NyAlAy
အချိန်ပေး၍ လာရောက်ဖတ်ရှုသူများကို ကျေးဇူး အထူးတင်ရှိပါတယ်။ နှစ်သစ်မှာ ပျော်ရွှင် ငြိမ်းချမ်းကြပါစေ....

Jan 3, 2009

ဗလာ

ငါ့ကမ္ဘာလေး
ခဏတာ နေကြတ်သွားတဲ့ခါ
ငါ့ရဲ့စိတ်တွေ
အဝေးကြီးကို
လွင့်ထွက်သွားတယ်...
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Apr 27, 2008

လူထဲကလူ

ငါက လူထဲက လူတစ်ယောက်ပေါ့
အများသူငါလိုပါပဲ
အသားဆိုင်လုံးလုံးကြီးပေါ်မှာ
ဆံပင်ဆိုတဲ့
မည်းမည်းအမျှင် ရှည်ရှည်တွေ
ပေါက်နေတယ်လေ။

ဟို ဒီ ကြည့်လို့ရမယ့်
မျက်လုံးဆိုတာက ၂ လုံးပါတယ်
သူ့အပေါ်မှာတော့
မျက်ခုံးမွှေးဆိုတာတွေပါတာပေါ့ဗျာ
မပါရင် အကြည့်ရတယ်ဆိုးသကိုး။

အသက်ရှူဖို့ဆိုပြီး
နှာခေါင်းလို့ခေါ်တဲ့
ရှည်မျောမျော အခေါင်းပေါက်
၂ပေါက်လဲ ပါလေရဲ့။

စားချင်စိတ် ဖြစ်လာရင်
စားရမယ့် ပါးစပ်ပေါက်ကတစ်ပေါက်
သြော် စကားပြောလို့လဲရတယ်လေ။

မေ့တော့မလို့ မေ့တော့မလို့
သူတစ်ပါးပြောစကားတွေ
နားထောင်ဖို့ဆိုပြီး
နားရွက်ဆိုတာလဲ ပါသေးတယ်
ချင့်ချိန်ဖို့က ကိုယ့်တာဝန်လေ။

တစ်ခုချင်းကြည့်ရင် မလှပေမယ့်
အကုန်ပေါင်းစပ်လိုက်ရင်
အဲ့ဒါကို ဦးခေါင်းလို့ခေါ်ကြတယ်။

လူလူချင်းတော့
ကြည့်ပျော် ရှုပျော် ရုပ်ရည်မျိုးရှိတယ်ဗျ
တစ်ခြားကမ္ဘာကတော့ ရုပ်ဆိုးတယ်ပြောမလားပဲ...
အသံကလဲ နားထောင်ကောင်းတယ်ပေါ့ဗျာ။
ထားလိုက်ပါ ထားလိုက်ပါ...

တစ်ခုခု လိုရင် ယူငင်နိုင်အောင်
အသုံးပြုရလွယ်ဖို့ လက်ဆိုတာက
၂ ဖက်ကြီးများတောင် ပါတယ်ဗျ။
ဦးခေါင်းနဲ့ ဆက်သွယ်ဖို့
လည်ပင်းဆိုတာကလဲ လိုအပ်တာပဲ။
အဲ့ဒီကမှ တစ်ဆင့်
ရင်ဘက်
ဝမ်းဗိုက်
ဒီ့ပြင် ဒီ့ပြင့်ဟာတွေ
ပါသေးတယ်ဗျာ
မပြောတော့ဘူးနော...
ခြေထောက်ဆိုတာကတော့
ဟိုနားဒီနား လမ်းသလားလို့ ရတာပေါ့၊
ကျေးဇူးပဲ....

ဒါ့ကြောင့်
ပြောရမယ်ဆိုရင်
လူသတ္တ၀ါတဲ့လေ....

