ညလေး ဒီပို့စ်မရေးခင် အရင်ဆုံး ပြောချင်တာက ဘာလို့ ဒီနံမယ် ပေးဖြစ်လဲဆိုတာပါ။
အရှင်ဆန္ဒာဓိကရဲ့ “မြင့်မြတ်သူတို့ရဲ့စံအိမ်” ဆိုတဲ့ စာအုပ်ကို ဖတ်နေတာ တပါတ်လောက်တော့ ရှိနေပြီ။ ဒါပေမယ့် စိတ်ကူးထဲမှာ မစဉ်းစားမိသေးဘူး။ မနေ့က ဖတ်နေရင်းနဲ့မှ ညလေးတို့တွေ ဘလော့ဂ် ရေးနေကြတာကို တွေးမိသွားပြီး ရေးဖြစ်သွားတာပါ။ ဒါပေမယ့် မြင့်မြတ်တယ် လို့တော့ မသုံးပါဘူး၊ ကိုယ်တိုင်က မြင့်မြတ်တယ်လို့ မခံစားရသေးလို့ပါ။ :)
*****
ဘုန်းကြီးကျောင်းဆိုတာ ဘုန်းကြီးတွေ သီတင်းသုံးတဲ့နေရာကို ခေါ်ပေမယ့် အိမ်ပဲမဟုတ်လား။ ငှက်တွေနေတဲ့ နေရာကို အသိုက်လို့ခေါ်ပေမယ့်လဲ အဲ့ဒီအသိုက်ဟာ ငှက်ကလေးတွေနေတဲ့ အိမ်ပဲပေါ့။ ခြင်္သေ့တွေ၊ ကျားတွေ၊ ကျားသစ်တွေကျတော့ ဂူထဲအောင်းကြတယ်၊ သူတို့နေတဲ့ဂူကလဲ အိမ်ပဲ မဟုတ်လား။ ပြီးတော့ ကြွက်၊ ခြနဲ့ ပုရွက်ဆိတ်တွေက တွင်းထဲနေကြတယ်၊ သူတို့နေတဲ့ တွင်းဟာလဲ အိမ်ပါပဲ။ တွင်း၊ အသိုက်၊ ဂူ စတာတွေကို ခြုံပြီးသုံးရင် သူတို့နေကြတဲ့ အိမ်လေးတွေပဲလေ။ လူတွေနေတော့လဲ လူနေအိမ်ပေါ့နော့။
ခု ကျမတို့တွေ အင်တာနက်ပေါ်မှာ အိမ်လေးတွေ ကိုယ်စီရှိနေကြပြီလေ.....
ကျမတို့တွေ စစဦးဆုံး အိမ်လေးဆောက်ဖို့ အကြံရတဲ့သူကို ကျေးဇူးတင်ပါတယ်။ အရင်တုန်းက အင်တာနက်ပေါ်တက်ရင် လေလွင့်နေတဲ့လူလိုပဲ၊ ရောက်ရာပေါက်ရာ လျှောက်သွားနေမိတယ်။ စိတ်ဝင်စားစရာ နေရာအနှံ့လဲ ရောက်ပါရဲ့ ချက်ရွမ်း(ဇရပ်)တို့၊ ဖိုရမ်တို့ပေါ့။ ဘာလို့လဲဆိုတော့ ကိုယ်ပိုင်တာ မဟုတ်ဘူးလေ။ အများအတွက် ရည်ရွယ်ပြီး ဆောက်လုပ်ထားတဲ့ နေရာမှာ ခဏတာ လည်ပတ်ရင်းနဲ့ တွေ့ကြတဲ့သူတွေ အချင်းချင်း အလာပ၊ သလာပ ပြောဆိုကြတာ။ အချိန်ကြာတော့ ရင်းနှီးလာကြတယ်။ ဆွေးနွေးကြတယ်၊ ဖလှယ်ကြတယ်၊ မေးလ်ပို့ကြတယ်၊ အရမ်း ခင်မင်တယ်ဆိုလို့ သိပ်မရှိသလောက်ပဲ ကြာရင် မေ့ပျောက် သွားကြတာ များတယ်၊ ညလေးဆို နစ်ခ်တွေတောင် သိပ်မမှတ်မိတော့ဘူး။ လူများတော့ ပျော်စရာတော့ ကောင်းပါရဲ့၊ စိတ်ညစ်ဖို့လဲ ကောင်းတယ်။ ဆွေးနွေးကြ၊ ခင်လို့မင်လို့ စနောက်ကြတာ ပျော်ပေမယ့်၊ လွန်သွားတဲ့ခါ ငြင်းခုန်ကြ၊ ရန်ဖြစ်နေကြတာတော့ စိတ်ညစ်တယ်။ ပြီးတော့ ချက်ထဲကလူတွေ ဖိုရမ်ပေါ်မှာ ဆွေးနွေးနေကြတဲ့ သူတွေကို ပေါ်မလာ အတော်ကြာရင်၊ ပျောက်နေကြရင် သူတို့နဲ့ ဆက်သွယ်ဖို့ရာ ခက်ခဲကြတယ်လေ။
ခုတော့ ကျမတို့တွေ အင်တာနက်ပေါ်မှာ ကိုယ်ပိုင် အိမ်လေးတွေ ကိုယ်စီနဲ့ ဟန်ကျနေကြပြီပေါ့။ ဘလော့ဂ်တစ်ခုကို စိတ်ကြိုက် ဖန်တီးယူရတာဟာ အိမ်လေးတစ်လုံး ဆောက်နေရတာနဲ့ တူမနေဘူးလား။ အစဦးမှာ ဘာမှမရှိတဲ့ အခွံလေးကို အရင်ဆုံး ဖန်တီးယူကြရတယ်။ နောက်တော့မှ အထဲမှာလိုအပ်တဲ့ ပစ္စည်း ပစ္စယတွေကို တပ်ဆင်ကြတာလေ။ အပြင်လောကမှာလဲ ကိုယ်လိုချင်တဲ့ အိမ်လေး(အခွံ) ၀ယ်ပြီးသွားရင် အထဲမှာ လိုအပ်တဲ့ အိမ်ထောင် ပရိဘောဂတွေကို စိတ်ကြိုက် ၀ယ်ယူ တပ်ဆင်ကြရတယ် ဟုတ်။ ဘလော့ဂ်မှာ လိုချင်တာလေးတွေ၊ လိုနေတာလေးတွေ၊ ဖြည့်ချင်တာလေးတွေ၊ တပ်ချင်တာလေးတွေကို တပင်တပန်း ကြိုးစားပြီးတော့ ရအောင် လုပ်ယူကြရတယ်။ မသိရင် သိတဲ့လူကို မေးမြန်းရသေးတယ်။ ပြီးတော့ သူများတွေရဲ့ အိမ်လေးတွေကို သွားလည်ကြတယ်၊ သူငယ်ချင်းတွေရဲ့ အိမ်လေးတွေကို အလည်အပတ် သွားနိုင်အောင်လဲ အိမ်လိပ်စာလေးတွေ ညွှန်ပေးထားကြသေးတယ် မဟုတ်လား။
ခု ကျမတို့ ဖန်တီးယူထားကြတဲ့ ဘလော့ဂ်လေးကတော့ ကိုယ်ပိုင်တယ်လေ၊ ကိုယ့်ခြေ ကိုယ့်လက်ပဲ၊ လုပ်ချင်သလိုလုပ်၊ ရေးချင်တာရေး၊ ပြောချင်တာပြော (ယဉ်ကျေးဖို့တော့ လိုတာပေါ့) မဟုတ်ရင် ကိုယ့်အိမ်ကို ဧည့်သည် ဘယ်လာတော့မလဲ နော့။
ကိုယ်ပိုင် ဘလော့ဂ်လေးတွေကို ဖတ်ရင်းနဲ့ ရေးသူတွေရဲ့ စိတ်နေ စိတ်ထားကိုပါ ခန့်မှန်း နိုင်ကြတယ်၊ ပြီးတော့ သူတို့ရဲ့ တည်နေရာတွေ၊ အလုပ်အကိုင်တွေ၊ နိုင်ငံရပ်ခြား ရောက်နေသူတွေဆီက သူရောက်နေတဲ့ နိုင်ငံရဲ့ ယဉ်ကျေးမှု၊ လူမှုဆက်ဆံရေး၊ နေထိုင် စားသောက်ပုံတွေက အစ သိရှိ နိုင်ကြတယ်လေ။ အများစုက စိတ်ခံစားမှု၊ ပါတ်ဝန်းကျင် အခြေအနေ၊ နေထိုင်ပုံ၊ ရသစာ၊ ၀တ္ထုတို၊ သုတစာတွေ ရေးတတ်ကြတယ်။ နည်းပညာပိုင်းဆိုင်ရာ ရေးတဲ့သူလဲ ရှိတယ် (နည်းပါတယ်)။ မိမိခံစားနေရတာတွေ၊ တွေ့ကြုံရတဲ့ ဗဟုသုတတွေကို ကဗျာနဲ့တစ်မျိုး၊ စာနဲ့တစ်ဖုံ ဖန်တီး ရေးဖွဲ့တတ်ကြတာ တော်ပါပေတယ် လို့ပဲ ပြောတတ်တော့တယ်။
အိမ်ရှင်က စိတ်ညစ်နေလို့ပဲဖြစ်ဖြစ်၊ မအားလို့ပဲဖြစ်ဖြစ် အိမ်ကို လှည့်မကြည့်ပဲ ပစ်ထားတာ ကြာနေရင်လဲ သူ့အိမ်လေးကို သွားလို့ သတိရကြောင်း၊ ပျောက်နေကြောင်း၊ စာတွေ ဆက်ရေးဖို့ အကြောင်းနဲ့ ကျန်တာတွေကို မှာထားခဲ့ နိုင်သေးတယ်။ အရင်လို ဘယ်နား သွားရှာရမှန်းမသိ မဖြစ်တော့ဘူးနော် (အရမ်းကောင်းတာပဲ)။ အိမ်ရှင်လေး စိတ်ပါလာတဲ့တစ်နေ့ သူ့အိမ်လေးကို သူပြန်လာဦးမှာပါ (သေချာသလောက်ပါပဲ)။ အနည်းဆုံး တစ်ခါလောက်တော့ ပြန်လာဦးမှာပါလေ။ ဘယ်လောက်ကြီး စိတ်မပါဘူး ပြောပြော တစ်နေ့မှာတော့ သူပြန်လာမှာပါ (မျှော်နေကြမယ်နော်)။
ဘလော့ဂ်ဆိုတာ မိမိ တစ်ယောက်တည်း လွတ်လပ်စွာ ပေါက်ကွဲထွက်လို့ရတဲ့ နေရာလေးတစ်ခု၊ သူတစ်ပါးကိုပါ မိမိရဲ့ စိတ်ခံစားမှုလေးတွေ ဝေမျှပေးနိုင်တဲ့ နေရာလေးတစ်ခုပါ။ ဘလော့ဂ်ထဲမှာ ရေးသားထားကြတဲ့ စာတွေ မလွတ်ကင်းရင် တရားစွဲလို့ရလား ဆိုတော့ (ညလေးမသိပါ)။ ဒါပေမယ့် မိမိရဲ့ အိမ်လေးထဲမှာ မိသားစုနဲ့၊ မောင်နှမတွေ အချင်းချင်း၊ သူငယ်ချင်းတွေနဲ့ ဥပဒေနဲ့ မလွတ်ကင်းတာတွေ ပြောမိ ဆိုမိကြမှာပဲလေ၊ ဟုတ်ဘူးလား။ ဘယ်သူက လာပြီး တရားစွဲသလဲ။ အိမ်တိုင်းမှာ CCTV နဲ့ Microphone တွေ တပ်ထားတာမှ မဟုတ်တာ၊ လွတ်လပ်တယ် ဟုတ်။ ဒီလိုပဲ ကိုယ့် ဘလော့ဂ်လေးတွေထဲမှာ ကိုယ်ခံစားခဲ့ရတာတွေ၊ သူများတကာတွေ ခံစားနေကြရတာတွေကို ကိုယ်ချင်းစာလို့ အများသိအောင် တင်ပြကြတယ်၊ ဝေမျှကြတယ်၊ ဒါတွေကို ဘယ်သူက ဘယ်ပုဒ်မနဲ့ တရားစွဲမလဲ (ကျမတို့တွေ ကိုယ့်အိမ်လေးထဲမှာ လုံခြုံစွာနဲ့ စကား ပြောနေကြတာပေါ့ နော့)။
