မနက်စောစာ အိပ်မှုန်စုံဖွားနဲ့ ထလာတဲ့ကျမ ပြတင်းတံခါးကနေ လှမ်းကြည့်လိုက်မိတယ် ဆိုရင်ပဲ လှမ်းမြင်နေရတဲ့ ပိတောက်ပင်ကြီးရဲ့ အရွက်စိမ်းစိမ်းလေးတွေ ကြားကနေ ဟိုတစု ဒီတစနဲ့ သူ့ထက်ငါ အပြိုင် ပွင့်လာနေကြတဲ့ ပန်းပွင့်ဝါ၀ါလေးတွေကို ကြည့်ရင်း ကြည်နူးမှုနဲ့အတူ အောက်ထပ်ကို အပြေး ဆင်းလာခဲ့လိုက်ပါတယ်။
တံခါးမကြီးက ဖြတ်လို့ ခြံထဲအရောက်မှာတော့ "ဗွမ်းးးးးး" အသံနဲ့အတူ တကိုယ်လုံး ရွှဲရွှဲစိုသွားလို့ ကြွက်စုတ်လေး ပမာ ဖြစ်သွားတဲ့ ကျမ ကြည်နူးမှု အတွေးတွေ လွင့်ခနဲပျောက်လို့ ဒေါသရောင် လွှမ်းနေတဲ့ မျက်လုံးနဲ့ အသံလာရာ လှည့်ကြည့်မိတဲ့ခါမှာ ပြုံးဖြီးဖြီးမျက်နှာနဲ့ ကျမကို မျက်နှာချိုသွေးပြီး ရပ်ကြည့်နေတဲ့ "မင်းမင်း" ကိုတွေ့လိုက်ရတော့တာပါပဲ။ သူ့ကိုတွေ့မှ ကျမရဲ့ ဒေါသတွေ ပိုလို့ ပေါက်ကွဲကုန်ရပါတယ်။ သူရပ်နေတဲ့ ခြံစည်းရိုးစပ်နား သွားလို့ ခါးထောက်ပြီး
"မင်းမင်း၊ နင် ဒါဘာလုပ်တာလဲ၊ သင်္ကြန်တောင် မကျသေးဘူး"
"ဘာလို့မကျရမှာလဲ ဒီနေ့က သင်္ကြန်အကြိုနေ့လေ၊ နင်နဲ့ငါ လောင်းထားတာ မှတ်မိသေးလား၊ နင်မေ့နေရင်လဲ ပြန်စဉ်းစားလိုက်ဦး။ ပြီးတော့ ဒီနေ့ ငါ သင်္ကြန်ရေ ဦးတဲ့အတွက် ငါလိုချင်တာ ပေးဖို့လဲ နင် စဉ်းစားထား"
ပြောပြောဆိုဆိုနဲ့ ထွက်သွားတဲ့ သူ့နောက်ကျောကိုကြည့်ရင်း ကျမလဲ ဒေါသနဲ့ ဆွေ့ဆွေ့ခုန် ကျန်ရစ်ခဲ့ပါတယ်။
ဒီတော့မှပဲ ကျမကစလို့ စိန်ခေါ်ခဲ့ပြီး နိုင်တဲ့သူ လိုချင်တာ ရှုံးတဲ့သူက ပေးရမယ်လို့ ပြောခဲ့တာလဲ ပြန်သတိရမိ ပါတော့တယ်။ ဒါပေမယ့် ဒေါသမပြေသေးတဲ့ ကျမ၊ ရှုံးသွားတာလဲ မကျေနပ်တဲ့ ကျမ အိမ်ထဲကို ဆောင့်ကြီး အောင့်ကြီး ၀င်လာတယ် ဆိုရင်ပဲ ဧည့်ခန်းထဲထိုင်နေတဲ့ မေမေက မြင်တော့
"ဟဲ့သမီး ဘာဖြစ်လာတာလဲ တကိုယ်လုံးလဲ ရွှဲလို့ပါလား"
"မင်းမင်းပေါ့ မေမေ သမီးကို ရေလာလောင်းတယ်"
"အေးလေ ဒါဘာစိတ်ဆိုးစရာရှိလဲ ဒီနေ့သင်္ကြန် အကြိုနေ့ပဲ၊ ကလေးတွေတောင် ရေဆော့နေကြပြီ။ သမီးပဲ သူ့ကို စပြီး စိန်ခေါ်ထားတာ မဟုတ်လား"
"သမီးမှ သတိမရပဲလို့၊ ပိတောက်တွေ ပွင့်နေလို့ ၀မ်းသာပြီး ခြံထဲဆင်းမိလိုက်တာ၊ ဒီလိုမှန်းသိ မဆင်းပါဘူး၊ မေကလဲ သတိမပေးဘူး"
"သမီးကပဲ မေမေ့ကို အပြစ်ပြန်တင်နေသေးတယ်။ အမှန်က သမီးမှားတာပဲ၊ ကိုယ်လုပ်ထားတဲ့ အလုပ်၊ ကိုယ်ပြောထားတဲ့ စကားကို လွယ်လွယ်နဲ့ မေ့မပြစ်ရဘူး။ ခုတော့ ကိုယ့်အပြစ်နဲ့ကိုယ်ပဲ၊ သွား အ၀တ်အစား သွားလဲချေ"
မေက ပြောဆိုပြီး မီးဖိုချောင်ကို ထွက်သွားပါတော့တယ်။
ဒီတော့မှ ကျမလဲ အခန်းထဲဝင် အ၀တ်လဲပြီး ကက်ဆက်ကို အကျယ်ကြီးဖွင့်လို့ အိပ်ယာပေါ်လှဲနေလိုက်တယ်။ အတွေးထဲမှာတော့ ငယ်တည်းက အလောင်းအစားမက်တဲ့ ကျမ၊ လောင်းတိုင်းလဲ ရှုံးတတ်တဲ့ကျမ၊ ရှုံးမဲမဲပြီး အမြဲတမ်း ညစ်တတ်တဲ့ ကျမကို ပြန်အလျှော့ပေး အနိုင်ယူစေခဲ့တဲ့ မင်းမင်း။ ကျမဆိုးသမျှကို သည်းညည်းခံ အလိုလိုက်ရင်း ကျမသဘောကျ နေပေးခဲ့တဲ့ မင်းမင်းရဲ့ ပုံရိပ်တွေကသာ နေရာယူထားပါတော့တယ်။
ဘယ်လို အိပ်ပျော်သွားမှန်း မသိလိုက်ရပဲ
"သမီးရေ ဒီမှာ မင်းမင်းရောက်နေတယ်ဟေ့၊ ဆင်းလာခဲ့ဦး"
မေမေ့ရဲ့ အသံနဲ့အတူ မငွေရဲ့ တံခါးခေါက်သံကိုပါ တဆက်တည်း ကြားလိုက်ရမှ ကျမလဲ နိုးလာပြီး နာရီကို ကြည့်မိတဲ့ခါ
"အိုးးး ၅ နာရီတောင် ထိုးနေမှပဲ"
ကမန်းကတန်းနဲ့ ရေချိုး၊ အ၀တ်လဲပြီး သနပ်ခါးပါးကွက်ရင်း ပါးစပ်ကလဲ
"ဟင်းးး ဘာလာလုပ်လဲ မသိ တော်တော်ရှုပ်တဲ့ မင်းမင်း" လို့ ရေရွတ်ရင်း အောက်ဆင်းလာတော့ ဧည့်ခန်းမ မရောက်ခင်မှာပဲ
"ညလေးက ကျွန်တော့်ကို စိတ်ကောက် နေတာနဲ့တူတယ် အန်တီရ သူလောင်းထားတာ ရှုံးသွားလို့လေ"
ဒီစကား ကြားလိုက်ရတယ် ဆိုရင်ပဲ မြန်မြန်ဆန်ဆန် ဧည့်ခန်းမကို ထွက်လိုက်ရင်း
"ဘယ်မှာ စိတ်ကောက်လို့လဲ မင်းမင်းစုတ်၊ အပိုတွေ လျှောက်ပြောနေတယ်"
"ခါတိုင်း နင်က ငါတို့အိမ်ဘက် ကူးလာနေကြ မဟုတ်လား၊ ဒီနေ့ နင်မလာလို့ မေမေတို့တောင် မေးနေကြသေးတယ်၊ ဒီကလေးမ ငြိမ်လှချည်လား ဆိုပြီး"
"မေးနေကြတယ်လို့ ဆိုတာတော့ ဖြစ်နိုင်ပါတယ်၊ နောက်က တကြောင်းကတော့ နင်သပ်သပ် ထည့်ပြောတာပဲ၊ ငါ အိပ်ပျော်သွားလို့"
"ရော့ ဒီမှာ နင့်အတွက် ငါ ပိတောက်ပန်းတွေ ခူးလာတယ်"
"သြော် ငါ့အပင်ပေါ်က ပန်းတွေနဲ့ ငါ့ကို မျက်နှာလာလုပ်နေတယ်၊ ငါမှ မပန်တာပဲ"