တစ်ချို့တွေက
စိတ်ညစ်တယ် စိတ်ညစ်တယ်...
ညည်းနေလိုက်ကြတာများ
လိပ်ဖြစ်ရင်တောင်
အခွံထူပါတယ်
ပြောကြဦးမယ်။

တယ်ခက်သကိုး
ရတာမလို လိုတာမရနဲ့
အဲ့လိုများပြောလိုက်ရင်
နင်ကရောလူမဟုတ်ဘူးလားလို့
ပြန် လာမေးကြလိမ့်မယ်။

လူတော့ လူပါပဲ
ဒါပေမယ့်
လိုချင်တာတွေ မများ
စိတ်ညစ်မှုတွေ ဘေးဖယ်ထားပြီး
လူပီသအောင် ကြိုးစားနေတဲ့
လူထဲကလူတစ်ယောက်ပါ။
ဒါ့ကြောင့် တစ်ချို့ဆို
ရှိတဲ့ အသက်ထက် တစ်ဝက်လောက်
ငယ်နေတယ်လို့ သမုတ်ကြလေရဲ့။ :P
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Mar 6, 2008

ကပေါက်တိ ကပေါက်ချာ

စည်းကမ်း စည်းကမ်း နဲ့
လာလာမပြောစမ်းနဲ့
စကားလုံးတွေတောင်
အရောင်မှိန် မှိန်သွားတယ်...

သူ့ဖာသာနေပါစေလေ
နင်တို့တွေ ၀င်ဝင်မပါနဲ့
အချိန်က စကားပြောပါလိမ့်မယ်။

လူတိုင်းက တစ်မျိုးစီး ရူးနေကြတာပဲ
လောကကြီးကတော့ လှနေမြဲပေါ့။

အချိန်တွေ ရွေ့လျားနေသလို
လူတွေလည်း သေနေကြဦးမှာပဲ။

မွေးဖွားခြင်း ရှိသလို
သေဆုံးခြင်းလဲ ရှိနေတာပေါ့၊
ဒါ သဘာဝပဲလေ
ဘယ်သူတွေ ဆန့်ကျင်ချင်ကြသေးလဲ
ဒါဆိုရင်တော့...
...........................
...................................
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Sep 22, 2007

ဒီတစ်ဆောင်း

"ဦးအဉ္ဇလီ" က ဆောင်းကို ဘယ်လိုကြိုမလဲဆိုတာ Tag ထားပါတယ်။ Tag ထားတာတော့ ကြာလှပေါ့။ မအားလို့ မရေးဖြစ်တာ။ မအားဘူးဆိုတာကလဲ တော်တော်လေးကို လှုပ်မရတာပါ။

မနက် ၉ နာရီ ရုံးရောက်တာနဲ့ မနေ့ညက Counter တွေကနေ သိမ်းထားတဲ့ ပိုက်ဆံတွေကို မန်နေဂျာနဲ့ နှစ်ယောက် အပြိုင်ရေတွက် (၁၀ နာရီ အပြီးပါ) ပြီး။ ကိုယ်က ပြန်ပေးစရာရှိတဲ့ ပိုက်ဆံထုပ်တွေကို ပြန်ထုပ်ထား။ ဘဏ်သွားသွင်းဖို့ ကုမ္ပဏီတစ်ခုကို ငှားထားတယ်လေ သူ့တို့လာယူမှာကိုလဲ စောင့်ပြီးကြည့်ပေး အထက်က တစ်ယောက်နဲ့ပါ (ရက်ခြားလာသိမ်းပါတယ်)၊ ပြီးတော့ ညလေးတို့ ဆိုင်အောက်မှာ ရှိနေတဲ့ သူဌေး မတူတဲ့ ဆိုင်တွေရဲ့ Total နဲ့ Report နဲ့ တူမတူ ကိုက်ကြည့်၊ Counter တစ်ခုပြီးတစ်ခု ထုတ်ထားတဲ့ Print Paper လေးတွေကို Report နဲ့တွဲ၊ ပြီးတော့ စာအုပ်ထဲ Amount တွေ ကူးရေး Profit, Total ဘာညာတွက် ပြီးတော့ အထက်က တစ်ယောက်ကို စစ်ဖို့ပေးထား။ ညလေးက ခဏတော့ ရှာခိုင်းတဲ့ သူတို့တွေ ရှာမတွေ့တဲ့ File တွဲထားတဲ့ စာရွက်တွေ ပြန်ရှာပေး။ လိုအပ်တဲ့ ပစ္စည်းတွေကို လာထုတ်တာလဲ ဟိုဟာ ယူပေး ဒီဟာ ယူပေးနဲ့ စောင့်ကြည့်။