ဒီလိုဆိုရင် ခေါင်းစဉ်ကို “ဘလော့ဂ်အိမ်” လို့ပေးရင် ရပြီမဟုတ်လား ဘာလို့များ “ဘလော့ဂ်စံအိမ်” လို့ ပေးထားသလဲ မေးရင် (ရှင်းပြမှာပါ)။ ပိုပြီး အသက်ဝင်သလိုပဲ၊ နားထောင်လို့လဲ ပိုကောင်းသွားတယ်။ ပိုပြီး ပြီးပြည့်စုံသွားအောင် လူအမျိုးမျိုးက စံပြုလောက်အောင်၊ စံညွှန်းလောက်အောင်၊ စံထားလောက်အောင် လှပသလောက် အသက်ဝင်လှတဲ့ အိမ်ကလေးတွေ ဖြစ်နေလို့ပါ။
“ဟယ် ဘလော့ဂ်လေးက လှလိုက်တာ”
“အေး... ဟုတ်ပါရဲ့၊ စာသားလေးတွေလဲ ကောင်းတယ်ဟ”
“ဟာ... ဒီလိုမျိုးလေး တစ်ခုလောက် လိုချင်လိုက်တာ”
“အင်း... တော်ကြပါပေတယ်”
“ဘယ်လိုလူမျိုးပါလိမ့် တော်တော်လေး ဖန်တီးနိုင်တယ်နော်”
“အယ်... ဒါလေးကျ တစ်မျိုးလေး တော့”
“ဟင်... ဒါလဲ ရိုးရိုးလေးနဲ့ လှတာပဲ”
ဒီလို ဒီလိုမျိုး မှတ်ချက်လေးတွေ ရလာရင် သဘောကျကြမယ် ထင်တယ်နော့......
စိတ်ချမ်းသာမှုတွေ စံစားနေရရင် (ခံစားနေရတယ် မသုံးချင်ဘူး၊ ဒုက္ခကိုမှ ခံစားရတယ်သုံးပါတယ်)၊ မိမိရဲ့နေရာလေးမှာ နေထိုင်ပျော်မွေ့နေရင် “စံအိမ်” လို့ သတ်မှတ်လို့ရပါတယ် (“အရှင်ဆန္ဓာဓိက” ကတော့ ဒုက္ခဝေဒနာတွေကို ခံစားရတယ်၊ သုခဝေဒနာကိုမှ စံစားရတယ်တဲ့။ ရှင်းအောင်ပြောရင် ဆိုးကျိုးတွေကို ခံစားရတယ်၊ ကောင်းကျိုးတွေဆို စံစားရတယ် တဲ့)။ ဒါ့ကြောင့် ဘလော့ဂ်ရဲ့ ကောင်းကျိုးတွေပဲ ဆက်လက် စံစားနေနိုင်အောင် ပြီးတော့ နောက်လူတွေ စံအဖြစ် သတ်မှတ်နိုင်လောက်အောင် လုပ်ပြချင်တယ်လေ။ ရှေ့က နည်းပြတွေ ကောင်းမှုလဲပါတာပေါ့။ ရှေ့က စံနမူနာ ပြသွားကြတဲ့ လူတွေကို မေတ္တာပို့ကြပါကုန်.....။ ဒူ.... ဝေ.... ဝေ.....။
ကျမရဲ့ အင်တာနက်ပေါ် ဆောက်ထားတဲ့ “ဘလော့ဂ်စံအိမ်” လေးထဲမှာ သူငယ်ချင်းတွေနဲ့ စကားတွေ ဖောင်ဖွဲ့ပြောရင်း၊ ခံစားမှုလေးတွေ ဝေမျှရင်း၊ ပညာရပ်လေးတွေ ဖလှယ်ကြရင်းနဲ့ သင့်တင့် လျောက်ပတ်တဲ့ “စံအိမ်” လေး ဖြစ်အောင် အစဉ်အမြဲ သစ်လွင်နေအောင် လုပ်ဆောင်ထားချင်ပါတယ်.....။ လာသမျှ ဧည့်သည်များကိုလဲ ဖော်ရွေ ပျူငှာစွာ ဆက်ဆံ ပြောဆိုသွားမှာပါ (ယဉ်ကျေးစွာနဲ့ပေါ့)။ အားလုံးကိုလဲ နွေးထွေး လှိုက်လှဲစွာ ကြိုဆိုနေပါတယ်။ “စံအိမ်” လေးဆီကို ကျမ မရောက်ဖြစ်ခဲ့ရင်၊ ပို့စ်အတင် ကျဲသွားခဲ့ရင်လည်း နားလည် ပေးနိုင်ကြမယ် ထင်ပါတယ်။
