ဒီပို့စ်မရေးခင် အားလုံးပဲ စိတ်အချိုးကြနဲ့နော်..... မုန့်ဝယ်ကျွေးမယ် သိလား။ =P
*****
တခုသော ညနေခင်းအချိန်တွင် ညလေးတစ်ယောက် ဖုန်းတစ်လုံးဖြင့် အလုပ်ရှုပ်နေသည်။ အဘယ်ကြောင့်ဆိုသော် ဘလော့ဂါမမများနှင့် ဦးဦးများဆီသို့ ဒီတစ်ပါတ် တနင်္ဂနွေနေ့တွင် အားလုံး ဆုံတွေ့ပြီး တစ်နေကုန် လျှောက်လည်ကြရန် ဖြစ်သည်။
“ဟယ်လို ဦး.... လား၊ ညလေးပါ ဒီတနင်္ဂနွေ အားလားဟင်၊ ညလေးတို့တွေ မနက်စောစော ၆ နာရီလောက် ဘုရားတက်ပြီး လျှောက်လည်ကြမလို့၊ အင်း ဒါဆိုလဲ ဒါပဲနော်”
“ဟယ်လို မ...... လား၊ ညလေးတို့တွေ ဒီတနင်္ဂနွေ လျှောက်လည်ကြမလို့လေ၊ ကျန်တဲ့သူတွေလဲ ချိန်းပြီးပြီ၊ အင်း မနက်စောစောကို ၆နာရီလောက် ဘုရားရင်ပြင် အနောက်ဘက်မုခ်ကို လာခဲ့၊ လူကုန်ပဲလေ မတို့ဖာသာ ညှိပြီး စုလာကြလဲ ရတယ်၊ ညလေးကို ၀င်ခေါ်လဲ စိတ်မဆိုးဘူး”
ဒီလိုနှင့် သူတို့တွေ စုရပ်တွင် လူစုံသည်နှင့် အုပ်စုလိုက်ကြီး ဘုရားကို အားပါးတရ ဖူးမြော်ကြကာ လက်ယာရစ် ၃ ပတ် လှည့်လည်ပူဇော်ပြီး ရွှေတိဂုံ မြောက်ဘက်မုခ်မှ လှေကားထစ်များအတိုင်း ဆင်းလာကြသည်။ ပြီးနောက် “M3 Food Center” တွင် မနက်စာ ၀င်ရောက် သုံးဆောင်ကြပါသည်။ ဒကာခံသူများမှာတော့ နိုင်ငံကြီး (ဘယ်လောက်ကြီးလဲ မေးကြည့်ကြရန်) များမှ ဖြစ်ကြသော ဦးကလိုစေးထူး၊ ဦးရန်အောင်နှင့် မအိမ့် တို့ပင် ဖြစ်သည်။ ဒကာခံသူရှိသည်နှင့် တပြိုင်နက် ကျန်ဘလော့ဂါများ စားလိုက်ကြသည်မှာ ပြောစရာမလိုအောင်ပင် ပန်းကန်များ အထပ်လိုက်၊ ခွက်များ အစီအရီဖြင့် စားပွဲခုံပြည့်လျှံအောင် ကျန်ရစ်နေခဲ့လေသည်။ (စကားချပ်။ ။ တစ်နေလုံး ကြိုက်သလောက်စား ဒကာခံကြမည် ဖြစ်ပါသည်။)
သူတို့တွေ ဗိုက်တင်းကားအောင် စားကြပြီး ဗိုလ်ချုပ်ပန်းခြံထဲတွင် ခဏတာ အပန်းဖြေရင်း ဆော့ကစားကြသေးသည်။ စိန်ပြေးတမ်း၊ အတွဲခုတ်တမ်း၊ ကြောင်နှင့်ကြွက်၊ တိုင်ဦးတန်း နှင့် ကြက်ဖခွပ်ပါမကျန် မကြီးမငယ်နှင့် ဆော့လိုက်ကြသည်မှာ ဟိုအကောင် ရှုံးလောက်သည်ဟု လာရောက် လည်ပတ်ကြသူများ ပြောကြသည့်တိုင်အောင် အရှက်မရှိကြပါ။ ငယ်ရွယ်သူများက ထားပါတော့ အသက်ကြီးသော ဦးဦးဆန်း၊ ဦးကလိုစေးထူး၊ ဦးဦးဒေါင်း နှင့် ဦးဦးတက်တို့မှာ အဆိုးဆုံးဖြစ်သည်။ ကျန်သူများ ခဏတာ နားနေချိန်တွင်လည်း မနားနိုင်ပဲ စုံတွဲများကို လိုက်လံချောင်းကြည့် နေကြသေးသည်။ သူတို့မို့ မမောမပန်း။ =P