ခဏနေတော့ အောက်ဆင်းပြီး ထမင်းစားထွက်မယ့် သူတွေရဲ့ Counter တွေကို လိုက်ပိတ် ငွေသိမ်း၊ အားနေတဲ့သူတွေကို ၀င်ပြီး ပြန်ဖွင့်ခိုင်း၊ အဲ့ဒီလိုနဲ့ (၂) နာရီလောက်ကျတော့ သိမ်းထားတဲ့ ပိုက်ဆံထုပ်တွေ များလာတဲ့ခါ အပေါ်တက်သိမ်းပြီး အကုန်လုံး စာရင်းပေါင်း ကိုက်မကိုက်စစ် ပြီးရင် မန်နေဂျာဖြစ်ဖြစ် အထက်က တစ်ယောက်ကိုဖြစ်ဖြစ် ပေးခဲ့ ထမင်းစားထွက်။

ညနေ ပြန်လာလဲ ဒီပုံတိုင်းပဲ လုပ်ပြီးရင် ဘာလိုလိုနဲ့ (၈) နာရီထိုးသွားရော အွန်လိုင်းတက်ဖို့ မပြောနဲ့ ကွန်ပျူတာကို မြင်ပဲမြင်ရတယ် မကိုင်ရဘူး ဖြစ်နေတယ်။ ဒီလိုနဲ့ လူမရှိပြန်ဘူးဆိုရင် အောက်ဆင်းပြီး ပြန်ကြည့်ပေးလိုက်နဲ့ ၉ နာရီက ဒေါင်လဲထိုးရော အိမ်ပြန်ရပါလေရော (အဲ့ဒါလေ ညလေးရဲ့ တစ်နေ့တာ၊ တစ်နေ့တစ်နေ့ ကောင်တာနောက်မှာ မတ်တပ်ရပ်နေရတာ ခြေထောက်တွေ တောင့်လာတယ်။ အပေါ်တက်လိုက် အောက်ဆင်းလိုက်နဲ့ နဂိုက မ၀တဲ့ ခန္ဓာကိုယ် ပိုဆိုးတာပေါ့။ အဆီဆိုတာ ဘယ်နေမှန်းတောင် မသိဘူး)။

အဲ့လေ ညည်းချင်းချနေတာနဲ့ Tag ထားတာ ရေးဖို့ လိုရာ မရောက်တော့ဘူး။
*****
မိုးစက်လေးတွေ နှုတ်ဆက် ထွက်သွားကြတဲ့ခါ နင်ရောက်လာတော့မယ်လို့ တံခါးလာခေါက်တယ်။ ငါ့ရဲ့မနက်ခင်းတွေကို အေးစိမ့်စိမ့်လေးနဲ့ နေလို့ကောင်းစေခဲ့တယ်။ အစောကြီး မထချင်တဲ့ငါ အိပ်ယာထဲ ဆက်ကွေးနေချင်ပေမယ့် ပြတင်းပေါက်ကနေ လှမ်းမြင်ရတဲ့ မှုန်ဝါးဝါး အလင်းရောင်နဲ့ မှုန်မွှားမွှားလေး နင့်ရဲ့ အင်အားနဲ့ အလှဆင်ထားတဲ့ ရှုခင်းက ငါ့ကို ဆွဲဆောင်လို့ ငါလဲ မနေနိုင်တော့ အိမ်ဘေးဖော်တွေနဲ့ လမ်းမဆင်းပြီး ကြက်တောင် ရိုက်ဖြစ်ကြတယ်။ အေးချမ်းစွာ ကျရောက်လာမယ့် နင့်ကို ငါကြိုဆိုခဲ့တာပေါ့။