"ဟဲ့ သမီး အကြီးကို အဲ့လိုမျိုး ပြန်မပြောရဘူးလေ"
မေမေက ကျမ အပြောကို ၀င်ဟန့်တဲ့ခါမှာ ၀မ်းသာအားရ မျက်နှာနဲ့
"တွေ့လား ညလေး ငါက အကြီးနော်၊ ရိုရိုသေသေဆက်ဆံ"
"မယ် ငါ့ထက် ၁ နာရီလေး စောမွေးတာကို စကားထဲ ထည့်ပြောနေတယ်"
"ဘယ်လိုမွေးမွေး အကြီးက အကြီးပဲ၊ ပန်းမပန်ချင်ဘူးဆိုလဲ စားပွဲမှာ ထိုးထားလိုက်ပေါ့ဟ၊ ပြီးတော့ ဘုရားလှူလို့ရတယ်၊ ငါက စေတနာနဲ့ ခူးလဲ လာပေးရသေးတယ်၊ အိုက်တင်ခံပြီး ငြင်းမနေနဲ့၊ နင်ပန်းခူးချင်လို့ မနက်က အစောကြီး ထပြီး ခြံထဲဆင်းလာတာ မဟုတ်လား"
"ကဲ တော်ကြတော့လေ ဒီနှစ်ယောက်က ကလေးလဲ မဟုတ်တော့ဘူး စကားနိုင်လုမနေကြနဲ့၊ ပြီးရင် မခေါ်ပဲ နေနိုင်ကြတာလဲ မဟုတ်ဘူး"
မေမေက ပြောပြီး ထထွက်သွားပါတယ်ု။ ပြန်ပြောဖို့ ပြင်နေတဲ့ ကျမပါးစပ်လဲ မေမေ့အပြောနဲ့ ပိတ်သွားရပါတယ်။
"နင်ဘာလုပ်နေတာလဲ ပန်းပေးပြီ မဟုတ်လား၊ ပြန်တော့လေ"
ကျမရဲ့ ဘုအတောကြောင့် မင်းမင်းက
"ဟာ မဟုတ်သေးဘူး ကျန်သေးတယ်၊ ငါနင့်ကို ဘုရားသွားပြီး ပန်းသွားလှူဖို့ လာခေါ်တာ၊ ပြီးရင်လဲ မုန့်ဝင်စားကြမယ်လေ"
"ငါမလိုက်ချင်ပါဘူး"
"လိုက်ခဲ့ပါဟ ငါအန်တီ့ကို ပြောပြီးပြီ၊ အန်တီရေ ဒီမှာ ညလေးက စိတ်ကောက်မပြေသေးလို့ မလိုက်ဘူး လုပ်နေတယ်"
"ဟဲ အသံဗြဲကြီးနဲ့ ခုနှစ်အိမ်ကြား ရှစ်အိမ်ကြား အော်မနေနဲ့လေ၊ လိုက်ခဲ့မယ် ခဏစောင့် အင်္ကျီ သွားလဲလိုက်ဦးမယ်"
"ဒီတိုင်းလဲလှပါတယ်ဟ လဲမနေပါနဲ့တော့"
"အိမ်နေရင်း ဂါဝန်ကြီးနဲ့ ပြီးတော့ ပါးကွက်ကြီးနဲ့"
"သြော် ကလေးမရယ် လှပါတယ်ဆိုနေမှ ရေမချိုးရသေးဘူး လုပ်နေသေး"
"ပါးကွက်တော့ ဖျက်လိုက်မယ်ဟာ"
ပါးစပ်ကသာ စကားများနေတာ လူကတော့ အိမ်တံခါးဝ ရောက်နှင့်ပြီး
"မေရေ သမီး ခဏ လိုက်သွားဦးမယ်နော်" လို့ မေ့ကိုတောင် အော်ပြောပြီးနေပြီလေ။ ပြီးတော့လဲ မေ့ဆီက ပြန်ပြောသံတောင် မစောင့်တော့ပဲ လူကတော့ ကားပေါ်ရောက်နှင့်ပြီမို့ သူက ကားမောင်းထွက်ရင်း
"အမိလေးက လိုက်မယ့်ဟာများ မူနေရသေးတယ်"
"မင်းမင်းနော် ငါပြန်ဆင်းလိုက်ရမလား"
"ဟဲ မလုပ်ပါနဲ့ဟာ အမကလဲ ဒေါသကြီးပဲ၊ နင်က စိတ်ကောက်လေ လှလေမို့ ငါက စတာပါဟ"
"အဲ့ဒါတွေကြောင့် နင်နဲ့ငါ မတည့်ပဲ"
"တော်ပါပြီဟာ၊ နင်အေးနေလား ငါ့ဂျာကင် ၀တ်ထားပါလား"
ပြောပြီး ကမ်းပေးလာတဲ့ ဂျာကင်ကို လက်ပြတ်လေးနဲ့မို့ ကားပြတင်းပေါက်က လေတိုက်တဲ့ ဒဏ်ကြောင့် အေးလာတဲ့ ကျမလဲ မငြင်းပဲ ယူဝတ်ထားမိပါတယ်။ ဂျာကင်လေးက သူ့ကိုယ်ငွေ့ကြောင့် ပိုနွေးနေရ သလိုပါပဲ။
ကျမတို့လဲ ဘုရားကို အရင်ဆုံးတက် ဘုရားဖူး ပန်းကို သေချာလှူခဲ့ပြီးမှ ရွှေပုဇွန်မှာ မုန်းသွားစားကြတယ်လေ။ ပြီးတော့မှ မြို့တွင်းမှာ သင်္ကြန်အတွက် အပြီးသတ် ပြင်ဆင်နေကြတာတွေ ပြီးကာစ မဏ္ဏာပ်တွေကို ကားနဲ့ လှည့်ကြည့်ပြီး ပြန်ခဲ့ပါတယ်။
"ငါ့အိမ်ပဲ ၀င်ရပ်လိုက်မယ်နော်၊ ပြီးမှ နင့်ကို ပြန်ပို့ပေးမယ်လေ"
အိမ်နားရောက်ခါနီး ပြောလာတဲ့ မင်းမင်းစကားကို ကျမလဲ ဘာမှ မတုန့်ပြန်မိပဲ ကျမရဲ့ ဆိတ်ဆိတ် နေမှုကြောင့် သူ့အိမ်ခြံထဲကို ချိုးဝင်ရင်း
"ကဲဆင်း ရောက်ပြီ"
ဆိုပြီး ကားတံခါး လာဖွင့်ပေးမှပဲ ဆင်းလိုက်တယ်။
"အန်ကယ်လ်နဲ့ အန်တီမွန်ရေ သမီးပြန်ပြီနော်" လို့ ဧည့်ခန်းထဲထိုင်နေကြတဲ့ သူ့မိဘတွေကို လှမ်းနှုတ်ဆက်ပြီး အိမ်ဘက်လျှောက်အလာမှာ
"ညလေး ငါတို့ နက်ဖန်ကို သင်္ကြန်ရေပက်ခံ ထွက်ကြမလို့ နင်စောစောပြင်ထားနော် လာခေါ်မယ်"
ဘေးက ကပ်ပါလာတဲ့ မင်းမင်းရဲ့အပြောကြောင့်
"ငါမလိုက်ချင်ဘူးဟာ နင်တို့ပဲသွားကြပါ"
"လိုက်ခဲ့ပါညလေးရာ ငါအန်တီ့ကို ပြောပြီးပြီ၊ ပြီးတော့ နှစ်တိုင်း နင်က ဖျားချည့်နေတာလေ၊ ဒီနှစ်တော့ ရှားရှားပါးပါးမို့ လိုက်ခဲ့ပါနော် အမှတ်တရပေါ့"
ဟုတ်ပါတယ်လေ ရေပက်ခံထွက်မယ်လို့ အားခဲထားတိုင်း အဖျားသွေးတက်လာတဲ့ ကျမကို သူကလဲ ဘယ်မှ ထွက်မလည်ပဲ ကျမ ဂျီကျသမျှ ဒိုင်ခံ လိုက်လုပ်ပေးတတ်တာ မှတ်မှတ်ရရပါပဲ။
"နော် ညလေး" ထပ်ပြောလာတဲ့ အမေးစကားကြောင့် သူ့ကို လှည့်မကြည့်ပဲ
"အင်း" လို့ဖြေပြီး အိမ်ထဲအ၀င် မေမေ့ကိုတော့
"မေရေ ညလေး အိပ်တော့မယ်နော်"
လှမ်းအော်ရင်း အပေါ်ထပ်တက် အိပ်ခန်းထဲ ၀င်ခဲ့လိုက်ပါတယ်။ ခုတင်ပေါ်လှဲရင်း အတွေးတွေနဲ့အတူ
ဒီညရော တော်တော်နဲ့ အိပ်လို့ ပျော်နိုင်ပါဦးမလား ညလေးရယ်.....
