏအတွင်း ပြန်လုပ်ပြနိုင်ခြင်း။ ဘွဲ့ယူတုန်းက မျက်နှာပြင်ပေးသည့် သူ ပြင်ပေးသည့်အတိုင်း နောက်ပိုင်းတွင် တိကျစွာ ပြင်ဆင် ခြယ်သတတ်ခြင်း။ (တော်တယ်နော်) :-D

(၈) စိတ်မပါလျှင် ဘယ်သူလာပြောပြော နေရာမှ မထတမ်း ထိုင်ကာ ပေကပ်ကပ် နေတတ်ခြင်း၊ ရေတောင် ထမသောက်ဘူး။ ;D

(၉) စိတ်ဆိုး၊ ဒေါသထွက်နေလျှင် ထမင်းတော့ ၀င်အောင်စားခြင်း။ (ကျန်းမာရေး ဂရုစိုက်တာပါ)

(၁၀) မိန်းကလေးများ အတင်းပြောနေလျှင် ကြည့်မရဖြစ်ကာ အဲ့ဒီတယောက်နှင့် စကားလုံးဝမပြောတော့ခြင်း (ကျောင်းတုန်းကပါ၊ ခုတော့ နည်းနည်းပြင်ထားတယ်)။ သူတပါးမကောင်း မပြောသလို ကိုယ် ကောင်းကြောင်းလည်း ဘယ်သူ့ကိုမှ လျှောက်မပြောတတ်ခြင်း။ (သူတပါးအပေါ် အကောင်းမြင်တတ်ခြင်း)

(၁၁) မရွံတတ်ပါ။ ကိုယ့်ပါးစပ်ထဲ မ၀င်သရွေ့ ဘယ်တော့မှ မရွံပါ၊ ကြိုက်သလောက်ပြော၊ မြင်နေလည်း အစားအသောက် မပျက်ပါ။ သူငယ်ချင်းများနှင့် ပြိုင်ပြောတိုင်း အနိုင်ရသည်။ (မုန့်ဟင်းခါးကို ၀ါးကျွေးမယ် ပြောလဲ အစားမပျက်ပါ၊ သူတို့ပဲ ရှုံးပါသည်) :D

(၁၂) လူကြီး မဆန်ပါ၊ ဘယ်ရုပ်ရှင်ကို အရင်ကြည့်မလဲ မေးလျှင် ကာတွန်းကား အရင်ကြည့်မည်ဟု ဖြေတုန်းပဲ။

(၁၃) ဓါတ်ပုံရိုက်ရတာ တအားဝါသနာကြီးသည်၊ ခရီးတခါထွက်လျှင် ဖလင် ၄-၅ လိပ်လောက်တော့ အပျော့ပေါ့။ ကိုယ်ရိုက်သည့် စတိုင်လ်အတိုင်း သူငယ်ချင်းများ လိုက်ရိုက်လည်း ကိုယ့်ပုံလောက်တော့ မလှပါ။ (ကြွားတာလေ ကြုံတုန်းလေး) :P

(၁၄) လက်မြန်၊ ခြေမြန်ရှိခြင်း။ ငယ်တုန်းက သူငယ်ချင်းများ စသည့်အခါတွင် ပါးစပ်မှ မစနဲ့ဟု မပြောခင် လက်ကတော့ သူ့ကို နာအောင် အရင်ရိုက်ပြီး ဖြစ်သည်။ (ကြည့်ရှောင်ကြနော်) :)

ကဲ ညလေးရဲ့ ထူးခြားချက် တွေကိုတော့ ပေါက်ကရရေးလို့ ပြီးပြီ ဘယ်သူ့ ပြန် "Tag" ရင်ကောင်းမလဲ ဆိုတော့
(၁) လင်းလက်ကြယ်စင်
(၂) ဦးနတ္ထိ
(၃) ဦးဦးကဒေါင်း
(၄) ညလေးသီရိ
(၅) ဦးဆန်းဦး
(၆) ဦးနေကြီး

ကဲလေ တော်လောက်ပါပီ ဒီလောက်လေးပဲ "Tag" လိုက်တယ် ပြီးရင် သူတို့ကိုလဲ သွားပြောရဦးမယ်လေ။ အားလုံးပဲ ပြိုင်တူ တက်နိုက်ကြပါစေ။ ;)
*****
စကားချပ်။ ။ညလေး ထပ်မံဖြည့်စွက် ထားပါသေးတယ်။ အားမရသေးမချင်း ထပ်ဖြည့်နေဦးမှာပါ။ :)
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Apr 20, 2007

သင်္ကြန်အလွမ်း

မနက်စောစာ အိပ်မှုန်စုံဖွားနဲ့ ထလာတဲ့ကျမ ပြတင်းတံခါးကနေ လှမ်းကြည့်လိုက်မိတယ် ဆိုရင်ပဲ လှမ်းမြင်နေရတဲ့ ပိတောက်ပင်ကြီးရဲ့ အရွက်စိမ်းစိမ်းလေးတွေ ကြားကနေ ဟိုတစု ဒီတစနဲ့ သူ့ထက်ငါ အပြိုင် ပွင့်လာနေကြတဲ့ ပန်းပွင့်ဝါ၀ါလေးတွေကို ကြည့်ရင်း ကြည်နူးမှုနဲ့အတူ အောက်ထပ်ကို အပြေး ဆင်းလာခဲ့လိုက်ပါတယ်။
တံခါးမကြီးက ဖြတ်လို့ ခြံထဲအရောက်မှာတော့ "ဗွမ်းးးးးး" အသံနဲ့အတူ တကိုယ်လုံး ရွှဲရွှဲစိုသွားလို့ ကြွက်စုတ်လေး ပမာ ဖြစ်သွားတဲ့ ကျမ ကြည်နူးမှု အတွေးတွေ လွင့်ခနဲပျောက်လို့ ဒေါသရောင် လွှမ်းနေတဲ့ မျက်လုံးနဲ့ အသံလာရာ လှည့်ကြည့်မိတဲ့ခါမှာ ပြုံးဖြီးဖြီးမျက်နှာနဲ့ ကျမကို မျက်နှာချိုသွေးပြီး ရပ်ကြည့်နေတဲ့ "မင်းမင်း" ကိုတွေ့လိုက်ရတော့တာပါပဲ။ သူ့ကိုတွေ့မှ ကျမရဲ့ ဒေါသတွေ ပိုလို့ ပေါက်ကွဲကုန်ရပါတယ်။ သူရပ်နေတဲ့ ခြံစည်းရိုးစပ်နား သွားလို့ ခါးထောက်ပြီး
"မင်းမင်း၊ နင် ဒါဘာလုပ်တာလဲ၊ သင်္ကြန်တောင် မကျသေးဘူး"
"ဘာလို့မကျရမှာလဲ ဒီနေ့က သင်္ကြန်အကြိုနေ့လေ၊ နင်နဲ့ငါ လောင်းထားတာ မှတ်မိသေးလား၊ နင်မေ့နေရင်လဲ ပြန်စဉ်းစားလိုက်ဦး။ ပြီးတော့ ဒီနေ့ ငါ သင်္ကြန်ရေ ဦးတဲ့အတွက် ငါလိုချင်တာ ပေးဖို့လဲ နင် စဉ်းစားထား"
ပြောပြောဆိုဆိုနဲ့ ထွက်သွားတဲ့ သူ့နောက်ကျောကိုကြည့်ရင်း ကျမလဲ ဒေါသနဲ့ ဆွေ့ဆွေ့ခုန် ကျန်ရစ်ခဲ့ပါတယ်။