နေရောင်ခြည် နုနုလေးတွေ ကျရောက်လာတဲ့ခါ နင်က တဖြည်းဖြည်း ကွယ်ပျောက်ပေးရတယ်လေ။ ဒါပေမယ့် နင့်ကိုယ်စား လေနုအေးလေးတွေကို ငါ့အတွက် ချန်ရစ်ထားခဲ့တယ် မဟုတ်လား၊ ဒါကို ငါအရမ်း နှစ်ခြိုက်ခဲ့တာပေါ့။ ပူပြင်းလွန်းတဲ့ နေရောင်ခြည်ကို နင့်ကြောင့်ငါ အံတုနိုင်ခဲ့တယ်။ နင်က အစဉ်အမြဲ အေးချမ်းမှုကို ပေးအပ်ခဲ့တယ် မဟုတ်လား။ ဒါပေမယ့် နင်တစ်ခုတော့ ဆိုးတယ်ဟာ နင်နက်ရှိုင်းစွာနဲ့ တိုးဝင် ရောက်လာတဲ့ခါမှာ နင်နဲ့ ထိတွေ့ရတာ ကြာလာတဲ့ ငါ့အသားအရေတွေ မွဲခြောက်ပြီး အက်ကွဲလာခဲ့တယ်။ ဒီအခါမှာ မလိမ်းမဖြစ်တဲ့ အလှဆီတွေ ငါ ၀ယ်လိမ်းရတော့တာပေါ့။ အေးအေးလေး စိမ့်ဝင်လာတာ မဟုတ်ပဲ နင် ကြမ်းတမ်းလာမှာကို ငါကြောက်ရွံ့ခဲ့ပါတယ်။

နင်ကြမ်းလာတဲ့ခါမှာ ညတိုင်း အိပ်ကောင်းခဲ့ပေမယ့် မနက်ဆို စောင်ပုံအောက်က မထွက်ချင်၊ အိပ်ယာထရင်လဲ ရေမကိုင်ချင်၊ ဟိုဟာမလုပ်ချင် ဒီဟာမလုပ်ချင်၊ အပြင်လဲ မထွက်ချင်နဲ့ ငါ့ကို အပျင်းရောဂါ စွဲကပ်စေခဲ့သေးတယ်။ အပြင်ထွက်ရင် ငါ့ကိုယ်ပေါ်မှာ အနွေးထည် လှလှလေးတွေနဲ့ ငါပိုလှခဲ့ရတယ်၊ အဲ့ဒါလဲ နင့်ကြောင့်ပဲပေါ့။ နင်ကတော့ ငါ့ဘေးက လိုက်ပါမြဲပဲ မဟုတ်လား ငါဘယ်သွားသွားလေ။

နင်နူးညံ့နေရာက ကြမ်းတမ်းလာတတ်သလို ပြန်ပြီးတော့လဲ တဖြည်းဖြည်း နူးညံ့စွာ ကွယ်ပျောက်သွားဦးမှာပဲ မဟုတ်လား။ နင်ပြန်သွားချိန်တိုင်း ငါနင့်ကို တမ်းတနေမှာဖြစ်သလို နင်နောက်ထပ် ငါ့အနား ထပ်မံ ရောက်ရှိလာဦးမယ့် အချိန်တွေကိုလဲ လက်ချိုး ရေတွက်နေမိဦးမှာပါပဲ။
*****
ရန်ကုန်မှာ ရှိနေတုန်းက ထိတွေ့ခဲ့ရတဲ့ ဆောင်းတွင်းကို လွမ်းမိပါတယ်။ ကျမတို့ မြန်မာနိုင်ငံက တစ်နှစ်မှာ (၃) ဥတုရှိပြီးတော့ ရာသီမျှော်တဲ့နိုင်ငံလို့တောင် တင်စား ခေါ်ဝေါ်လို့ ရပါတယ်။