သည့်နောက်တွင် နေ့လည်စာကို ဖြစ်သလိုပင် လသာလမ်းမကြီးတွင် ဖွင့်လှစ်ထားသော သက်သက်လွတ် တရုတ်ထမင်းဆိုင်တွင် အ၀အပြဲ ၀င်တီးကြသေးသည်။ (အဲ့ဒီဆိုင် အရမ်းကောင်းတယ် သိလား၊ သက်သက်လွတ်သာ ပြောတယ်၊ ပုဇွန်စားမလား၊ ၀က်အူစားချင်လား အကုန်ရတယ်၊ ဂျုံတွေနဲ့ ချက်ထားတာ တအားကောင်း၊ မယုံရင် သွားစားကြည့်ကြ၊ ဈေးလဲ တော်တယ်) အနည်းငယ် ဈေးသက်သာသည့်အတွက် စားလိုက်ကြသည်မှာ မှာမလောက်ဖြစ်ကာ ချလိုက်သည်နှင့် တခဏအတွင်း ပန်းကန်ဆေးစရာ မလိုလောက်အောင် ပြောင်လက် သွားတော့သည်။ (ဆိုင်က ပန်းကန်ဆေးရတာ သက်သာအောင်လေ)=D ဒီလိုနှင့် စားသောက်လိုက်ကြသည်မှာ - ဦးဆေးထူး ၅ ပန်းကန်၊ ဦးဦးဆန်း ၆ ပန်းကန်၊ ဦးတက် ၈ ပန်းကန်၊ ဦးဒေါင်း ၅ ပန်းကန်၊ ဦးရန် ၇ ပန်းကန်၊ ဦးကျော်ဇေယျ ၆ ပန်းကန်၊ ဦးချမ်း ၈ ပန်းကန်၊ မျိုးမျိုးကျော်ထွန်းနှင့် သန့်သန့်ဇင်အောင်ပင် ၅ ပန်းကန် နှင့် ကျန်သူများ အသင့်အတင့် လောက်သာ။ မမလေးများလဲ စားလိုက်ကြသည်မှာ တစ်ယောက်ကို ထမင်း ၄ ပန်းကန်လောက် ကုန်ကြသည်။ အလကားရတုန်း အပီတွယ်မှဟုများ တွက်ထားကြလေသည်လား ?။ (မှတ်ချက်။ ။ ဆိုင်မှ ပန်းကန်ပြားနှင့် မပေးပဲ တရုတ် ပန်းကန်လုံးလေးတွေဖြင့် ပေးသောကြောင့် ဖြစ်သည်) =D
ထမင်း စားသောက်ကြပြီးသည့် သကာလ ဆရက်မင်းစည်းစိမ်ခံကြရန် မမလေးများ ရုပ်ရှင်ကြည့်ချင်သည် ပြောသောကြောင့် သမ္မတရုံတွင် ၀င်ကြည့်ကြသေးသည်လေ။ ဒီလူအုပ်ကြီးအတွက် လက်မှတ်ရရန်မှာ အတော်ပင် ခဲယဉ်းလှသည်။ သို့ပေသိ ရုပ်ရှင်မှာ ဘယ်သူမှ ၀င်မကြည့်ကြသော ပျင်းစရာကောင်းသည့် ဇာတ်ကား ဖြစ်သောကြောင့် လက်မှတ်ရလွယ်ကာ ၀င်အိပ်ရန်သာ ကြည့်ကြခြင်းဖြစ်သည်။ =p
ဒီလိုနှင့် ရုပ်ရှင်ရုံမှ ထွက်လာကြသောအခါ ညနေခင်းအချိန် ၃ နာရီပင် ထိုးလုပြီဖြစ်သည်။ အနည်းငယ် ဆာလောင်လာကြသည့်အတွက် ဖြစ်ချင်ရာဖြစ်ဟုဆိုကာ ၃၈ လမ်းမှ YKKO တွင် ကြေးအိုးဝင်သောက်ကြလေသည်။ ဒီတွင်လဲ ဗိုက်ကို မဆန့်မပြဲဖြစ်ကာ လျှံထွက် ကျလောက်အောင်ပင် စားသောက်ကြပြီး၊ ထပ်တခါ Dream တွင် အအေး ၀င်သောက်ကြသေးသည်။ (စတော်ဘယ်ရီလက်ဖျော် အရမ်းကောင်းတယ် သိကြလား၊ ကျန်တာတွေတော့ မသောက်ဖြစ်လို့ မသိဘူး၊ ဒရင်းမ်ရောက်ရင် စတော်ဘယ်ရီ ပေါ်ချိန်တိုင်း စတော်ဘယ်ရီ ဖျော်ရည်ပဲသောက်တယ်။ စတော်ဘယ်ရီသီးတွေကို သိပ်မကြေအောင် ချေပြီး၊ နို့ထည့် မလိုင်များများနဲ့ နို့ဆီထည့်ပေးထားတာ ချိုချဉ်လေး စတော်ဘယ်ရီ အတုံးလိုက်လေးတွေနဲ့ ဘယ်လို သောက်ကောင်းမှန်း မသိ။ သိချင်ရင် သွားသောက်ကြည့်ကြနော် ပိုက်ပိုက်မရပဲ အလကားကြော်ငြာပေးနေတာ) =D