ဒီတော့မှပဲ ကျမကစလို့ စိန်ခေါ်ခဲ့ပြီး နိုင်တဲ့သူ လိုချင်တာ ရှုံးတဲ့သူက ပေးရမယ်လို့ ပြောခဲ့တာလဲ ပြန်သတိရမိ ပါတော့တယ်။ ဒါပေမယ့် ဒေါသမပြေသေးတဲ့ ကျမ၊ ရှုံးသွားတာလဲ မကျေနပ်တဲ့ ကျမ အိမ်ထဲကို ဆောင့်ကြီး အောင့်ကြီး ၀င်လာတယ် ဆိုရင်ပဲ ဧည့်ခန်းထဲထိုင်နေတဲ့ မေမေက မြင်တော့
"ဟဲ့သမီး ဘာဖြစ်လာတာလဲ တကိုယ်လုံးလဲ ရွှဲလို့ပါလား"
"မင်းမင်းပေါ့ မေမေ သမီးကို ရေလာလောင်းတယ်"
"အေးလေ ဒါဘာစိတ်ဆိုးစရာရှိလဲ ဒီနေ့သင်္ကြန် အကြိုနေ့ပဲ၊ ကလေးတွေတောင် ရေဆော့နေကြပြီ။ သမီးပဲ သူ့ကို စပြီး စိန်ခေါ်ထားတာ မဟုတ်လား"
"သမီးမှ သတိမရပဲလို့၊ ပိတောက်တွေ ပွင့်နေလို့ ၀မ်းသာပြီး ခြံထဲဆင်းမိလိုက်တာ၊ ဒီလိုမှန်းသိ မဆင်းပါဘူး၊ မေကလဲ သတိမပေးဘူး"
"သမီးကပဲ မေမေ့ကို အပြစ်ပြန်တင်နေသေးတယ်။ အမှန်က သမီးမှားတာပဲ၊ ကိုယ်လုပ်ထားတဲ့ အလုပ်၊ ကိုယ်ပြောထားတဲ့ စကားကို လွယ်လွယ်နဲ့ မေ့မပြစ်ရဘူး။ ခုတော့ ကိုယ့်အပြစ်နဲ့ကိုယ်ပဲ၊ သွား အ၀တ်အစား သွားလဲချေ"
မေက ပြောဆိုပြီး မီးဖိုချောင်ကို ထွက်သွားပါတော့တယ်။

ဒီတော့မှ ကျမလဲ အခန်းထဲဝင် အ၀တ်လဲပြီး ကက်ဆက်ကို အကျယ်ကြီးဖွင့်လို့ အိပ်ယာပေါ်လှဲနေလိုက်တယ်။ အတွေးထဲမှာတော့ ငယ်တည်းက အလောင်းအစားမက်တဲ့ ကျမ၊ လောင်းတိုင်းလဲ ရှုံးတတ်တဲ့ကျမ၊ ရှုံးမဲမဲပြီး အမြဲတမ်း ညစ်တတ်တဲ့ ကျမကို ပြန်အလျှော့ပေး အနိုင်ယူစေခဲ့တဲ့ မင်းမင်း။ ကျမဆိုးသမျှကို သည်းညည်းခံ အလိုလိုက်ရင်း ကျမသဘောကျ နေပေးခဲ့တဲ့ မင်းမင်းရဲ့ ပုံရိပ်တွေကသာ နေရာယူထားပါတော့တယ်။

ဘယ်လို အိပ်ပျော်သွားမှန်း မသိလိုက်ရပဲ
"သမီးရေ ဒီမှာ မင်းမင်းရောက်နေတယ်ဟေ့၊ ဆင်းလာခဲ့ဦး"
မေမေ့ရဲ့ အသံနဲ့အတူ မငွေရဲ့ တံခါးခေါက်သံကိုပါ တဆက်တည်း ကြားလိုက်ရမှ ကျမလဲ နိုးလာပြီး နာရီကို ကြည့်မိတဲ့ခါ
"အိုးးး ၅ နာရီတောင် ထိုးနေမှပဲ"
ကမန်းကတန်းနဲ့ ရေချိုး၊ အ၀တ်လဲပြီး သနပ်ခါးပါးကွက်ရင်း ပါးစပ်ကလဲ
"ဟင်းးး ဘာလာလုပ်လဲ မသိ တော်တော်ရှုပ်တဲ့ မင်းမင်း" လို့ ရေရွတ်ရင်း အောက်ဆင်းလာတော့ ဧည့်ခန်းမ မရောက်ခင်မှာပဲ
"ညလေးက ကျွန်တော့်ကို စိတ်ကောက် နေတာနဲ့တူတယ် အန်တီရ သူလောင်းထားတာ ရှုံးသွားလို့လေ"

ဒီစကား ကြားလိုက်ရတယ် ဆိုရင်ပဲ မြန်မြန်ဆန်ဆန် ဧည့်ခန်းမကို ထွက်လိုက်ရင်း
"ဘယ်မှာ စိတ်ကောက်လို့လဲ မင်းမင်းစုတ်၊ အပိုတွေ လျှောက်ပြောနေတယ်"
"ခါတိုင်း နင်က ငါတို့အိမ်ဘက် ကူးလာနေကြ မဟုတ်လား၊ ဒီနေ့ နင်မလာလို့ မေမေတို့တောင် မေးနေကြသေးတယ်၊ ဒီကလေးမ ငြိမ်လှချည်လား ဆိုပြီး"
"မေးနေကြတယ်လို့ ဆိုတာတော့ ဖြစ်နိုင်ပါတယ်၊ နောက်က တကြောင်းကတော့ နင်သပ်သပ် ထည့်ပြောတာပဲ၊ ငါ အိပ်ပျော်သွားလို့"
"ရော့ ဒီမှာ နင့်အတွက် ငါ ပိတောက်ပန်းတွေ ခူးလာတယ်"
"သြော် ငါ့အပင်ပေါ်က ပန်းတွေနဲ့ ငါ့ကို မျက်နှာလာလုပ်နေတယ်၊ ငါမှ မပန်တာပဲ"
"ဟဲ့ သမီး အကြီးကို အဲ့လိုမျိုး ပြန်မပြောရဘူးလေ"
မေမေက ကျမ အပြောကို ၀င်ဟန့်တဲ့ခါမှာ ၀မ်းသာအားရ မျက်နှာနဲ့
"တွေ့လား ညလေး ငါက အကြီးနော်၊ ရိုရိုသေသေဆက်ဆံ"
"မယ် ငါ့ထက် ၁ နာရီလေး စောမွေးတာကို စကားထဲ ထည့်ပြောနေတယ်"
"ဘယ်လိုမွေးမွေး အကြီးက အကြီးပဲ၊ ပန်းမပန်ချင်ဘူးဆိုလဲ စားပွဲမှာ ထိုးထားလိုက်ပေါ့ဟ၊ ပြီးတော့ ဘုရားလှူလို့ရတယ်၊ ငါက စေတနာနဲ့ ခူးလဲ လာပေးရသေးတယ်၊ အိုက်တင်ခံပြီး ငြင်းမနေနဲ့၊ နင်ပန်းခူးချင်လို့ မနက်က အစောကြီး ထပြီး ခြံထဲဆင်းလာတာ မဟုတ်လား"
"ကဲ တော်ကြတော့လေ ဒီနှစ်ယောက်က ကလေးလဲ မဟုတ်တော့ဘူး စကားနိုင်လုမနေကြနဲ့၊ ပြီးရင် မခေါ်ပဲ နေနိုင်ကြတာလဲ မဟုတ်ဘူး"
မေမေက ပြောပြီး ထထွက်သွားပါတယ်ု။ ပြန်ပြောဖို့ ပြင်နေတဲ့ ကျမပါးစပ်လဲ မေမေ့အပြောနဲ့ ပိတ်သွားရပါတယ်။