ဒီမှာတော့ ဟိုဥတု ဒီဥတု ရယ်လို့ သီးသန့်မရှိပဲ ခု နေပူနေရင်းနဲ့လဲ မိုးရွာချင် ရွာလိုက်တာပဲ။ တစ်ညလုံး အိပ်မရအောင် ပူနေပေမယ့်လဲ မနက်ရောက်ရင် အေးချင်ရင် အေးနေတတ်တာ။ တစ်ညလုံး မိုးရွာပြီးရင်လဲ မနက်ဆို သူမဟုတ်တော့သလို နေက ခြစ်ခြစ်တောက် ပူနေတတ်တာပါ။ အဲ့လိုနိုင်ငံကို ရောက်ရှိနေတဲ့ ကျမ ရန်ကုန်က ဆောင်းတွင်းကို လွမ်းပါတယ်။ ဆောင်းတွင်းမှ မဟုတ်ပါဘူး သူ့အချိန် သူ့ရာသီတွေ ရောက်တိုင်း ဒီအချိန်ဆို ဘယ်လိုဖြစ်နေပြီ၊ ဘာပန်းတွေ ပွင့်နေပြီ စသဖြင့် လွမ်းဆွတ်နေမိပါတယ်။ သြော်... မြန်မာတို့ရဲ့ ချစ်စရာ ဓလေ့၊ ထုံးစံတွေက အစပေါ့....

ရွှေပြည်တော် မျှော်တိုင်းဝေးးးး
တစ်နှစ်မှာ သုံးရာသီ
လေးလကိုတစ်ဥတုနဲ့
ရာသီမျှော်နိုင်ငံလို့
တင်စားခေါ်နိုင်တာ
ငါတို့နိုင်ငံပေါ့။

ဒီနိုင်ငံမှာ
အဲ့ဒီ ငါတို့နိုင်ငံမှာလေ
ဟိုးအရင်တည်းက
သယံဇာတ
ပေါကြွယ်ဝသလို
ဆန် ရေ စပါးလဲ
ပေါများပြည့်လျှံခဲ့ပါတယ်။

ခုတော့........
.................
.................

ငါအရမ်းလွမ်းတယ်
မြန်မာပြည်ရယ်....

ဒါပေမယ့်....
................
................
................

ငါပြန်မလာချင်သေးဘူး
အနိဌာရုံတွေ မမြင်ရက်သေးလို့ပါ
ကြည့်နိုင်တဲ့ အင်အားလဲ မရှိသေးဘူးဟာ....
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Sep 17, 2007

ရတနာရာမကျောင်းတိုက်လိပ်စာ

စီဘောက်စ်မှာ လာမေးသွားတဲ့ အစ်မ မမြသွေး အတွက် မလေးရှား “ရတနာရာမကျောင်းတိုက်” ရဲ့ လိပ်စာကို အခန်းဘေးက ညီမဆီမှာ ဟိုတစ်ခါ အလှူတုန်းက ဖိတ်ထားတဲ့အတွက် ဖိတ်စာရှိသေးလား သွားမေးတော့ သူဆီမှာ “ရတနာရာမကျောင်းတိုက်” က ထုတ်တဲ့ စာစောင်ပါ ရှိနေတဲ့အတွက် အဲ့ဒါပါ တစ်ခါတည်း တောင်းလာခဲ့တယ်။ စာစောင်ကတော့ (၄) လတစ်ကြိမ် စောင်ရေ (၁၀၀၀) ကို ထုတ်ဝေပြီး ဓမ္မဒါနအဖြစ် လှူဒါန်းနေပါတယ်။ ပါဝင်ပြီး အလှူဒါန ပြုချင်ကြသူများလဲ နည်းများမဆို ဆက်သွယ်ပြီး ကုသိုလ် ပါဝင်နိုင်ကြပါတယ်နော်။