တော်သေးရဲ့ မနေ့က(အကျနေ့) တနေကုန် လည်တာတောင်မှ ဘာမှမဖြစ်လို့ အဖျားသွေးလဲ ကျမကို သတိမရတော့ဘူးနဲ့ တူပါရဲ့။ မင်းမင်း ဂရုစိုက်တာလဲ ပါပါတယ်လေ။ စားချိန်၊ သောက်ချိန်နဲ့ ကျန်တချိန်လုံး အနားမှာ ဘာလိုလို မရရအောင် ရှာဝယ်ပေးတာကိုး။ မနက်ပိုင်း လည်ပြီးတော့ မောမောပန်းပန်းနဲ့ အိပ်ပျော် သွားလိုက်တာ ဒီနေ့ စောစောနိုးနေလို့ တော်သေးရဲ့ မဟုတ်ရင် သူတို့တွေခမျာ မနေ့ကလို စောင့်နေရဦးမှာ။ ဒီနေ့တော့ စောစောနိုးနေတဲ့ ကျမ လုပ်စရာရှိတာတွေ သွက်သွက်လေးလုပ်၊ ဘုရားခန်းဝင် ၀တ်ပြုရှိခိုးပြီးတော့ အစား စားသောက်ရင်း သူတို့ကို အလာကို အခန်းထဲက စောင့်နေလိုက်ပါတယ်။ ကားသံနဲ့ ရီမောသံတွေ ကြားလို့ ကျမလဲ ပြတင်းကနေ အောက်ကို လှမ်းကြည့်တော့ သူတို့ကို မြင်ရတာ ပျော်စရာကြီးပါပဲ။ တက်ကြွ ဆူညံနေလိုက်ကြတာများ။
"သမီးရေ မပြီးသေးဘူးလား အောက်မှာ မင်းမင်းတို့တွေ ရောက်လာကုန်ကြပြီ၊ ဆင်းခဲ့တော့လေ"
ကျမလဲ မေမေ့အသံ ကြားပေမယ့် ပေကပ်ပြီး ဆက်ထိုင်နေပါတယ်။ မနေ့ကလဲ မင်းမင်းနဲ့ ရန်ဖြစ်ခဲ့သေးတယ် မဟုတ်လား။ သူက အစသန်သလို ကျမလဲ အကောက်သန်ပါတယ်။
"သမီး ဘာလုပ်နေလဲ ဆင်းခဲ့ဆိုတာ"
ကျမ ဘယ်လောက်ကြာအောင် ထိုင်နေမိလဲမသိ မေမေက စိတ်မရှည်သလို တက်လာရင်း မေးမှပဲ သတိဝင်ပြီး
"သမီး မလိုက်တော့ဘူးလို့ မင်းမင်းကို ပြောလိုက်မေ"
"ဒါက ဘာဖြစ်ရပြန်တာလဲ စိတ်ကောက်ပြန်ပြီလား၊ သမီးနော် အသက်လဲ မငယ်တော့ဘူး၊ ထစ်ကနဲဆို စိတ်ဆိုး စိတ်ကောက် နေတာပဲ၊ မလိုက်ရင်လဲ ဘာလို့ အ၀တ်လဲထားသေးလဲ၊ သွားမှာဖြင့် သွားတာမဟုတ်ဘူး သူများတကာတွေကို အားနာစရာ၊ ခုဆင်းခဲ့"
မေက အပြစ်တင် ပြောဆိုပြီး ဆင်းသွားတော့ ကျမလဲ ဂျာကင်နီလေးကို လက်ကကိုင်ရင်း လှေကားကနေ ဖြည်းညင်းစွာ ဆင်းခဲ့လိုက်ပါတယ် (ပုံစံကတော့ စိတ်ကောက် မပြေသေးတဲ့ ပုံနဲ့ပေါ့လေ)။
"ညလေးရယ် ကြာလိုက်တာဟာ ငါတို့စောင့်နေတာ ကြာလှပြီ၊ ဘာလဲ စိတ်ကောက်နေတုန်းလား ငါမနေ့က တောင်းပန်ပြီးပြီလေဟာ၊ ကျေသေးဘူးလား"
"မကျေပါဘူး၊ နင်က မဟုတ်တာတွေ ပြောတာကိုး။ ခုလဲ မေ့ကို မလိုက်တော့ဘူး ပြောခိုင်းတာ မေ အတင်းလိုက်ခိုင်းလို့"
မင်းမင်းရဲ့ အပြောကို ကျမလဲ စူပုတ်ပုတ် မျက်နှာနဲ့ မျက်စောင်းထိုးရင်း ပြန်ပြောမိတယ်။ တော်သေးရဲ့ မေနောက်ဖေး ရောက်နေလို့ မဟုတ်ရင် ဆူဦးမှာ။ ဒီနေ့မှ မင်းမင်းကလဲ ကျမနဲ့ဆင်တူ ဂျာကင်အဖြူရောင်လေး ၀တ်လို့ပါလား။ မှတ်မှတ်ရရ သူနဲ့ကျမ ဆယ်တန်းကို ဂုဏ်ထူးကိုယ်စီနဲ့ အောင်တဲ့အတွက် မေမေက လိုချင်တာဝယ်ဖို့ ပေးတဲ့ ပိုက်ဆံနဲ့ ဆင်တူဝယ်ထားတာပါ။ ကျမလဲ သူစကားဆက်ပြောနေမှာစိုးလို့ မဝေတို့နဲ့ ထွက်ခဲ့လိုက်ပါတယ်။
"မေရေ သမီးတို့ သွားတော့မယ်နော်"
"အေးအေး သမီး၊ သားရေ အပြန် မိုးမချုပ်စေနဲ့နော်"
မေမေ့ကို နှုတ်ဆက်တော့ မေက သူ့ကို တခုတ်တရ မှာနေပါသေးတယ်။ မေက သူ့ကို တခါတခါမှာ သားလို့ခေါ်ပြီး သိပ်ချစ်ပြသလို သူကလဲ မေမေလို့ ပြန်ခေါ်တတ်လို့ ကျမနဲ့လဲ ခဏခဏ ရန်ဖြစ်ရပါသေးတယ်။ ရန်ဖြစ်တိုင်းလဲ သူက မေတို့ကို တိုင်သလို ကျမကလဲ အန်တီမွန်တို့ကို သွားတိုင်ပြောပါတယ်။
"ညလေး နင်ဘယ်ဘက်မှာပဲ နေနော်၊ ညာဘက်က မဏ္ဏပ်တွေရှိတော့ နင်မွန်းလိမ့်မယ်"
အတွေးနဲ့ ကားပေါ်လှမ်းတက်နေတဲ့ ကျမဘေးကို ရောက်လာရင်း မှာနေတဲ့သူ့ကို မျက်စောင်းထိုးမိပေမယ့် လူကတော့ အလိုလို ဘယ်ဘက်ခြမ်း ကားခေါင်းနောက်မှာ ထိုင်မိရက်သား ဖြစ်နေပါတယ်။ ဒါကို ကားပေါ်ထိုင်နေတဲ့ မဝေက
"အင်းးး အကြင်နာတွေ အကြင်နာတွေ၊ တယောက်က စိုးရိမ်သလို တယောက်ကလဲ လိုက်နာတယ်" လို့ လှမ်းအပြောမှာ ကိုဝေရဲ့