"နင်ဘာလုပ်နေတာလဲ ပန်းပေးပြီ မဟုတ်လား၊ ပြန်တော့လေ"
ကျမရဲ့ ဘုအတောကြောင့် မင်းမင်းက
"ဟာ မဟုတ်သေးဘူး ကျန်သေးတယ်၊ ငါနင့်ကို ဘုရားသွားပြီး ပန်းသွားလှူဖို့ လာခေါ်တာ၊ ပြီးရင်လဲ မုန့်ဝင်စားကြမယ်လေ"
"ငါမလိုက်ချင်ပါဘူး"
"လိုက်ခဲ့ပါဟ ငါအန်တီ့ကို ပြောပြီးပြီ၊ အန်တီရေ ဒီမှာ ညလေးက စိတ်ကောက်မပြေသေးလို့ မလိုက်ဘူး လုပ်နေတယ်"
"ဟဲ အသံဗြဲကြီးနဲ့ ခုနှစ်အိမ်ကြား ရှစ်အိမ်ကြား အော်မနေနဲ့လေ၊ လိုက်ခဲ့မယ် ခဏစောင့် အင်္ကျီ သွားလဲလိုက်ဦးမယ်"
"ဒီတိုင်းလဲလှပါတယ်ဟ လဲမနေပါနဲ့တော့"
"အိမ်နေရင်း ဂါဝန်ကြီးနဲ့ ပြီးတော့ ပါးကွက်ကြီးနဲ့"
"သြော် ကလေးမရယ် လှပါတယ်ဆိုနေမှ ရေမချိုးရသေးဘူး လုပ်နေသေး"
"ပါးကွက်တော့ ဖျက်လိုက်မယ်ဟာ"
ပါးစပ်ကသာ စကားများနေတာ လူကတော့ အိမ်တံခါးဝ ရောက်နှင့်ပြီး
"မေရေ သမီး ခဏ လိုက်သွားဦးမယ်နော်" လို့ မေ့ကိုတောင် အော်ပြောပြီးနေပြီလေ။ ပြီးတော့လဲ မေ့ဆီက ပြန်ပြောသံတောင် မစောင့်တော့ပဲ လူကတော့ ကားပေါ်ရောက်နှင့်ပြီမို့ သူက ကားမောင်းထွက်ရင်း
"အမိလေးက လိုက်မယ့်ဟာများ မူနေရသေးတယ်"
"မင်းမင်းနော် ငါပြန်ဆင်းလိုက်ရမလား"
"ဟဲ မလုပ်ပါနဲ့ဟာ အမကလဲ ဒေါသကြီးပဲ၊ နင်က စိတ်ကောက်လေ လှလေမို့ ငါက စတာပါဟ"
"အဲ့ဒါတွေကြောင့် နင်နဲ့ငါ မတည့်ပဲ"
"တော်ပါပြီဟာ၊ နင်အေးနေလား ငါ့ဂျာကင် ၀တ်ထားပါလား"
ပြောပြီး ကမ်းပေးလာတဲ့ ဂျာကင်ကို လက်ပြတ်လေးနဲ့မို့ ကားပြတင်းပေါက်က လေတိုက်တဲ့ ဒဏ်ကြောင့် အေးလာတဲ့ ကျမလဲ မငြင်းပဲ ယူဝတ်ထားမိပါတယ်။ ဂျာကင်လေးက သူ့ကိုယ်ငွေ့ကြောင့် ပိုနွေးနေရ သလိုပါပဲ။

ကျမတို့လဲ ဘုရားကို အရင်ဆုံးတက် ဘုရားဖူး ပန်းကို သေချာလှူခဲ့ပြီးမှ ရွှေပုဇွန်မှာ မုန်းသွားစားကြတယ်လေ။ ပြီးတော့မှ မြို့တွင်းမှာ သင်္ကြန်အတွက် အပြီးသတ် ပြင်ဆင်နေကြတာတွေ ပြီးကာစ မဏ္ဏာပ်တွေကို ကားနဲ့ လှည့်ကြည့်ပြီး ပြန်ခဲ့ပါတယ်။
"ငါ့အိမ်ပဲ ၀င်ရပ်လိုက်မယ်နော်၊ ပြီးမှ နင့်ကို ပြန်ပို့ပေးမယ်လေ"
အိမ်နားရောက်ခါနီး ပြောလာတဲ့ မင်းမင်းစကားကို ကျမလဲ ဘာမှ မတုန့်ပြန်မိပဲ ကျမရဲ့ ဆိတ်ဆိတ် နေမှုကြောင့် သူ့အိမ်ခြံထဲကို ချိုးဝင်ရင်း
"ကဲဆင်း ရောက်ပြီ"
ဆိုပြီး ကားတံခါး လာဖွင့်ပေးမှပဲ ဆင်းလိုက်တယ်။
"အန်ကယ်လ်နဲ့ အန်တီမွန်ရေ သမီးပြန်ပြီနော်" လို့ ဧည့်ခန်းထဲထိုင်နေကြတဲ့ သူ့မိဘတွေကို လှမ်းနှုတ်ဆက်ပြီး အိမ်ဘက်လျှောက်အလာမှာ
"ညလေး ငါတို့ နက်ဖန်ကို သင်္ကြန်ရေပက်ခံ ထွက်ကြမလို့ နင်စောစောပြင်ထားနော် လာခေါ်မယ်"
ဘေးက ကပ်ပါလာတဲ့ မင်းမင်းရဲ့အပြောကြောင့်
"ငါမလိုက်ချင်ဘူးဟာ နင်တို့ပဲသွားကြပါ"
"လိုက်ခဲ့ပါညလေးရာ ငါအန်တီ့ကို ပြောပြီးပြီ၊ ပြီးတော့ နှစ်တိုင်း နင်က ဖျားချည့်နေတာလေ၊ ဒီနှစ်တော့ ရှားရှားပါးပါးမို့ လိုက်ခဲ့ပါနော် အမှတ်တရပေါ့"
ဟုတ်ပါတယ်လေ ရေပက်ခံထွက်မယ်လို့ အားခဲထားတိုင်း အဖျားသွေးတက်လာတဲ့ ကျမကို သူကလဲ ဘယ်မှ ထွက်မလည်ပဲ ကျမ ဂျီကျသမျှ ဒိုင်ခံ လိုက်လုပ်ပေးတတ်တာ မှတ်မှတ်ရရပါပဲ။

"နော် ညလေး" ထပ်ပြောလာတဲ့ အမေးစကားကြောင့် သူ့ကို လှည့်မကြည့်ပဲ
"အင်း" လို့ဖြေပြီး အိမ်ထဲအ၀င် မေမေ့ကိုတော့
"မေရေ ညလေး အိပ်တော့မယ်နော်"
လှမ်းအော်ရင်း အပေါ်ထပ်တက် အိပ်ခန်းထဲ ၀င်ခဲ့လိုက်ပါတယ်။ ခုတင်ပေါ်လှဲရင်း အတွေးတွေနဲ့အတူ
ဒီညရော တော်တော်နဲ့ အိပ်လို့ ပျော်နိုင်ပါဦးမလား ညလေးရယ်.....

တော်သေးရဲ့ မနေ့က(အကျနေ့) တနေကုန် လည်တာတောင်မှ ဘာမှမဖြစ်လို့ အဖျားသွေးလဲ ကျမကို သတိမရတော့ဘူးနဲ့ တူပါရဲ့။ မင်းမင်း ဂရုစိုက်တာလဲ ပါပါတယ်လေ။ စားချိန်၊ သောက်ချိန်နဲ့ ကျန်တချိန်လုံး အနားမှာ ဘာလိုလို မရရအောင် ရှာဝယ်ပေးတာကိုး။ မနက်ပိုင်း လည်ပြီးတော့ မောမောပန်းပန်းနဲ့ အိပ်ပျော် သွားလိုက်တာ ဒီနေ့ စောစောနိုးနေလို့ တော်သေးရဲ့ မဟုတ်ရင် သူတို့တွေခမျာ မနေ့ကလို စောင့်နေရဦးမှာ။ ဒီနေ့တော့ စောစောနိုးနေတဲ့ ကျမ လုပ်စရာရှိတာတွေ သွက်သွက်လေးလုပ်၊ ဘုရားခန်းဝင် ၀တ်ပြုရှိခိုးပြီးတော့ အစား စားသောက်ရင်း သူတို့ကို အလာကို အခန်းထဲက စောင့်နေလိုက်ပါတယ်။ ကားသံနဲ့ ရီမောသံတွေ ကြားလို့ ကျမလဲ ပြတင်းကနေ အောက်ကို လှမ်းကြည့်တော့ သူတို့ကို မြင်ရတာ ပျော်စရာကြီးပါပဲ။ တက်ကြွ ဆူညံနေလိုက်ကြတာများ။