No.30 Jalan SS 2/72,
Petaling Jaya, 47300 Selangor, Malaysia.
Tel/Fax : 03-77271193
ဒါက ကျောင်းတိုက် လိပ်စာနဲ့ ဖုန်းနံပါတ်ပါ။ သိချင်သူများအတွက် ရှာဖွေ လှူဒါန်းပါတယ်နော်။

ကျောင်းမှာ သတင်းသုံးနေတဲ့ ဘုန်းဘုန်းရဲ့ဖုန်းနံပါတ်နဲ့ မေးလ်လိပ်စာလဲ စာစောင်ထဲမှာ အဆင်သင့်တွေ့လို့ တစ်ခါတည်း ဖော်ပြပေးလိုက်ပါတယ်။ အဆင်တပြေ ဆက်သွယ်လို့ ရကြအောင်ပါ။

U Khema Wuntha : 012-4729940
kwuntha@yahoo.com
burmese@tm.net.my
*****
မေးမြန်းကြသူများနဲ့ သိချင်ကြသူများအတွက် အကြွေးဆပ်တာပါ။ နောက်ဆို ညလေးက ရေးချင်ရင်တောင် ရေးနိုင်တော့မှာ မဟုတ်တဲ့အတွက် အချိန်ရတုန်းလေး တင်ပေးတာပါ။ နောက်ထပ် Tag ကြွေးတစ်ခု ကျန်နေသေးတယ်။ ဒါကိုလဲ တစ်ရက် နှစ်ရက်လောက် နေရင် အပြီးတင်ပေးပါ့မယ်။
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Sep 9, 2007

ရတနာရာမကျောင်းတိုက် (PJ မလေးရှား)

မလေးရှား PJ မှာရှိတဲ့ မြန်မာ ဘုန်းကြီးကျောင်းကို ၂၄ ရက် (သောကြာနေ့) က ရောက်သွားခဲ့ပါတယ်။ အစကတော့ သွားဖို့ မရည်ရွယ်ပဲ ရောက်သွားခဲ့တာပါ။ ညလေးတို့ မလေးမှာရှိတဲ့ မြန်မာတွေ စုပြီး ဘုရားဆင်းတုတော် လှူထားတယ်လေ မနှစ်တုန်းကပေါ့။ တစ်ခါမှလဲ မရောက်ဖြစ်ဘူး ဘယ်မှကို မရောက်တာပါ။ အတူတူ သွားမယ့်သူ မရှိတာနဲ့ နားရက်တွေ မတူကြတာနဲ့ပဲ ဘယ်သူမှ မသွားကြတာ။ အဲ့ဒီနေ့ ကတော့ ပြန်တော့မယ့် အစ်မကြီးရယ် နောက်ထပ် အစ်မတစ်ယောက် (မွတ်စ်စလင်) ရယ် သူငယ်ချင်းတစ်ယောက်ရယ် ညလေးရယ် ပေါင်းလေးယောက် ချိန်းပြီး သွားကြတယ်။ ညလေးနဲ့ ကျန်တစ်ယောက်က Medical Leave၊ တစ်ယောက်က နားရက် နဲ့ ဟိုတစ်ယောက်ကတော့ ပြန်တော့မှာဆိုတော့ မလိုဘူးလေ။ ညလေးတို့ဆီ ဈေးလာဝယ်နေကြ ဦးလေးကြီးက အစောကြီးတည်းက သွားချင်တယ်ဆိုရင် လိုက်ပို့ပေးမယ်လို့ အစ်မကြီးတွေကို ပြောထားပေမယ့် မအားတဲ့ ညလေးတို့တွေ မသွားဖြစ်ကြပါဘူး။ ပြီးခဲ့တဲ့ သောကြာနေ့က သွားကြမယ်လို့ ဖုန်းဆက်ချိန်းတော့ အတော်ပဲတဲ့ သူလဲ ဘုန်းဘုန်းကို ဆွမ်းကပ်ရဦးမယ် ပြောတယ်။ ဒါနဲ့ လာခေါ်ခိုင်းပြီး သွားကြတာလေ။
*****