"ဘာလဲ မနာလိုဘူးလား၊ ငါ့နားလာလေ၊ ငါလဲ ကြင်နာတတ်ပါတယ်ဟ" လို့
ပြန်အပြောနဲ့ မဝေရဲ့ ပြန်ရန်တွေ့သံတွေကြောင့် ကားပေါ်မှာ ရယ်သံတွေနဲ့ ဆူညံသွားပါတယ်။
နေရောင်လေး နည်းနည်းမြင့်လာတာနဲ့ မြို့ထဲက မဏ္ဏပ်တွေမှာလဲ လူစည်လာပြီး ရေပတ်လဲ ကြမ်းလာပါတယ်။ တနှစ်မှ သင်္ကြန်ရေနဲ့ မတွေ့ဘူးတဲ့ကျမ ရေစိုကြီးနဲ့ ကြာလာတဲ့ခါမှာ ချမ်းလာတော့ ၀တ်ထားတဲ့ ဂျာကင်လေးကို တင်းတင်းစေ့ လက်ကလေးပိုက်လို့ ကုပ်ကုပ်လေး ဖြစ်နေပါတယ်။ မျက်လုံးကတော့ များပြား လှတဲ့ မဏ္ဏပ်တွေကို လျှောက်ငေးနေရာက
"ညလေး သေချာကိုင်ထားဦးနော်၊ ချမ်းနေပြီ မဟုတ်လား၊ ဗိုက်ရောဆာပြီလား၊ ဒီတလမ်းပြီးရင် ထမင်းစားကြဖို့ ငါပြောထားတယ်"
အသံနဲ့အတူ နဘေးရောက်လာတဲ့ မင်းမင်းကိုကြည့်ပြီး ခေါင်းသာ ရမ်းပြမိပါတယ်။
"မချမ်းဘူးသာ ပြောတယ် လူကဖြင့်တုန်နေပြီး နှုတ်ခမ်းသားတွေလဲ ပြာနေပြီ၊ နေဦး ငါရှေ့ခန်းမှာ သဘတ် တောင်းလိုက်ဦးမယ်"
ပြောပြောဆိုဆို လှမ်းယူပြီး ကျမကို ခြုံလွှမ်းလို့ ပေးလာပါတယ်။ ကျမလဲ သူ့ကို ကျောပေးရင်း မငြင်းတော့ပဲ ဆက်ငေးနေရင်း ကားဘေးက ဖြတ်သွားတဲ့ လူတယောက်ရဲ့ လှမ်းပတ်လိုက်တဲ့ ရေတပုံးကြောင့် "အားးးးး" လို့ အော်လိုက်ပြီး ခန္ဓာကိုယ်ကို အလှည့်မှာ လူက မင်းမင်း ရင်ခွင်ထဲ ရောက်သွားပါတော့တယ်။
"ညလေး နင်မွန်းသွားသေးလား" မေးသံကြောင့် ခေါင်းခါပြီး သူ့မျက်နှာကို မော့ကြည့်တော့ စိုးရိမ်နေတဲ့ အကြည့်ကြောင့် တဖက်ပြန်လှည့်ရင်း ကျမ ရုန်းမိပါတယ်။
"နေပါဟာ နင်ပြုတ်ကျပါ့မယ်" သူက ဖယ်မပေးတဲ့ အပြင် တိုးဖက်လာရင်း
"ည နင်နဲ့ငါ လောင်းထားတာလေ လိုချင်တာပေးမယ်ဆိုတာ ခု ငါတောင်းရင် နင်ပေးမှာလား" နားနားကပ်လို့ တိုးဖွဖွအမေးကြောင့် လူက တွန့်သွားရင်း
"မသိဘူး" လို့ဖြေမိတယ်။ သူက
"ငါ ဘာလို့ နင် အလောင်းအစား လုပ်မယ်ဆိုတုန်းက လက်ခံခဲ့လဲ သိလား၊ နင့်ဆီက ဒီတိုင်းတောင်းရင် ပေးပါ့မလား၊ နင့်စိတ်က ပြောရတာမဟုတ်ဘူး ငါ့ကိုလဲ အရမ်းနိုင်တယ် မဟုတ်လား၊ ပြီးတော့ နင်ငြင်းရင် ငါဘာမှ တတ်နိုင်မှာ မဟုတ်ဘူး။ နင်တော့မသိဘူး ငါလေ နင့်ကို ဘယ်လို လောင်းရပါ့မလဲလို့ တွေးရင်း အဲ့ညက အိပ်မပျော်ဘူးဟာ၊ နင်မေ့နေပါစေလို့လဲ ဆုတောင်းလိုက်ရတာ အမောပဲ ပြီးတော့ အစောကြီးနိုးနေပြီး နင့်ကို လာစောင့်နေတာ၊ ငါ့ဆုတောင်း ပြည့်တယ်လို့ ပြောရမလားပဲ"
"ငါ မေ့တတ်တာ သိရဲ့သားနဲ့"
"နင်က ဂရုမထားတာပါ၊ ညလေး ဒီတခါတော့ ငါပြန်ပြီး အလျှော့မပေး နိုင်တော့ဘူးနော် ငါလိုချင်တာ နင်ပေးရမယ်နော်"
သူ့အပြောကို မတုန့်ပြန်ပဲ အကြာကြီး တိတ်ဆိတ်နေတဲ့ ကျမနားကိုကပ်လို့
"ငါ နင့်ကို အရမ်းချစ်တယ် ညလေးရယ်"
တိုးတိုးလေး အပြောကိုပဲ အနားမှာ ဗုံးတလုံးလာ ပေါက်ကွဲသလို အကျယ်ကြီးကြားပြီး ရင်ထဲထိတိုင် စိမ့်ဝင်သွားတယ်။ "မင်းမင်းရယ် နင်ရော ငါဘာဖြစ်နေလဲဆိုတာ မသိတော့ဘူးတဲ့လား၊ ငါဆိုးခဲ့တာ အနိုင်ယူ ခဲ့တာတွေ အားလုံးက နင့်လိုက်လျောတာ အလိုလိုက်တာ ခံချင်လို့ဆိုတာ" ကျမအတွေးတွေကို ခေါင်းယမ်းပြီး အထုတ်မှာ
"ညလေးရယ် ခုမပြောချင်ဘူးဆိုပေမယ့် မငြင်းလိုက်ပါနဲ့လား၊ နှစ်ဆန်းတရက်နေ့ ရောက်ရင် အဖြေပေးလေ၊ ငါအရမ်းသိချင်တယ်၊ ငါဝမ်းသာချင်တယ်ဟာ၊ နင့်အတွက်နဲ့ ခံစားနေရတာ ကြာလှနေပြီ"
ညည်းသလိုလိုလေး တိုးဖွဖွအပြောကြောင့် ကျမလဲ ခေါင်းညိတ်မိပါတယ်။
"မင်းမင်း"
"ဟင်"
"နင် အဲ့လို မကြည့်နဲ့ဟာ... ငါမနေတတ်ဘူး"
"ညလေးရယ် ငါဆိုတဲ့ကောင်က နင့်ကို အရိပ်ကို အမြဲတမ်း ကြည့်နေချင်သူပါ၊ အပျောက်မခံနိုင်ဘူးဆိုတာ နင်သိရဲ့နဲ့"