ပြီးနောက်တွင် အချိန်ကြည့်လိုက်ကြရာ ညနေ ၆ နာရီကျော်နေပြီ ဖြစ်သော်လည်း အချိန်အများကြီး ကျန်နေသေးသည့်အတွက် ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်သို့ အများ သဘောဆန္ဒအတိုင်း သွားရောက် လည်ပတ်ကြသည်။ တိရိစ္ဆာန်ဥယျာဉ်ထဲတွင် အကောင်ပလောင်များ စုံလင်လှသည်။ မမြင်ဖူးသော အကောင်များ ဦးချိုရှိသော ကြံ့၊ အတောင်ပါသောငှက်များ၊ အတောင်ချိုးထားသော ဒေါင်းများနှင့် ရေကူးတတ်သော ဖျံများပင်။ တချိန်တုန်းက ကမ္ဘာကသိအောင် ကျော်ကြားလှသော ကျွန်ုပ်တို့၏ ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်ကြီးကား ယခုထက်ထိ သစ်လွင်၊ လှပ၊ စိမ်းလန်း စိုပြေ နေဆဲပင် ရှိနေသေးသည်။ ဟိ
မမလေးတို့ ရှေ့မှ လျှောက်ကာ ဦးဦးများ နောက်မှ ဖြည်းဖြည်းချင်း လိုက်ပါလာကြလေသည်။ မမလေးများမှာ မမြင်ဖူးသည့် အထူးအဆန်းများ မြင်တွေ့ရသည့်အတွက် “ဟယ်...” “ဟင်...” နှင့် တအံ့တသြဖြစ်ကာ လမ်းလျှောက်လာကြရာ တစ်နေရာအရောက်တွင် ဘာညာလေးမှ
“ဟယ် မြင်းကြီးတွေ ထောင်ကျနေတယ်တော့.....”
ဟု အလန့်တကြား တအံ့တသြ နှင့် ဆွေ့ဆွေ့ခုန် အော်လိုက်သံကြောင့် ဦးဦးများနှင့် မမလေးများ အပြေးလာကာ သူမ လက်ညှိုးညွှန်ပြရာသို့ လှမ်းကြည့်လိုက်ကြရာတွင်။ မြင်းကျားကြီးများ ဖြစ်နေသောကြောင့်...
သူမပြောသည်ကို အူကြောင်ကြောင်ဖြင့် ခေတ္တခဏ ကြောင်သွားကြပြီးမှ စဉ်းစားလိုက် မြင်းကျားကြီးများကို ကြည့်လိုက်နှင့် ရီလိုက်ကြရသည်မှာ အူတက်မတက်ပင်။
“ဟား.... ဟား... ဘာညာတို့တော့ လုပ်ချလိုက်ပြန်ပြီ”
“ဟင်း.... ဟင်း.... ဘာညာလေးကတော့လေ”
“ဟတ်...ဟတ်...ဟတ်.... ဘာညာပေါက်စ ဖြစ်ရမယ်”
“ဟိ.... ဟိ..... ဘာညာလေး မြင်းထောင်ကျနေတယ် ဟုတ်လား”
“ဟာ... ဟ ကယ်ပဲ ဘာညာရေ၊ ညည်းပြောသလိုပဲဟ”
“အေး ငါလဲ ခုမှ သေချာကြည့်မိတယ်”
“ကောင်းလိုက်တဲ့ မှတ်ချက်ဟာ နာတော့ စေ့စေ့တွေးလေ ပေါ်လေပဲ”
“ဟေ့ရောင် နာလဲ ခုမှ ကွက်ကွက်ကွင်းကွင်း မြင်တော့တယ် ဟီ ဟိ”
အသီးသီး ဤသို့ မှတ်ချက်များပင် ချရလေသည်။
ဟိ ဘာလဲဟင် သိကြလား။ သိတဲ့သူများ ဖြေကြပါကုန်။
*****
မသိကြဘူးပြောလို့ ဇာတ်လမ်းထဲမှာ ပြန်ဖြည့်ပေးထားပါတယ်။ ခေါင်းစဉ်လေးပါ အနည်းငယ် ပြင်လိုက်တယ်။ =P ညလေးက ဟာသလေး တစ်ကြောင်းလောက်ကို မနည်းရောက်အောင် ဆွဲယူလာရတယ်။ ဟင့် တစ်ကြောင်းတည်းဆို တိုပြီး ပို့စ်နည်းနေလို့...
ဒီစာကြောင်းလေးကို ဟိုနေ့က ဖတ်ဖြစ်တဲ့ “ဇ၀နရဲ့ ကောလိပ်ကျောင်းသား” ၀တ္ထုထဲက ရပါတယ်။ =D
ဤတွင် ညလေး၏ဇာတ်လမ်း ပြီး၏။ မရီရရင်လဲ မေတ္တာပို့ကြပါကုန်။
**********

0 comments:
Post a Comment