"သမီးရေ မပြီးသေးဘူးလား အောက်မှာ မင်းမင်းတို့တွေ ရောက်လာကုန်ကြပြီ၊ ဆင်းခဲ့တော့လေ"
ကျမလဲ မေမေ့အသံ ကြားပေမယ့် ပေကပ်ပြီး ဆက်ထိုင်နေပါတယ်။ မနေ့ကလဲ မင်းမင်းနဲ့ ရန်ဖြစ်ခဲ့သေးတယ် မဟုတ်လား။ သူက အစသန်သလို ကျမလဲ အကောက်သန်ပါတယ်။
"သမီး ဘာလုပ်နေလဲ ဆင်းခဲ့ဆိုတာ"
ကျမ ဘယ်လောက်ကြာအောင် ထိုင်နေမိလဲမသိ မေမေက စိတ်မရှည်သလို တက်လာရင်း မေးမှပဲ သတိဝင်ပြီး
"သမီး မလိုက်တော့ဘူးလို့ မင်းမင်းကို ပြောလိုက်မေ"
"ဒါက ဘာဖြစ်ရပြန်တာလဲ စိတ်ကောက်ပြန်ပြီလား၊ သမီးနော် အသက်လဲ မငယ်တော့ဘူး၊ ထစ်ကနဲဆို စိတ်ဆိုး စိတ်ကောက် နေတာပဲ၊ မလိုက်ရင်လဲ ဘာလို့ အ၀တ်လဲထားသေးလဲ၊ သွားမှာဖြင့် သွားတာမဟုတ်ဘူး သူများတကာတွေကို အားနာစရာ၊ ခုဆင်းခဲ့"
မေက အပြစ်တင် ပြောဆိုပြီး ဆင်းသွားတော့ ကျမလဲ ဂျာကင်နီလေးကို လက်ကကိုင်ရင်း လှေကားကနေ ဖြည်းညင်းစွာ ဆင်းခဲ့လိုက်ပါတယ် (ပုံစံကတော့ စိတ်ကောက် မပြေသေးတဲ့ ပုံနဲ့ပေါ့လေ)။

"ညလေးရယ် ကြာလိုက်တာဟာ ငါတို့စောင့်နေတာ ကြာလှပြီ၊ ဘာလဲ စိတ်ကောက်နေတုန်းလား ငါမနေ့က တောင်းပန်ပြီးပြီလေဟာ၊ ကျေသေးဘူးလား"
"မကျေပါဘူး၊ နင်က မဟုတ်တာတွေ ပြောတာကိုး။ ခုလဲ မေ့ကို မလိုက်တော့ဘူး ပြောခိုင်းတာ မေ အတင်းလိုက်ခိုင်းလို့"
မင်းမင်းရဲ့ အပြောကို ကျမလဲ စူပုတ်ပုတ် မျက်နှာနဲ့ မျက်စောင်းထိုးရင်း ပြန်ပြောမိတယ်။ တော်သေးရဲ့ မေနောက်ဖေး ရောက်နေလို့ မဟုတ်ရင် ဆူဦးမှာ။ ဒီနေ့မှ မင်းမင်းကလဲ ကျမနဲ့ဆင်တူ ဂျာကင်အဖြူရောင်လေး ၀တ်လို့ပါလား။ မှတ်မှတ်ရရ သူနဲ့ကျမ ဆယ်တန်းကို ဂုဏ်ထူးကိုယ်စီနဲ့ အောင်တဲ့အတွက် မေမေက လိုချင်တာဝယ်ဖို့ ပေးတဲ့ ပိုက်ဆံနဲ့ ဆင်တူဝယ်ထားတာပါ။ ကျမလဲ သူစကားဆက်ပြောနေမှာစိုးလို့ မဝေတို့နဲ့ ထွက်ခဲ့လိုက်ပါတယ်။

"မေရေ သမီးတို့ သွားတော့မယ်နော်"
"အေးအေး သမီး၊ သားရေ အပြန် မိုးမချုပ်စေနဲ့နော်"
မေမေ့ကို နှုတ်ဆက်တော့ မေက သူ့ကို တခုတ်တရ မှာနေပါသေးတယ်။ မေက သူ့ကို တခါတခါမှာ သားလို့ခေါ်ပြီး သိပ်ချစ်ပြသလို သူကလဲ မေမေလို့ ပြန်ခေါ်တတ်လို့ ကျမနဲ့လဲ ခဏခဏ ရန်ဖြစ်ရပါသေးတယ်။ ရန်ဖြစ်တိုင်းလဲ သူက မေတို့ကို တိုင်သလို ကျမကလဲ အန်တီမွန်တို့ကို သွားတိုင်ပြောပါတယ်။
"ညလေး နင်ဘယ်ဘက်မှာပဲ နေနော်၊ ညာဘက်က မဏ္ဏပ်တွေရှိတော့ နင်မွန်းလိမ့်မယ်"
အတွေးနဲ့ ကားပေါ်လှမ်းတက်နေတဲ့ ကျမဘေးကို ရောက်လာရင်း မှာနေတဲ့သူ့ကို မျက်စောင်းထိုးမိပေမယ့် လူကတော့ အလိုလို ဘယ်ဘက်ခြမ်း ကားခေါင်းနောက်မှာ ထိုင်မိရက်သား ဖြစ်နေပါတယ်။ ဒါကို ကားပေါ်ထိုင်နေတဲ့ မဝေက
"အင်းးး အကြင်နာတွေ အကြင်နာတွေ၊ တယောက်က စိုးရိမ်သလို တယောက်ကလဲ လိုက်နာတယ်" လို့ လှမ်းအပြောမှာ ကိုဝေရဲ့
"ဘာလဲ မနာလိုဘူးလား၊ ငါ့နားလာလေ၊ ငါလဲ ကြင်နာတတ်ပါတယ်ဟ" လို့
ပြန်အပြောနဲ့ မဝေရဲ့ ပြန်ရန်တွေ့သံတွေကြောင့် ကားပေါ်မှာ ရယ်သံတွေနဲ့ ဆူညံသွားပါတယ်။

နေရောင်လေး နည်းနည်းမြင့်လာတာနဲ့ မြို့ထဲက မဏ္ဏပ်တွေမှာလဲ လူစည်လာပြီး ရေပတ်လဲ ကြမ်းလာပါတယ်။ တနှစ်မှ သင်္ကြန်ရေနဲ့ မတွေ့ဘူးတဲ့ကျမ ရေစိုကြီးနဲ့ ကြာလာတဲ့ခါမှာ ချမ်းလာတော့ ၀တ်ထားတဲ့ ဂျာကင်လေးကို တင်းတင်းစေ့ လက်ကလေးပိုက်လို့ ကုပ်ကုပ်လေး ဖြစ်နေပါတယ်။ မျက်လုံးကတော့ များပြား လှတဲ့ မဏ္ဏပ်တွေကို လျှောက်ငေးနေရာက
"ညလေး သေချာကိုင်ထားဦးနော်၊ ချမ်းနေပြီ မဟုတ်လား၊ ဗိုက်ရောဆာပြီလား၊ ဒီတလမ်းပြီးရင် ထမင်းစားကြဖို့ ငါပြောထားတယ်"
အသံနဲ့အတူ နဘေးရောက်လာတဲ့ မင်းမင်းကိုကြည့်ပြီး ခေါင်းသာ ရမ်းပြမိပါတယ်။
"မချမ်းဘူးသာ ပြောတယ် လူကဖြင့်တုန်နေပြီး နှုတ်ခမ်းသားတွေလဲ ပြာနေပြီ၊ နေဦး ငါရှေ့ခန်းမှာ သဘတ် တောင်းလိုက်ဦးမယ်"
ပြောပြောဆိုဆို လှမ်းယူပြီး ကျမကို ခြုံလွှမ်းလို့ ပေးလာပါတယ်။ ကျမလဲ သူ့ကို ကျောပေးရင်း မငြင်းတော့ပဲ ဆက်ငေးနေရင်း ကားဘေးက ဖြတ်သွားတဲ့ လူတယောက်ရဲ့ လှမ်းပတ်လိုက်တဲ့ ရေတပုံးကြောင့် "အားးးးး" လို့ အော်လိုက်ပြီး ခန္ဓာကိုယ်ကို အလှည့်မှာ လူက မင်းမင်း ရင်ခွင်ထဲ ရောက်သွားပါတော့တယ်။