"အင်း... ငါသိပါတယ်။ မင်းမင်း နက်ဖြန်ခါ ငါ မလိုက်တော့ဘူးနော်"
"ဘာလို့လဲ ငါပြောလိုက်လို့လား"
"ဟုတ်ပါဘူး၊ ငါနားချင်တယ် ပြီး စဉ်းစားချင်လို့ပါ"
အမှန်ကတော့ မျက်နှာပူလှပြီ၊ ကြာကြာဆက်ပြောရင် တစ်ထိုင်တည်း အဖြေပေးမိမှာ စိုးလို့လဲ ပါတာကြောင့် စကားလမ်း လွှဲလိုက်ရတာပါ။
"သေချာစဉ်းစားနော်၊ ကောင်းတာလေးတွေချည်း ရွေးစဉ်းစား သိလား ကလေးမ"
နောက်ပြောသံနဲ့အတူ ခေါင်းကို ဖွဖွ ကိုင်လှုပ်မှုကြောင့် ကျမလဲ ဇတ်ကလေး ပုထားမိပါတယ်။ တခါတခါမှာ သူ အသည်းယားတိုင်း ပြုမှုတတ်တဲ့ အကျင့်လေးကို ငယ်တည်းက နှစ်ခြိုက်ခဲ့မိတာပါ။
သူ့ကို နှုတ်ခမ်းကိုက်ကာ ပြန်ကြည့်မိတော့
"နင်နော် ငါ့ကို အဲ့လိုမကြည့်နဲ့ စိတ်မထိန်းနိုင်ရင် မလွယ်ဘူး"
"ဟွန်း" ကျမလဲ မျက်စောင်း ပြန်ထိုးမိပါတယ်။
ခဏကြာတော့ ကားရပ်သွားပြီး
"လာ ညလေး ထမင်းသွားစားရအောင်"
သူရဲ့ ဂရုစိုက်မှုတွေနဲ့အတူ အားလုံးရဲ့ ပြုံးရွှင်ကြည့်၊ စနောက်လိုတဲ့ အကြည့်တွေအောက်မှာ ကျမ သူလက်တွဲခေါ်ရာ နောက်ကို လိုက်လာခဲ့မိပါတယ်။
"သူများတွေတော့ အဆင်ပြေကုန်ကြပြီဟေ့ ငါတို့ပဲကျန်တော့တယ်"
ကိုဝေရဲ့ လှမ်းနောက်သံ နောက်မှာ ရယ်သံလေးတွေ ကပ်ပါလာပါတယ်။
တစ်လမ်းလုံးလဲ သူ့ရဲ့ ဂရုစိုက်မှုတွေနဲ့ ပျော်မွေ့ခဲ့ရတဲ့ ကျမ ကားရပ်လို့ ကြည့်လိုက်တော့မှ အိမ်ရောက်လာပြီမှန်း သိတော့တယ်လေ။ ကိုဇော်နဲ့ ကိုဝေတို့ဆီက
"အန်တီရေ နှစ်ယောက်လုံးကို အိမ်တိုင်ရာရောက် ပြန်ပို့ခဲ့ပြီနော်၊ မင်္ဂလာသတင်းလဲ မကြာခင်ကြားရတော့မှာ အန်တီရဲ့" လို့ သံပြိုင်အပြောကို
"ဟေ့ရောင်တွေ သွားမှာသွားပါကွာ မင်းတို့ အသံဗြဲနဲ့ အော်နေတာ မေက တစ်မျိုးထင်နေပါ့မယ်"
မင်းမင်းရဲ့ ပြန်ပြောသံတွေကို ရှက်ရွံ့စွာနဲ့ ကျမလဲ ကျောခိုင်းလို့ အိမ်ထဲ ပြေးဝင်ခဲ့မိပါတော့တယ်ရှင်။
နှစ်ဆန်းတစ်ရက်နေ့ ရောက်ဖို့ကို မျှော်နေရင်း ကျမ ဒီညလဲ တော်တော်နဲ့ အိပ်မပျော်ဘူးလေ.....
အတက်နေ့ - ဒီနေ့တော့ ကျမ အစောကြီး နိုးလာလို့ ပြတင်းဆီက တိုက်ခတ်လာတဲ့ လေနုအေးနဲ့အတူ ရီမောသံတွေ လွင့်ပျံ့လာတော့ ပြန်တင်းကနေ ဟိုဘက်အိမ်ကို လှမ်းကြည့်မိတဲ့ခါမှာ ကားပေါ်ကနေ ဆူညံစွာ အော်ဟစ် နောက်ပြောင်နေတဲ့ ကိုဇော်တို့ အသံတွေ မဝေတို့ ရန်တွေ့သံတွေနဲ့ အိမ်ထဲက ခုမှ ထွက်လာတဲ့ မင်းမင်းက ညလေးရှိရာ လှမ်းကြည့်ရင်း ပြုံးပြနေတဲ့ ပုံရိပ်လေးရယ်၊ ကိုဝေတို့ ကားပေါ်ကို အတင်းဆွဲခေါ်နေတဲ့ ကြားက သူဆီကနေ လက်ညှိုးလေး တစ်ချောင်းထောင်လို့ အသာယမ်းပြရင်း "မမေ့နဲ့နော်" ဆိုတဲ့ မှာပုံလေးကို ကျမ ချစ်မြတ်နိုးစွာ ပြုံးမိရင်း သူတို့ဆီ လက်လှမ်းပြဖြစ်ပါတယ်။
အင်း.... ဒီနေ့ တစ်နေ့တာကျတော့ ကုန်ခဲလိုက်တာနော်... ဘာလိုလိုနဲ့လဲ သင်္ကြန်ဆိုတာကြီး ပြီးတော့မှာပဲ....
ညနေပိုင်း အိမ်ရှေ့သန့်ရှင်းရင်း ကျမရဲ့ ရောက်တတ်ရာရာ အတွေးတွေနဲ့အတူ ပင်လုံးကျွတ်တမျှ မြိုင်နေအောင် ပွင့်လန်းနေတဲ့ ပိတောက်ပင်ကြီးကို ကြည့်ရင်း မနေ့က အဖြစ်တွေကို ပြန်မြင်ယောင် နေမိတယ်လေ။ ဒီမှာပဲ..
"ကလင်........."
ဖုန်းလေးဆီက စူးရှတဲ့ အော်မြည်သံကြောင့်
"ဟင်း... ဆက်ပြန်ပြီ ဒီမင်းမင်း တစ်ယောက်တော့၊ တစ်နေ့လုံးပဲ ပြီးမပြီးနိုင်ဘူး"
ဟုတ်ပါတယ်။ ကားရပ်လိုက်တိုင်း ဖုန်းရှိတဲ့နေရာကနေ ဆက်နေတယ် ဆိုတဲ့ မင်းမင်းအပြောနဲ့ ထမင်းစားချိန် စားရဲ့လား၊ တရေးအိပ်ရဲ့လားနဲ့ စိုးရိမ်တကြီး ပူပန်ပြီး တစ်နေ့လုံး ဆက်နေတာလေ။ ခုလဲ ဖုန်းခွက်လေးကိုင်လို့ ကျမအထူးကို ငံ့လင့်နေမယ့် မင်မင်းကို မြင်ယောင်ရင်း ဖုန်းကို ကိုပြီး "ဟယ်လို" အထူးမှာတော့......