*****
ညလေးဆို တစ်နေ့ တစ်ခေါက်လောက်မှ မ၀င်ရရင် မနေနိုင်အောင် ဖြစ်နေပြီ၊ အိမ်လေးကို လှသထက် လှအောင် ဘာတွေ လုပ်ဆောင်ရမလဲ၊ ဘယ်လိုဆေးရောင် ခြယ်ရင် ကောင်းမလဲနဲ့ အမြဲ တွေးနေမိ တတ်တယ်။
“စံအိမ်” လေးထဲ ပျော်မွေ့နေကြတာများ.......
တစ်ချို့တွေဆို ထမင်းမေ့၊ ဟင်းမေ့ ကလိတတ်ကြသေးတယ် (သတင်းကြားတာပါ)။ တစ်ချို့တွေလဲ အလုပ်ပျက်၊ အကိုင်ပျက် (အိမ်တောင် အလုပ်တွေ ယူလုပ်ကြရတယ် ဆိုပဲ)။ :P
*****
ဘာပဲဖြစ်ဖြစ် သူငယ်ချင်းများရဲ့ မေတ္တာနဲ့ လှိုက်လှဲတဲ့ ခင်မင်မှုများစွာကို ကျမ အစဉ်အမြဲ ငံ့လင့် စောင့်မျှော်နေမှာပါ။ ကော်မက်လေး (ဘလော့ဂါတို့ရဲ့ အသက်) တွေ၊ စီဘောက်စ်က Message လေးတွေ ဖတ်ရတာ ကျမ တအားပျော်ပါတယ်။ တတ်နိုင်သလောက်လဲ သူငယ်ချင်းတွေရဲ့ “စံအိမ်” လေးတွေကို လည်ပတ် ရောက်ရှိ နေဦးမှာပါ။ ကျမရဲ့ “စံအိမ်” လေးထဲကို သူငယ်ချင်းတို့ လာရောက် လည်ပတ်တဲ့ခါမှာ မကြိုက်တာ၊ စိတ်ထဲ သဘော မတွေ့တာများ ရှိခဲ့ရင်လဲ ဝေဖန်ခဲ့ အကြံပေးခဲ့ နိုင်ပါတယ်။ ကောင်းမွန်သော ပြုပြင်မှုများဖြစ်ဖို့ အကြံကောင်း ပေးတယ်လို့ သဘောထား သတ်မှတ်ပြီး ဂရုတစိုက်နဲ့ ပြုပြင်သွားမှာပါ။
အားလုံးကို အစဉ် ခင်မင်လေးစားလျှက်..........
*****အရှင်ဆန္ဒာဓိကရဲ့ “မြင့်မြတ်သူတို့ရဲ့စံအိမ်” ဆိုတဲ့ စာအုပ်ကို ဖတ်နေတာ တပါတ်လောက်တော့ ရှိနေပြီ။ ဒါပေမယ့် စိတ်ကူးထဲမှာ မစဉ်းစားမိသေးဘူး။ မနေ့က ဖတ်နေရင်းနဲ့မှ ညလေးတို့တွေ ဘလော့ဂ် ရေးနေကြတာကို တွေးမိသွားပြီး ရေးဖြစ်သွားတာပါ။ ဒါပေမယ့် မြင့်မြတ်တယ် လို့တော့ မသုံးပါဘူး၊ ကိုယ်တိုင်က မြင့်မြတ်တယ်လို့ မခံစားရသေးလို့ပါ။ :)

0 comments:
Post a Comment