"ညလေး နင်မွန်းသွားသေးလား" မေးသံကြောင့် ခေါင်းခါပြီး သူ့မျက်နှာကို မော့ကြည့်တော့ စိုးရိမ်နေတဲ့ အကြည့်ကြောင့် တဖက်ပြန်လှည့်ရင်း ကျမ ရုန်းမိပါတယ်။
"နေပါဟာ နင်ပြုတ်ကျပါ့မယ်" သူက ဖယ်မပေးတဲ့ အပြင် တိုးဖက်လာရင်း
"ည နင်နဲ့ငါ လောင်းထားတာလေ လိုချင်တာပေးမယ်ဆိုတာ ခု ငါတောင်းရင် နင်ပေးမှာလား" နားနားကပ်လို့ တိုးဖွဖွအမေးကြောင့် လူက တွန့်သွားရင်း
"မသိဘူး" လို့ဖြေမိတယ်။ သူက
"ငါ ဘာလို့ နင် အလောင်းအစား လုပ်မယ်ဆိုတုန်းက လက်ခံခဲ့လဲ သိလား၊ နင့်ဆီက ဒီတိုင်းတောင်းရင် ပေးပါ့မလား၊ နင့်စိတ်က ပြောရတာမဟုတ်ဘူး ငါ့ကိုလဲ အရမ်းနိုင်တယ် မဟုတ်လား၊ ပြီးတော့ နင်ငြင်းရင် ငါဘာမှ တတ်နိုင်မှာ မဟုတ်ဘူး။ နင်တော့မသိဘူး ငါလေ နင့်ကို ဘယ်လို လောင်းရပါ့မလဲလို့ တွေးရင်း အဲ့ညက အိပ်မပျော်ဘူးဟာ၊ နင်မေ့နေပါစေလို့လဲ ဆုတောင်းလိုက်ရတာ အမောပဲ ပြီးတော့ အစောကြီးနိုးနေပြီး နင့်ကို လာစောင့်နေတာ၊ ငါ့ဆုတောင်း ပြည့်တယ်လို့ ပြောရမလားပဲ"
"ငါ မေ့တတ်တာ သိရဲ့သားနဲ့"
"နင်က ဂရုမထားတာပါ၊ ညလေး ဒီတခါတော့ ငါပြန်ပြီး အလျှော့မပေး နိုင်တော့ဘူးနော် ငါလိုချင်တာ နင်ပေးရမယ်နော်"
သူ့အပြောကို မတုန့်ပြန်ပဲ အကြာကြီး တိတ်ဆိတ်နေတဲ့ ကျမနားကိုကပ်လို့
"ငါ နင့်ကို အရမ်းချစ်တယ် ညလေးရယ်"
တိုးတိုးလေး အပြောကိုပဲ အနားမှာ ဗုံးတလုံးလာ ပေါက်ကွဲသလို အကျယ်ကြီးကြားပြီး ရင်ထဲထိတိုင် စိမ့်ဝင်သွားတယ်။ "မင်းမင်းရယ် နင်ရော ငါဘာဖြစ်နေလဲဆိုတာ မသိတော့ဘူးတဲ့လား၊ ငါဆိုးခဲ့တာ အနိုင်ယူ ခဲ့တာတွေ အားလုံးက နင့်လိုက်လျောတာ အလိုလိုက်တာ ခံချင်လို့ဆိုတာ" ကျမအတွေးတွေကို ခေါင်းယမ်းပြီး အထုတ်မှာ
"ညလေးရယ် ခုမပြောချင်ဘူးဆိုပေမယ့် မငြင်းလိုက်ပါနဲ့လား၊ နှစ်ဆန်းတရက်နေ့ ရောက်ရင် အဖြေပေးလေ၊ ငါအရမ်းသိချင်တယ်၊ ငါဝမ်းသာချင်တယ်ဟာ၊ နင့်အတွက်နဲ့ ခံစားနေရတာ ကြာလှနေပြီ"
ညည်းသလိုလိုလေး တိုးဖွဖွအပြောကြောင့် ကျမလဲ ခေါင်းညိတ်မိပါတယ်။

"မင်းမင်း"
"ဟင်"
"နင် အဲ့လို မကြည့်နဲ့ဟာ... ငါမနေတတ်ဘူး"
"ညလေးရယ် ငါဆိုတဲ့ကောင်က နင့်ကို အရိပ်ကို အမြဲတမ်း ကြည့်နေချင်သူပါ၊ အပျောက်မခံနိုင်ဘူးဆိုတာ နင်သိရဲ့နဲ့"
"အင်း... ငါသိပါတယ်။ မင်းမင်း နက်ဖြန်ခါ ငါ မလိုက်တော့ဘူးနော်"
"ဘာလို့လဲ ငါပြောလိုက်လို့လား"
"ဟုတ်ပါဘူး၊ ငါနားချင်တယ် ပြီး စဉ်းစားချင်လို့ပါ"
အမှန်ကတော့ မျက်နှာပူလှပြီ၊ ကြာကြာဆက်ပြောရင် တစ်ထိုင်တည်း အဖြေပေးမိမှာ စိုးလို့လဲ ပါတာကြောင့် စကားလမ်း လွှဲလိုက်ရတာပါ။

"သေချာစဉ်းစားနော်၊ ကောင်းတာလေးတွေချည်း ရွေးစဉ်းစား သိလား ကလေးမ"
နောက်ပြောသံနဲ့အတူ ခေါင်းကို ဖွဖွ ကိုင်လှုပ်မှုကြောင့် ကျမလဲ ဇတ်ကလေး ပုထားမိပါတယ်။ တခါတခါမှာ သူ အသည်းယားတိုင်း ပြုမှုတတ်တဲ့ အကျင့်လေးကို ငယ်တည်းက နှစ်ခြိုက်ခဲ့မိတာပါ။
သူ့ကို နှုတ်ခမ်းကိုက်ကာ ပြန်ကြည့်မိတော့
"နင်နော် ငါ့ကို အဲ့လိုမကြည့်နဲ့ စိတ်မထိန်းနိုင်ရင် မလွယ်ဘူး"
"ဟွန်း" ကျမလဲ မျက်စောင်း ပြန်ထိုးမိပါတယ်။
ခဏကြာတော့ ကားရပ်သွားပြီး
"လာ ညလေး ထမင်းသွားစားရအောင်"
သူရဲ့ ဂရုစိုက်မှုတွေနဲ့အတူ အားလုံးရဲ့ ပြုံးရွှင်ကြည့်၊ စနောက်လိုတဲ့ အကြည့်တွေအောက်မှာ ကျမ သူလက်တွဲခေါ်ရာ နောက်ကို လိုက်လာခဲ့မိပါတယ်။
"သူများတွေတော့ အဆင်ပြေကုန်ကြပြီဟေ့ ငါတို့ပဲကျန်တော့တယ်"
ကိုဝေရဲ့ လှမ်းနောက်သံ နောက်မှာ ရယ်သံလေးတွေ ကပ်ပါလာပါတယ်။

တစ်လမ်းလုံးလဲ သူ့ရဲ့ ဂရုစိုက်မှုတွေနဲ့ ပျော်မွေ့ခဲ့ရတဲ့ ကျမ ကားရပ်လို့ ကြည့်လိုက်တော့မှ အိမ်ရောက်လာပြီမှန်း သိတော့တယ်လေ။ ကိုဇော်နဲ့ ကိုဝေတို့ဆီက
"အန်တီရေ နှစ်ယောက်လုံးကို အိမ်တိုင်ရာရောက် ပြန်ပို့ခဲ့ပြီနော်၊ မင်္ဂလာသတင်းလဲ မကြာခင်ကြားရတော့မှာ အန်တီရဲ့" လို့ သံပြိုင်အပြောကို
"ဟေ့ရောင်တွေ သွားမှာသွားပါကွာ မင်းတို့ အသံဗြဲနဲ့ အော်နေတာ မေက တစ်မျိုးထင်နေပါ့မယ်"
မင်းမင်းရဲ့ ပြန်ပြောသံတွေကို ရှက်ရွံ့စွာနဲ့ ကျမလဲ ကျောခိုင်းလို့ အိမ်ထဲ ပြေးဝင်ခဲ့မိပါတော့တယ်ရှင်။
နှစ်ဆန်းတစ်ရက်နေ့ ရောက်ဖို့ကို မျှော်နေရင်း ကျမ ဒီညလဲ တော်တော်နဲ့ အိပ်မပျော်ဘူးလေ.....