"ညလေးလား မဝေပါ၊ မဝေတို့ ခု ဆေးရုံမှာရောက်နေတယ်၊ ယာဉ်တိုက်မှုဖြစ်လို့ မင်းမင်းကိုလဲ ခုတင်ပဲ Operation ခန်းထဲ သွင်းလိုက်ရတယ်"
"ရှင်.... ဘယ်လို၊ ခုဘယ်မှာလဲ၊ ဟုတ်.... ဟုတ်..... ညလေးတို့ ခုပဲ လိုက်လာခဲ့မယ်"
ပြောနေရင်း စီးကျလာတဲ့ မျက်ရည်ကို လက်ခုံနဲ့ ပွတ်သုတ်လို့ မေ့ရှိရာ အပြေးသွားလို့
"မေ.... မေမေ.... မင်းမင်းတို့ ကားအက်ဆီးဒင့် ဖြစ်လို့တဲ့၊ ခုပဲ မဝေဖုန်းဆက်တယ်၊ မင်းမင်းကိုလဲ Operation ခန်းထဲ သွင်းလိုက်ရတယ်တဲ့ အီး......... အန်တီ့ကို မေပဲ ပြောလိုက်တော့ သမီး ကားသွားထုတ်လိုက်ဦးမယ်"
မေမေလဲ ပြာယာခတ်ကာ ဘာလုပ်ရမှန်းမသိ ဖြစ်နေတဲ့ ကျမကို ဘာမှမပြောပဲ အန်တီမွန်ရှိတဲ့ ဘက်ကို ကူးသွားပြီး ခေါ်လာတော့ အန်တီမွန်လဲ မျက်ရည်စက်လက်နဲ့ ပါလာရင်း ကျမမောင်းမယ့် ကားပေါ် တက်လိုက်တယ် ဆိုရင်ပဲ မေတို့ အထိုင်မကျသေးခင် ကျမလဲ ကားကို မောင်းထွက်ခဲ့လိုက်ပါတယ်။ မေရဲ့ ကားတံခါးပိတ်ရင်း "ဟဲ့ သမီး ဖြည်းဖြည်းမောင်းနော်" ဆိုတဲ့ အသံလဲ ကျမကို တိုးမပေါက်တော့ပါဘူး။
ကျမ ကားမောင်းတိုင်း နဘေးကနေ စိတ်ပူစွာနဲ့ မနေနိုင် မထိုင်နိုင် အလုပ်ပစ်ပြီး လိုက်ပါတတ်တဲ့ မင်းမင်း၊ ကျမ ဖျားနာတိုင်း ဘယ်မှ မသွားနိုင်ပဲ အနားမှာ လိုသမျှ ဆောင်ကျဉ်းပေးတတ်တဲ့ မင်းမင်း၊ ကျမကို အလိုလိုက် အလျော့ပေးတတ်တဲ့ မင်းမင်း၊ ငယ်တုန်းကများ ကတ်ကြေးတစ်လက် လက်ထဲရောက်လို့ သူ့ဆံပင်ကို မညှပ်ရမချင်း အာဗြဲနဲ့ အော်ငိုတတ်တဲ့ ကျမကိုအလိုလိုက်ပြီး ငြိမ်ခံပေးပြီးကာမှ ကတုံး တုံးလိုက်ရတဲ့ မင်းမင်း၊ သင်္ကြန်ရောက်လို့ အိုးမဲသုတ်ဖို့ ကြိုးစားတိုင်း မသုတ်ရသေးခင် မျက်စိမှိတ်ပြီး အော်ငိုတတ်တဲ့ ကျမ အလိုကျ သူ့မျက်နှာသာ သူပြန်သုတ်လို့ မိဘတွေကတောင် ပြောရတဲ့အထိ ဖြစ်ခဲ့တဲ့ မင်းမင်း။ "အို.... ကျမချစ်ရတဲ့ မင်းမင်း ဘာမှ မဖြစ်ပါစေနဲ့ ဘုရား....."
လို့ တိုးတိတ်စွာ ဆုတောင်းမိပါတယ်။
ဆေးရုံဝင်းထဲ ကားချိုးဝင်လိုက်ရင်း ကားကို စက်မသပ်ပဲ လူက အပြေးတစ်ပိုင်း အဆောက်အဦထဲ ၀င်ခဲ့လိုက်ရင်း မဝေပြောတဲ့ အခန်းနံပါတ်ရောက်ဖို့ အချိန်တွေ တစ်ကမ္ဘာလောက် ကြာလိုက်တာလို့ အောက်မေ့မိပါတယ်။ အခန်းတစ်ခုရှေ့မှာ ရပ်စောင့်နေတဲ့ မဝေကို အဆင်သင့်တွေ့ရပြီး သူ့ဆီက
"တစ်ဖက်ကားသမား မူးပြီးမောင်းတာ မထိန်းနိုင်လို့ မဝေတို့ဘက် ခေါင်းလှည့်လိုက်တာမှာ သူ့ကို အရှောင်ကောင်းလို့ နောက်ဖက်မှာ သတိလက်လွတ်ထိုင်နေတဲ့ မင်းမင်း လွင့်ကျသွားတာ"
ဆိုတဲ့ မဝေအပြောကို ကြားတစ်ချက် မကြားတစ်ချက်ကြားကပဲ ကျမကို သတိရရင်း သတိလက်လွတ် စိတ်နဲ့ကိုယ် မကပ်တဲ့ မင်းမင်း၊ ကားလမ်းမပေါ် အထိန်းအကွပ်မဲ့ ပြုတ်ကျသွားမယ့် မင်းမင်း၊ လမ်းမပေါ်မှာ သွေးသံရဲရဲနဲ့ မင်းမင်းကို မျက်လုံးထဲ အနှေးပြကွက်တစ်ခုလို မြင်ယောင်လာရင်း မျက်စိကို မှိတ်ထားလိုက်မိပါတယ်။ နောက်ထပ် ဘာစကားမှ ထပ်နားထောင်နိုင်စွမ်း မရှိတော့လို့ ကျမလဲ ထောင့်တစ်ထောင့်ကို သွားပြီး Operation ခန်းတံခါး အဖွင့်ကိုစောင့်ရင်း ရသမျှဘုရားစာတွေကို ရွတ်နေမိတော့တယ်။
ဘယ်လောက်ကြာသွားလဲ မပြောနိုင်တော့ပဲ အခန်းတံခါးမ ပွင့်လာပြီး တွန်းလှည်းလေး ထွက်လာတဲ့ခါ အနားကို အပြေးသွားရင်း တွန်းလှည်းပေါ် ပက်လက်အနေအထား ပတ်တီးအဖွေးသားနဲ့ မင်းမင်းကို မကြည့်ရက်ရက် ဖြစ်နေတုန်း ဆရာမက ခေါင်းခါပြလိုက်တဲ့ခါမှာ ကျမရဲ့ မျက်ရည်များစွာဟာ မျက်လုံး တံခါးပေါက်က တစ်ဆင့် အပြင်လောကကို အတားအဆီးမရှိ ကျဆင်းလာပါတော့တယ်။
"ဦးခေါင်းနဲ့ ပလက်ဖောင်း ရိုက်မိတဲ့ ဒဏ်ကြောင့် ဦးနှောက်သွေးယို သွားတာ၊ ကျမတို့လဲ အတတ်နိုင်ဆုံး ကြိုးစားပါသေးတယ်"
ဆရာမလေးရဲ့ ရှင်းပြမှုကို ကျမနှလုံးသားက ဘယ်လိုမှ လက်သင့်မခံနိုင်ခဲ့ဘူး။
"နင်မသေပါဘူးနော်၊ ဒီပုံစံမျိုးနဲ့ ငါ့ကိုခွဲသွားရက်မှာ မဟုတ်ပါဘူးနော်၊ နင် ငါ့ကို ပြောပါဦးလား"
မင်းမင်းကို လှုပ်နှိုးလို့သာ မေးခွန်းတွေ တန်းစီမေးလိုက်ချင်ပါတော့တယ် ကျမရင်ထဲက တင်းကြပ်တဲ့ ခံစားမှုကို ဆက်ပြီး မခံစားနိုင်လွန်းတော့လို့ပါ။
"ည....လေး....."
မင်းမင်းရဲ့ ခေါ်သံတိုးဖွဖွလေးကို အကြား သူ့နားရှိနေတဲ့ကျမ သူ့ပါးစပ်နားကို နားလေးကပ်လိုက်ရင်း
"ည ငါ နင့်နားမှာ.... အမြဲ ရှိနေမယ်..... သိလား... နင်... အား မငယ်နဲ့ နော်........"
"ငါ.....လေ"
"မပြောပါနဲ့တော့.... ညလေးရယ်.... ငါသိပြီးသား ပါ......."
"ဟင့်အင်း.... ဟင့်အင်း... ပြောပါရစေ မင်းမင်းရယ် နင့်နားနဲ့ ကြားစေချင်တယ်"
ကျမ သူ့နားနားကို တိုးကပ်ရင်း တိုးတိုးလေး ရေရွတ်လိုက်တယ်။
"ငါလဲ နင့်ကို အရမ်းချစ်ခဲ့ပါတယ် မင်းမင်းရယ်၊ နောက်ပြီး နင့်ကို မခွဲနိုင်ဘူး"
ကျမ လျင်မြန်စွာပဲ ပြောချလိုက်မိတယ်၊ ဒါဟာ ပြောခွင့်မရလိုက်မှာ သူ ကြားမသွားမှာ စိုးထိတ်လွန်းလို့ပါ၊ ကျမကို သူ နားလည်မှာပါ၊ ပြောပြီး သူ့နဖူးပေါ် ၀ဲကျနေတဲ့ ဆံစလေးတွေ သပ်တင်ပေးရင်း ချိုမြိန်တဲ့ အနမ်းတစ်ပွင့် ပေးလိုက်တယ်။ နှုတ်ဆက်အနမ်းတော့ မဟုတ်ဘူးပေါ့ မင်းမင်းရယ်၊ ချစ်ခြင်းရဲ့ သင်္ကေတ အမှတ်တံဆိပ်လေးပါ၊ နင်ယူသွားနိုင်အောင်လေ။ ကြိုတင်သိခွင့်ရှိနေတဲ့ ခံစားမှုမျိုးက ရင်ထဲကို ဆို့ကြပ်နေစေတော့လဲ မျက်ရည်ဆိုတာ လွယ်လွန်းလှချည်လားလို့ ပြောရမလောက်ပဲလေ ကြိုမသိခဲ့ရင်တောင် အဲ့လောက် ခံစားနေရမှာမဟုတ်ဘူးပေါ့၊ ခုနေ ကျမထင်မြင်ချက်ကို ဖွင့်ပြောမိရင် ရူးတယ်လို့များ နင်ပြောဦးမှလားးး မင်းမင်း။
"ငါရောပဲ ညလေး၊ မေမေရော သားကို စိတ်မပူနဲ့နော်၊ ဘာမှ.. မဖြစ်ဘူး မေမေ သား သက်သာပါတယ်....."
အန်တီမွန်ဘက် လှည့်လို့ ပြောလိုက်တဲ့စကားက တိုးလျလျ ထစ်ငေါ့ငေါ့ သူ့စကားက လူတိုင်းရင်ကို နင့်စေမှာပါ။ အဲ့လောက်တောင် သိတတ်လွန်းတဲ့ သားတစ်ယောက်ကို အမေဖြစ်သူကရော ခွဲရက်ပါ့မလား။
"ဘယ်လိုဖြစ်ရတာလဲ သားလေးရယ် အမေတော့ ရင်ကျိုးပါပြီ" ဆိုတဲ့ အန်တီမွန့်ငိုသံ နဲ့ သူငယ်ချင်းတွေရဲ့ ယူကျုံးမရ ပြောဆိုသံ ကြေကွဲစွာ ငိုကြွေးသံတွေကို ကျောခိုင်းလို့ ကျမလဲ အမှောင်လောကထဲ တဖြည်းဖြည်း တိုးဝင်သွားခဲ့တယ်။
~~~~~~
"မင့်အန်တီလေးက တစ်မျိုးပဲနော်၊ ဘယ်သူကိုမှလဲ စကားမပြောသလိုပဲ ငါလာတာ သုံးလေးခေါက်ရှိပြီ ရီတာမပြောနဲ့ ပြုံးနေတာတောင် မတွေ့ရဘူး"
"အင်း တီလေးက ဦးမင်းမင်း ဆုံးသွားပြီးတည်းက ဘယ်သူနဲ့မှ စကားအကြာကြီး မပြောတော့ပဲ လုပ်စရာရှိတာ လုပ်ပြီးရင် အခန်းထဲ သွားရင်သွား မသွားရင် ပြတင်းပေါက်ကရပ်ပြီး ပိတောက်ပင်ကြီးကို ငေးကြည့်ပြီး နေတော့တာပဲ"
"ဒါနဲ့ ဟိုတစ်ပါတ်က မင်းနဲ့ ရန်ဖြစ်သေးတယ်ဆို၊ အန်တီပြောတယ်"
"ရန်ဖြစ်တာတော့ မဟုတ်ပါဘူးကွာ ငါ့ကို ပြောမရလို့ ငါကလဲ ပြန်ပြောတော့ စကားများကြတာပါ၊ အမေတို့က တီလေးကို ပြန်မပြောရဘူး ပြောပြီး ငါ့ကိုဆူတယ်လေ၊ ငါလဲ နောက်တော့ စိတ်မကောင်းဖြစ်ရတာပါပဲ၊ သူက ကောင်းစေချင်လို့ စိတ်ပူလို့ စေတနာနဲ့ ပြောတာကို ငါက ဘုကလန့်သွားပြောမိလိုက်တာ"
"ဘာအကြောင်းနဲ့မို့လဲ"
"ငါအရက်သောက်လို့လေ၊ ဟိုတလောက မင်းတို့နဲ့ညဘက် သောက်တာ နည်းနည်းများသွားပြီး အိမ်ပြန်မိုးချုပ်တယ်လေ အမေတို့လဲ အိပ်ကုန်ပြီ တီလေးပဲ စိတ်ပူပြီး ငါ့ကိုစောင့်ပေးနေတာ။ ဦးမင်းမင်းက အရက်သမားတစ်ယောက်ရဲ့ပေါ့ဆမှုကြောင့် သေဆုံးခဲ့ရလို့ အရက်ကို မုန်းတယ်ကွ။ ငါ့ကိုလဲ အရက် အလွန်အကျွံ မသောက်ဖို့၊ အရက်ဟာ လူ့စိတ်ကိုပျောက်စေတယ်ဆိုပြီး မကြာခဏ ပြောတယ်၊ ငါ့ကိုချစ်ပေမယ့် အရက်သောက်လာရင် စကားတောင် သိပ်မပြောတော့ဘူး၊ အရက်သောက်ပြီးတော့များ ကားတက်မောင်းမယ် လုပ်ရင် သူက အတင်း ၀င်ဆွဲတော့တာပဲ"
"အင်းလေ ဖြစ်သင့်ပါတယ် ချစ်ရတဲ့သူတစ်ယောက်လုံး ဆုံးရှုံးခဲ့တာ မဟုတ်လား"
"မနေ့ကလဲ ငါ သင်္ကြန်လည်ဖို့အတွက် အမေ့ဆီ ခွင့်တောင်းနေတာ ကြားသွားပြီး သင်္ကြန်လည်ရင် သတိနဲ့လည်ဖို့ အရက်မသောက်ဖို့နဲ့ မူးနေတဲ့သူ မောင်းတဲ့ကားကို မစီးဖို့ ဖြစ်နိုင်ရင် အိမ်စောစောပြန်ဖို့တွေ တစ်သီကြီး မှာနေတာများ ငါလေ နားထောင်ရင်းနဲ့ တီလေးကို သနားလာတယ်။ မေတို့ပြောတော့ ဖြစ်စတုန်းကဆို ဘယ်သူမှ အတွေ့မခံပဲ အခန်းချည်း အောင်းနေတာ မနည်း ပြောယူရတယ်တဲ့။ နောက်ပိုင်းမှာ ဘုရားသွား၊ ရိပ်သာဝင်၊ တရားထိုင်နဲ့ သူ့အလိုလို အနည်ထိုင်လာတာ။ စကား နည်းသွားတာကလွဲရင် ပုံမှန်ပြန်ဖြစ်လာလို့ ၀မ်းသာနေကြတာလေ။ အဘွားဆို သူ့သမီးလေး စကားလေး တစ်ခွန်းလောက် ၀င်ပြောရင်ပဲ ကြည်နူးနေတာ ပြောမပြနိုင်အောင်ပဲတဲ့။ အိမ်မှာ လူတိုင်းက သူ့စိတ်တိုင်းကျ နေပေးနေကြတယ်။ အရမ်းလိမ္မာတဲ့ သမီးမို့လဲ ခံစားနေကြရတာ။ အဖေတောင် သူ့ရှေ့ဆို အရက်မသောက်ဘူးကွ"