အတက်နေ့ - ဒီနေ့တော့ ကျမ အစောကြီး နိုးလာလို့ ပြတင်းဆီက တိုက်ခတ်လာတဲ့ လေနုအေးနဲ့အတူ ရီမောသံတွေ လွင့်ပျံ့လာတော့ ပြန်တင်းကနေ ဟိုဘက်အိမ်ကို လှမ်းကြည့်မိတဲ့ခါမှာ ကားပေါ်ကနေ ဆူညံစွာ အော်ဟစ် နောက်ပြောင်နေတဲ့ ကိုဇော်တို့ အသံတွေ မဝေတို့ ရန်တွေ့သံတွေနဲ့ အိမ်ထဲက ခုမှ ထွက်လာတဲ့ မင်းမင်းက ညလေးရှိရာ လှမ်းကြည့်ရင်း ပြုံးပြနေတဲ့ ပုံရိပ်လေးရယ်၊ ကိုဝေတို့ ကားပေါ်ကို အတင်းဆွဲခေါ်နေတဲ့ ကြားက သူဆီကနေ လက်ညှိုးလေး တစ်ချောင်းထောင်လို့ အသာယမ်းပြရင်း "မမေ့နဲ့နော်" ဆိုတဲ့ မှာပုံလေးကို ကျမ ချစ်မြတ်နိုးစွာ ပြုံးမိရင်း သူတို့ဆီ လက်လှမ်းပြဖြစ်ပါတယ်။
အင်း.... ဒီနေ့ တစ်နေ့တာကျတော့ ကုန်ခဲလိုက်တာနော်... ဘာလိုလိုနဲ့လဲ သင်္ကြန်ဆိုတာကြီး ပြီးတော့မှာပဲ....
ညနေပိုင်း အိမ်ရှေ့သန့်ရှင်းရင်း ကျမရဲ့ ရောက်တတ်ရာရာ အတွေးတွေနဲ့အတူ ပင်လုံးကျွတ်တမျှ မြိုင်နေအောင် ပွင့်လန်းနေတဲ့ ပိတောက်ပင်ကြီးကို ကြည့်ရင်း မနေ့က အဖြစ်တွေကို ပြန်မြင်ယောင် နေမိတယ်လေ။ ဒီမှာပဲ..

"ကလင်........."
ဖုန်းလေးဆီက စူးရှတဲ့ အော်မြည်သံကြောင့်
"ဟင်း... ဆက်ပြန်ပြီ ဒီမင်းမင်း တစ်ယောက်တော့၊ တစ်နေ့လုံးပဲ ပြီးမပြီးနိုင်ဘူး"
ဟုတ်ပါတယ်။ ကားရပ်လိုက်တိုင်း ဖုန်းရှိတဲ့နေရာကနေ ဆက်နေတယ် ဆိုတဲ့ မင်းမင်းအပြောနဲ့ ထမင်းစားချိန် စားရဲ့လား၊ တရေးအိပ်ရဲ့လားနဲ့ စိုးရိမ်တကြီး ပူပန်ပြီး တစ်နေ့လုံး ဆက်နေတာလေ။ ခုလဲ ဖုန်းခွက်လေးကိုင်လို့ ကျမအထူးကို ငံ့လင့်နေမယ့် မင်မင်းကို မြင်ယောင်ရင်း ဖုန်းကို ကိုပြီး "ဟယ်လို" အထူးမှာတော့......
"ညလေးလား မဝေပါ၊ မဝေတို့ ခု ဆေးရုံမှာရောက်နေတယ်၊ ယာဉ်တိုက်မှုဖြစ်လို့ မင်းမင်းကိုလဲ ခုတင်ပဲ Operation ခန်းထဲ သွင်းလိုက်ရတယ်"
"ရှင်.... ဘယ်လို၊ ခုဘယ်မှာလဲ၊ ဟုတ်.... ဟုတ်..... ညလေးတို့ ခုပဲ လိုက်လာခဲ့မယ်"
ပြောနေရင်း စီးကျလာတဲ့ မျက်ရည်ကို လက်ခုံနဲ့ ပွတ်သုတ်လို့ မေ့ရှိရာ အပြေးသွားလို့
"မေ.... မေမေ.... မင်းမင်းတို့ ကားအက်ဆီးဒင့် ဖြစ်လို့တဲ့၊ ခုပဲ မဝေဖုန်းဆက်တယ်၊ မင်းမင်းကိုလဲ Operation ခန်းထဲ သွင်းလိုက်ရတယ်တဲ့ အီး......... အန်တီ့ကို မေပဲ ပြောလိုက်တော့ သမီး ကားသွားထုတ်လိုက်ဦးမယ်"
မေမေလဲ ပြာယာခတ်ကာ ဘာလုပ်ရမှန်းမသိ ဖြစ်နေတဲ့ ကျမကို ဘာမှမပြောပဲ အန်တီမွန်ရှိတဲ့ ဘက်ကို ကူးသွားပြီး ခေါ်လာတော့ အန်တီမွန်လဲ မျက်ရည်စက်လက်နဲ့ ပါလာရင်း ကျမမောင်းမယ့် ကားပေါ် တက်လိုက်တယ် ဆိုရင်ပဲ မေတို့ အထိုင်မကျသေးခင် ကျမလဲ ကားကို မောင်းထွက်ခဲ့လိုက်ပါတယ်။ မေရဲ့ ကားတံခါးပိတ်ရင်း "ဟဲ့ သမီး ဖြည်းဖြည်းမောင်းနော်" ဆိုတဲ့ အသံလဲ ကျမကို တိုးမပေါက်တော့ပါဘူး။

ကျမ ကားမောင်းတိုင်း နဘေးကနေ စိတ်ပူစွာနဲ့ မနေနိုင် မထိုင်နိုင် အလုပ်ပစ်ပြီး လိုက်ပါတတ်တဲ့ မင်းမင်း၊ ကျမ ဖျားနာတိုင်း ဘယ်မှ မသွားနိုင်ပဲ အနားမှာ လိုသမျှ ဆောင်ကျဉ်းပေးတတ်တဲ့ မင်းမင်း၊ ကျမကို အလိုလိုက် အလျော့ပေးတတ်တဲ့ မင်းမင်း၊ ငယ်တုန်းကများ ကတ်ကြေးတစ်လက် လက်ထဲရောက်လို့ သူ့ဆံပင်ကို မညှပ်ရမချင်း အာဗြဲနဲ့ အော်ငိုတတ်တဲ့ ကျမကိုအလိုလိုက်ပြီး ငြိမ်ခံပေးပြီးကာမှ ကတုံး တုံးလိုက်ရတဲ့ မင်းမင်း၊ သင်္ကြန်ရောက်လို့ အိုးမဲသုတ်ဖို့ ကြိုးစားတိုင်း မသုတ်ရသေးခင် မျက်စိမှိတ်ပြီး အော်ငိုတတ်တဲ့ ကျမ အလိုကျ သူ့မျက်နှာသာ သူပြန်သုတ်လို့ မိဘတွေကတောင် ပြောရတဲ့အထိ ဖြစ်ခဲ့တဲ့ မင်းမင်း။ "အို.... ကျမချစ်ရတဲ့ မင်းမင်း ဘာမှ မဖြစ်ပါစေနဲ့ ဘုရား....."
လို့ တိုးတိတ်စွာ ဆုတောင်းမိပါတယ်။

ဆေးရုံဝင်းထဲ ကားချိုးဝင်လိုက်ရင်း ကားကို စက်မသပ်ပဲ လူက အပြေးတစ်ပိုင်း အဆောက်အဦထဲ ၀င်ခဲ့လိုက်ရင်း မဝေပြောတဲ့ အခန်းနံပါတ်ရောက်ဖို့ အချိန်တွေ တစ်ကမ္ဘာလောက် ကြာလိုက်တာလို့ အောက်မေ့မိပါတယ်။ အခန်းတစ်ခုရှေ့မှာ ရပ်စောင့်နေတဲ့ မဝေကို အဆင်သင့်တွေ့ရပြီး သူ့ဆီက
"တစ်ဖက်ကားသမား မူးပြီးမောင်းတာ မထိန်းနိုင်လို့ မဝေတို့ဘက် ခေါင်းလှည့်လိုက်တာမှာ သူ့ကို အရှောင်ကောင်းလို့ နောက်ဖက်မှာ သတိလက်လွတ်ထိုင်နေတဲ့ မင်းမင်း လွင့်ကျသွားတာ"
ဆိုတဲ့ မဝေအပြောကို ကြားတစ်ချက် မကြားတစ်ချက်ကြားကပဲ ကျမကို သတိရရင်း သတိလက်လွတ် စိတ်နဲ့ကိုယ် မကပ်တဲ့ မင်းမင်း၊ ကားလမ်းမပေါ် အထိန်းအကွပ်မဲ့ ပြုတ်ကျသွားမယ့် မင်းမင်း၊ လမ်းမပေါ်မှာ သွေးသံရဲရဲနဲ့ မင်းမင်းကို မျက်လုံးထဲ အနှေးပြကွက်တစ်ခုလို မြင်ယောင်လာရင်း မျက်စိကို မှိတ်ထားလိုက်မိပါတယ်။ နောက်ထပ် ဘာစကားမှ ထပ်နားထောင်နိုင်စွမ်း မရှိတော့လို့ ကျမလဲ ထောင့်တစ်ထောင့်ကို သွားပြီး Operation ခန်းတံခါး အဖွင့်ကိုစောင့်ရင်း ရသမျှဘုရားစာတွေကို ရွတ်နေမိတော့တယ်။