သားငယ်နဲ့ သူ့ သူငယ်ချင်းတို့ရဲ့ အသံတွေကို ကျောခိုင်းလို့ ပြတင်းတံခါးကနေ ခွါခဲ့လိုက်ပါတယ်။ ကျမရဲ့ အတွေးတွေကတော့ ဟိုတစ်ချိန်ဆီက မင်းမင်းနဲ့ ညလေးတို့ကို ပြန်ပြောင်း အောက်မေ့ရင်း ဝေ့၀ဲလာတဲ့ မျက်ရည်စတွေကို အနိုင်နိုင် ထိန်းနေရဆဲပါပဲ။ မျက်ရည်မကျအောင် ထိန်းရတာ ခက်ခဲတဲ့ အလုပ်ဆိုတာ ရင်ထဲမှာ မွန်းကြပ် ဆို့နင့်စွာ ခံစားရတဲ့သူတိုင်း စာနာနိုင်မှာပါ။
မြန်မာတို့ရဲ့ တစ်ဆယ့်နှစ်လ ရာသီပွဲတော်တွေထဲမှာ သူသူငါငါ ပျော်နိုင်ကြတဲ့ ရိုးရာသင်္ကြန်ပွဲကို အရုပ်ဆိုးစေတဲ့ အရက်သေစာ သောက်စားခြင်းဆိုတာ ဘယ်သူစခဲ့လဲ မသိပေမယ့် နှစ်စဉ်နှစ်တိုင်း မရိုးနိုင်အောင် သောက်စားပျော်ပါးကြရင်း စတေးခဲ့ရတဲ့ အသက်ပေါင်း ဘယ်လောက်တောင် များနေရပြီလဲ။ မကောင်းမှန်း သိရက်နဲ့ လူ့သဘာဝကိုက အပျော်ဆိုတာကို ကြံဖန် ရှာဖွေနေကြတာပဲလေ။ ဒီနှစ်မှာလဲ ပျော်ရွှင်ကြမယ့် သူတွေအားလုံး ဘေးအန္တရာယ် ကင်းဝေးကြစေဖို့ ဆုတောင်းနေယုံက လွဲပြီး ကျမရော ဘာများ တတ်နိုင်ဦးမှာလဲ။
ညလေး စမ်းသပ်ပြီး ရေးကြည့်ထားတာပါ။ ကောင်းရင်ကောင်းတယ် မကောင်းရင်လဲ မကောင်းဘူး ဆိုတာကို ဝေဖန်ပေးကြမယ်လို့ ထင်ပါတယ်။ ဖတ်ပြီးတော့ အနည်းငယ်မျှသော နှုတ်ခမ်း ထောင့်စွန်းလေး ကော့တယ်ဆိုယုံ ပြုံးဖြစ်တယ် ဒါမှမဟုတ် ရသလေး တခုခုကို ခံစားသွားရတယ် ဆိုရင်လဲ ကျေနပ်ပါတယ်။
*****တံခါးမကြီးက ဖြတ်လို့ ခြံထဲအရောက်မှာတော့ "ဗွမ်းးးးးး" အသံနဲ့အတူ တကိုယ်လုံး ရွှဲရွှဲစိုသွားလို့ ကြွက်စုတ်လေး ပမာ ဖြစ်သွားတဲ့ ကျမ ကြည်နူးမှု အတွေးတွေ လွင့်ခနဲပျောက်လို့ ဒေါသရောင် လွှမ်းနေတဲ့ မျက်လုံးနဲ့ အသံလာရာ လှည့်ကြည့်မိတဲ့ခါမှာ ပြုံးဖြီးဖြီးမျက်နှာနဲ့ ကျမကို မျက်နှာချိုသွေးပြီး ရပ်ကြည့်နေတဲ့ "မင်းမင်း" ကိုတွေ့လိုက်ရတော့တာပါပဲ။ သူ့ကိုတွေ့မှ ကျမရဲ့ ဒေါသတွေ ပိုလို့ ပေါက်ကွဲကုန်ရပါတယ်။ သူရပ်နေတဲ့ ခြံစည်းရိုးစပ်နား သွားလို့ ခါးထောက်ပြီး

သစ္စာ
ငါမငိုချင်ဘူး
မငိုရက်ဘူးးး ချစ်သူ
နင်မရှိတော့တာမှ မဟုတ်တာ
သူများတွေက နင်သေဆုံးပြီလို့
ဘယ်လိုပဲပြောနေပေမယ့်
ငါ့အတွက်ကတော့
နင်က အစဉ်အမြဲ ရှင်သန်နေလျှက်ပါ။
ငါတယောက်တည်းမဟုတ်ဘူး
ဘယ်တော့မှ အထီးမကျန်ဘူး
ဘယ်သူတွေက ဘာပဲပြောပြော
နင့်ဘေးနားမှာ ငါအမြဲရှိနေမယ်ဆိုတဲ့
နင်ပြောခဲ့တဲ့စကားကြောင့်
ငါ့နားမှာ နင်အမြဲရှိနေတယ်လို့
ငါယုံကြည်နေတယ်။
ငါမလိုချင်ဘူး
ငါဘယ်တော့မှ အဖော်မရှာဘူး
ဘေးလူတွေ ဘယ်လိုပဲ တိုက်တွန်းနေကြပါစေ
ငါ့နှလုံးသားထဲက နင်လောက်
သန့်စင်စွာ ချစ်တတ်မယ့်သူ
နောက်ထပ် ရှိလာတော့မှာ မဟုတ်ဘူး။
ရိုးသားစွာ၊ သစ္စာရှိပြီး ကြင်နာတတ်တဲ့ နင့်ကို
ငါအချိန်တိုင်း သတိရနေမှာပါ
မပျောက်ပျက်မယ့် အချစ်တွေနဲ့ပေါ့။
ကျမရဲ့ ဒိုင်ယာရီကတော့ ခုထိ ငိုရှိုက်သံတွေနဲ့ ပြည့်နှက်နေတုန်းပဲလေ.....
*****မငိုရက်ဘူးးး ချစ်သူ
နင်မရှိတော့တာမှ မဟုတ်တာ
သူများတွေက နင်သေဆုံးပြီလို့
ဘယ်လိုပဲပြောနေပေမယ့်
ငါ့အတွက်ကတော့
နင်က အစဉ်အမြဲ ရှင်သန်နေလျှက်ပါ။
ငါတယောက်တည်းမဟုတ်ဘူး
ဘယ်တော့မှ အထီးမကျန်ဘူး
ဘယ်သူတွေက ဘာပဲပြောပြော
နင့်ဘေးနားမှာ ငါအမြဲရှိနေမယ်ဆိုတဲ့
နင်ပြောခဲ့တဲ့စကားကြောင့်
ငါ့နားမှာ နင်အမြဲရှိနေတယ်လို့
ငါယုံကြည်နေတယ်။
ငါမလိုချင်ဘူး
ငါဘယ်တော့မှ အဖော်မရှာဘူး
ဘေးလူတွေ ဘယ်လိုပဲ တိုက်တွန်းနေကြပါစေ
ငါ့နှလုံးသားထဲက နင်လောက်
သန့်စင်စွာ ချစ်တတ်မယ့်သူ
နောက်ထပ် ရှိလာတော့မှာ မဟုတ်ဘူး။
ရိုးသားစွာ၊ သစ္စာရှိပြီး ကြင်နာတတ်တဲ့ နင့်ကို
ငါအချိန်တိုင်း သတိရနေမှာပါ
မပျောက်ပျက်မယ့် အချစ်တွေနဲ့ပေါ့။
ကျမရဲ့ ဒိုင်ယာရီကတော့ ခုထိ ငိုရှိုက်သံတွေနဲ့ ပြည့်နှက်နေတုန်းပဲလေ.....
ညလေး စမ်းသပ်ပြီး ရေးကြည့်ထားတာပါ။ ကောင်းရင်ကောင်းတယ် မကောင်းရင်လဲ မကောင်းဘူး ဆိုတာကို ဝေဖန်ပေးကြမယ်လို့ ထင်ပါတယ်။ ဖတ်ပြီးတော့ အနည်းငယ်မျှသော နှုတ်ခမ်း ထောင့်စွန်းလေး ကော့တယ်ဆိုယုံ ပြုံးဖြစ်တယ် ဒါမှမဟုတ် ရသလေး တခုခုကို ခံစားသွားရတယ် ဆိုရင်လဲ ကျေနပ်ပါတယ်။
0 comments:
Post a Comment