ဘယ်လောက်ကြာသွားလဲ မပြောနိုင်တော့ပဲ အခန်းတံခါးမ ပွင့်လာပြီး တွန်းလှည်းလေး ထွက်လာတဲ့ခါ အနားကို အပြေးသွားရင်း တွန်းလှည်းပေါ် ပက်လက်အနေအထား ပတ်တီးအဖွေးသားနဲ့ မင်းမင်းကို မကြည့်ရက်ရက် ဖြစ်နေတုန်း ဆရာမက ခေါင်းခါပြလိုက်တဲ့ခါမှာ ကျမရဲ့ မျက်ရည်များစွာဟာ မျက်လုံး တံခါးပေါက်က တစ်ဆင့် အပြင်လောကကို အတားအဆီးမရှိ ကျဆင်းလာပါတော့တယ်။

"ဦးခေါင်းနဲ့ ပလက်ဖောင်း ရိုက်မိတဲ့ ဒဏ်ကြောင့် ဦးနှောက်သွေးယို သွားတာ၊ ကျမတို့လဲ အတတ်နိုင်ဆုံး ကြိုးစားပါသေးတယ်"
ဆရာမလေးရဲ့ ရှင်းပြမှုကို ကျမနှလုံးသားက ဘယ်လိုမှ လက်သင့်မခံနိုင်ခဲ့ဘူး။
"နင်မသေပါဘူးနော်၊ ဒီပုံစံမျိုးနဲ့ ငါ့ကိုခွဲသွားရက်မှာ မဟုတ်ပါဘူးနော်၊ နင် ငါ့ကို ပြောပါဦးလား"
မင်းမင်းကို လှုပ်နှိုးလို့သာ မေးခွန်းတွေ တန်းစီမေးလိုက်ချင်ပါတော့တယ် ကျမရင်ထဲက တင်းကြပ်တဲ့ ခံစားမှုကို ဆက်ပြီး မခံစားနိုင်လွန်းတော့လို့ပါ။

"ည....လေး....."
မင်းမင်းရဲ့ ခေါ်သံတိုးဖွဖွလေးကို အကြား သူ့နားရှိနေတဲ့ကျမ သူ့ပါးစပ်နားကို နားလေးကပ်လိုက်ရင်း
"ည ငါ နင့်နားမှာ.... အမြဲ ရှိနေမယ်..... သိလား... နင်... အား မငယ်နဲ့ နော်........"
"ငါ.....လေ"
"မပြောပါနဲ့တော့.... ညလေးရယ်.... ငါသိပြီးသား ပါ......."
"ဟင့်အင်း.... ဟင့်အင်း... ပြောပါရစေ မင်းမင်းရယ် နင့်နားနဲ့ ကြားစေချင်တယ်"
ကျမ သူ့နားနားကို တိုးကပ်ရင်း တိုးတိုးလေး ရေရွတ်လိုက်တယ်။
"ငါလဲ နင့်ကို အရမ်းချစ်ခဲ့ပါတယ် မင်းမင်းရယ်၊ နောက်ပြီး နင့်ကို မခွဲနိုင်ဘူး"
ကျမ လျင်မြန်စွာပဲ ပြောချလိုက်မိတယ်၊ ဒါဟာ ပြောခွင့်မရလိုက်မှာ သူ ကြားမသွားမှာ စိုးထိတ်လွန်းလို့ပါ၊ ကျမကို သူ နားလည်မှာပါ၊ ပြောပြီး သူ့နဖူးပေါ် ၀ဲကျနေတဲ့ ဆံစလေးတွေ သပ်တင်ပေးရင်း ချိုမြိန်တဲ့ အနမ်းတစ်ပွင့် ပေးလိုက်တယ်။ နှုတ်ဆက်အနမ်းတော့ မဟုတ်ဘူးပေါ့ မင်းမင်းရယ်၊ ချစ်ခြင်းရဲ့ သင်္ကေတ အမှတ်တံဆိပ်လေးပါ၊ နင်ယူသွားနိုင်အောင်လေ။ ကြိုတင်သိခွင့်ရှိနေတဲ့ ခံစားမှုမျိုးက ရင်ထဲကို ဆို့ကြပ်နေစေတော့လဲ မျက်ရည်ဆိုတာ လွယ်လွန်းလှချည်လားလို့ ပြောရမလောက်ပဲလေ ကြိုမသိခဲ့ရင်တောင် အဲ့လောက် ခံစားနေရမှာမဟုတ်ဘူးပေါ့၊ ခုနေ ကျမထင်မြင်ချက်ကို ဖွင့်ပြောမိရင် ရူးတယ်လို့များ နင်ပြောဦးမှလားးး မင်းမင်း။

"ငါရောပဲ ညလေး၊ မေမေရော သားကို စိတ်မပူနဲ့နော်၊ ဘာမှ.. မဖြစ်ဘူး မေမေ သား သက်သာပါတယ်....."
အန်တီမွန်ဘက် လှည့်လို့ ပြောလိုက်တဲ့စကားက တိုးလျလျ ထစ်ငေါ့ငေါ့ သူ့စကားက လူတိုင်းရင်ကို နင့်စေမှာပါ။ အဲ့လောက်တောင် သိတတ်လွန်းတဲ့ သားတစ်ယောက်ကို အမေဖြစ်သူကရော ခွဲရက်ပါ့မလား။
"ဘယ်လိုဖြစ်ရတာလဲ သားလေးရယ် အမေတော့ ရင်ကျိုးပါပြီ" ဆိုတဲ့ အန်တီမွန့်ငိုသံ နဲ့ သူငယ်ချင်းတွေရဲ့ ယူကျုံးမရ ပြောဆိုသံ ကြေကွဲစွာ ငိုကြွေးသံတွေကို ကျောခိုင်းလို့ ကျမလဲ အမှောင်လောကထဲ တဖြည်းဖြည်း တိုးဝင်သွားခဲ့တယ်။
~~~~~~
"မင့်အန်တီလေးက တစ်မျိုးပဲနော်၊ ဘယ်သူကိုမှလဲ စကားမပြောသလိုပဲ ငါလာတာ သုံးလေးခေါက်ရှိပြီ ရီတာမပြောနဲ့ ပြုံးနေတာတောင် မတွေ့ရဘူး"
"အင်း တီလေးက ဦးမင်းမင်း ဆုံးသွားပြီးတည်းက ဘယ်သူနဲ့မှ စကားအကြာကြီး မပြောတော့ပဲ လုပ်စရာရှိတာ လုပ်ပြီးရင် အခန်းထဲ သွားရင်သွား မသွားရင် ပြတင်းပေါက်ကရပ်ပြီး ပိတောက်ပင်ကြီးကို ငေးကြည့်ပြီး နေတော့တာပဲ"
"ဒါနဲ့ ဟိုတစ်ပါတ်က မင်းနဲ့ ရန်ဖြစ်သေးတယ်ဆို၊ အန်တီပြောတယ်"
"ရန်ဖြစ်တာတော့ မဟုတ်ပါဘူးကွာ ငါ့ကို ပြောမရလို့ ငါကလဲ ပြန်ပြောတော့ စကားများကြတာပါ၊ အမေတို့က တီလေးကို ပြန်မပြောရဘူး ပြောပြီး ငါ့ကိုဆူတယ်လေ၊ ငါလဲ နောက်တော့ စိတ်မကောင်းဖြစ်ရတာပါပဲ၊ သူက ကောင်းစေချင်လို့ စိတ်ပူလို့ စေတနာနဲ့ ပြောတာကို ငါက ဘုကလန့်သွားပြောမိလိုက်တာ"
"ဘာအကြောင်းနဲ့မို့လဲ"
"ငါအရက်သောက်လို့လေ၊ ဟိုတလောက မင်းတို့နဲ့ညဘက် သောက်တာ နည်းနည်းများသွားပြီး အိမ်ပြန်မိုးချုပ်တယ်လေ အမေတို့လဲ အိပ်ကုန်ပြီ တီလေးပဲ စိတ်ပူပြီး ငါ့ကိုစောင့်ပေးနေတာ။ ဦးမင်းမင်းက အရက်သမားတစ်ယောက်ရဲ့ပေါ့ဆမှုကြောင့် သေဆုံးခဲ့ရလို့ အရက်ကို မုန်းတယ်ကွ။ ငါ့ကိုလဲ အရက် အလွန်အကျွံ မသောက်ဖို့၊ အရက်ဟာ လူ့စိတ်ကိုပျောက်စေတယ်ဆိုပြီး မကြာခဏ ပြောတယ်၊ ငါ့ကိုချစ်ပေမယ့် အရက်သောက်လာရင် စကားတောင် သိပ်မပြောတော့ဘူး၊ အရက်သောက်ပြီးတော့များ ကားတက်မောင်းမယ် လုပ်ရင် သူက အတင်း ၀င်ဆွဲတော့တာပဲ"
"အင်းလေ ဖြစ်သင့်ပါတယ် ချစ်ရတဲ့သူတစ်ယောက်လုံး ဆုံးရှုံးခဲ့တာ မဟုတ်လား"

"မနေ့ကလဲ ငါ သင်္ကြန်လည်ဖို့အတွက် အမေ့ဆီ ခွင့်တောင်းနေတာ ကြားသွားပြီး သင်္ကြန်လည်ရင် သတိနဲ့လည်ဖို့ အရက်မသောက်ဖို့နဲ့ မူးနေတဲ့သူ မောင်းတဲ့ကားကို မစီးဖို့ ဖြစ်နိုင်ရင် အိမ်စောစောပြန်ဖို့တွေ တစ်သီကြီး မှာနေတာများ ငါလေ နားထောင်ရင်းနဲ့ တီလေးကို သနားလာတယ်။ မေတို့ပြောတော့ ဖြစ်စတုန်းကဆို ဘယ်သူမှ အတွေ့မခံပဲ အခန်းချည်း အောင်းနေတာ မနည်း ပြောယူရတယ်တဲ့။ နောက်ပိုင်းမှာ ဘုရားသွား၊ ရိပ်သာဝင်၊ တရားထိုင်နဲ့ သူ့အလိုလို အနည်ထိုင်လာတာ။ စကား နည်းသွားတာကလွဲရင် ပုံမှန်ပြန်ဖြစ်လာလို့ ၀မ်းသာနေကြတာလေ။ အဘွားဆို သူ့သမီးလေး စကားလေး တစ်ခွန်းလောက် ၀င်ပြောရင်ပဲ ကြည်နူးနေတာ ပြောမပြနိုင်အောင်ပဲတဲ့။ အိမ်မှာ လူတိုင်းက သူ့စိတ်တိုင်းကျ နေပေးနေကြတယ်။ အရမ်းလိမ္မာတဲ့ သမီးမို့လဲ ခံစားနေကြရတာ။ အဖေတောင် သူ့ရှေ့ဆို အရက်မသောက်ဘူးကွ"

သားငယ်နဲ့ သူ့ သူငယ်ချင်းတို့ရဲ့ အသံတွေကို ကျောခိုင်းလို့ ပြတင်းတံခါးကနေ ခွါခဲ့လိုက်ပါတယ်။ ကျမရဲ့ အတွေးတွေကတော့ ဟိုတစ်ချိန်ဆီက မင်းမင်းနဲ့ ညလေးတို့ကို ပြန်ပြောင်း အောက်မေ့ရင်း ဝေ့၀ဲလာတဲ့ မျက်ရည်စတွေကို အနိုင်နိုင် ထိန်းနေရဆဲပါပဲ။ မျက်ရည်မကျအောင် ထိန်းရတာ ခက်ခဲတဲ့ အလုပ်ဆိုတာ ရင်ထဲမှာ မွန်းကြပ် ဆို့နင့်စွာ ခံစားရတဲ့သူတိုင်း စာနာနိုင်မှာပါ။

မြန်မာတို့ရဲ့ တစ်ဆယ့်နှစ်လ ရာသီပွဲတော်တွေထဲမှာ သူသူငါငါ ပျော်နိုင်ကြတဲ့ ရိုးရာသင်္ကြန်ပွဲကို အရုပ်ဆိုးစေတဲ့ အရက်သေစာ သောက်စားခြင်းဆိုတာ ဘယ်သူစခဲ့လဲ မသိပေမယ့် နှစ်စဉ်နှစ်တိုင်း မရိုးနိုင်အောင် သောက်စားပျော်ပါးကြရင်း စတေးခဲ့ရတဲ့ အသက်ပေါင်း ဘယ်လောက်တောင် များနေရပြီလဲ။ မကောင်းမှန်း သိရက်နဲ့ လူ့သဘာဝကိုက အပျော်ဆိုတာကို ကြံဖန် ရှာဖွေနေကြတာပဲလေ။ ဒီနှစ်မှာလဲ ပျော်ရွှင်ကြမယ့် သူတွေအားလုံး ဘေးအန္တရာယ် ကင်းဝေးကြစေဖို့ ဆုတောင်းနေယုံက လွဲပြီး ကျမရော ဘာများ တတ်နိုင်ဦးမှာလဲ။

သစ္စာ
ငါမငိုချင်ဘူး
မငိုရက်ဘူးးး ချစ်သူ
နင်မရှိတော့တာမှ မဟုတ်တာ
သူများတွေက နင်သေဆုံးပြီလို့
ဘယ်လိုပဲပြောနေပေမယ့်
ငါ့အတွက်ကတော့
နင်က အစဉ်အမြဲ ရှင်သန်နေလျှက်ပါ။

ငါတယောက်တည်းမဟုတ်ဘူး
ဘယ်တော့မှ အထီးမကျန်ဘူး
ဘယ်သူတွေက ဘာပဲပြောပြော
နင့်ဘေးနားမှာ ငါအမြဲရှိနေမယ်ဆိုတဲ့
နင်ပြောခဲ့တဲ့စကားကြောင့်
ငါ့နားမှာ နင်အမြဲရှိနေတယ်လို့
ငါယုံကြည်နေတယ်။

ငါမလိုချင်ဘူး
ငါဘယ်တော့မှ အဖော်မရှာဘူး
ဘေးလူတွေ ဘယ်လိုပဲ တိုက်တွန်းနေကြပါစေ
ငါ့နှလုံးသားထဲက နင်လောက်
သန့်စင်စွာ ချစ်တတ်မယ့်သူ
နောက်ထပ် ရှိလာတော့မှာ မဟုတ်ဘူး။

ရိုးသားစွာ၊ သစ္စာရှိပြီး ကြင်နာတတ်တဲ့ နင့်ကို
ငါအချိန်တိုင်း သတိရနေမှာပါ
မပျောက်ပျက်မယ့် အချစ်တွေနဲ့ပေါ့။
ကျမရဲ့ ဒိုင်ယာရီကတော့ ခုထိ ငိုရှိုက်သံတွေနဲ့ ပြည့်နှက်နေတုန်းပဲလေ.....
*****
ညလေး စမ်းသပ်ပြီး ရေးကြည့်ထားတာပါ။ ကောင်းရင်ကောင်းတယ် မကောင်းရင်လဲ မကောင်းဘူး ဆိုတာကို ဝေဖန်ပေးကြမယ်လို့ ထင်ပါတယ်။ ဖတ်ပြီးတော့ အနည်းငယ်မျှသော နှုတ်ခမ်း ထောင့်စွန်းလေး ကော့တယ်ဆိုယုံ ပြုံးဖြစ်တယ် ဒါမှမဟုတ် ရသလေး တခုခုကို ခံစားသွားရတယ် ဆိုရင်လဲ ကျေနပ်ပါတယ်။
*****

ဆက်လက်ဖတ်ရှုရန်...>>>>

 
Looking for something? Try :::