ကျောင်းကတော့ နှစ်ထပ်ကျောင်းပါ။ ၀င်ဝင်ချင်း ဆင်ဝင်မှာ ဘုန်းဘုန်းရဲ့ စီးတော်ယာဉ် နှစ်စင်း ရပ်ထားပါတယ် (ဘုန်းဘုန်းက ကိုယ်တိုင်မောင်းပြီး ဆွမ်းစား ကြွတယ်တဲ့)။ ဘုန်းဘုန်းကိုယ်တိုင် ဆင်းလာပြီး ညလေးတို့ကို ခေါ်တယ်လေ။ လိုက်ပို့တဲ့ ဦးလေးကတော့ ဘုန်းဘုန်း ဒကာရင်းပါတဲ့ လိုအပ်တာတွေ သူပဲ လုပ်ပေးတယ်။ တံခါးဖွင့်ဝင်လိုက်ရင်ပဲ အရင်ဆုံး ဖူးတွေ့ရမှာ ဒီ ဘုရားဆင်းတုတော်ပါ (မနှစ်တုန်းက မလေးရှားက မြန်မာတွေ စုပြီး လှူထားတာပေါ့) သပ္ပါယ်ဖို့ကောင်းတဲ့ ဆင်းတုတော်ကို ရှိခိုးဦးချပြီး ဘုန်းဘုန်းကို ကန်တော့တယ်။ ဘုန်းဘုန်းနဲ့ စကားအနည်းငယ် ထိုင်ပြောလိုက်သေးတယ်။ ဘုန်းဘုန်းက ပွဲတော်တွေဆို လုပ်ဖြစ်တယ် သင်္ကြန်တုန်းကလဲ အကအဖွဲ့နဲ့ တော်တော်လေး စည်ကားတယ်တဲ့။ လာမယ့် ၁၁ လပိုင်းမှာ ကထိန် သင်္ကန်းကပ်ရှိတယ် လာကြပါလားလို့ ဖိတ်နေသေးတယ်။

ပြောပြီး ဆင်းတုတော်တွေ ဓါတ်ပုံလိုက်ရိုက်လိုက်တယ်။ ဘုရားစင်ကို သပ္ပါယ်အောင် ထားထားတော့ တော်တော်လေးလဲ ဖူးမ၀ဖြစ်ရပါတယ်။ အိမ်မှာပဲ နေနေရတဲ့ သူမို့လား မသိဘူး ဘုရားရိပ် တရားရိပ်မှာ ဘုရားရှင်ကို အကြာကြီး ထိုင်ဖူးဖြစ်တယ်။ ထိုင်ရင်း ဖူးမြော်ရင်း မထချင်ဖြစ်ရင်းပဲ။

ကြမ်းခင်းက အောက်ခံ ကျောက်ပြားဖြူတွေ ခင်းပြီး အပေါ်က ကော်ဇောကို ခန်းလုံးပြည့် ခင်းထားတာပါ။ အပြင်မှာ နေကျစ်ကျစ်တောက် ပူနေပေမယ့် အထဲမှာတော့ Aircon မရှိပဲ အေးစိမ့်နေပါတယ်။ ဒါတောင် ပန်ကာ နှစ်လုံးပဲ ဖွင့်ထားတာ။

ဆင်းတုတော် ရှေ့မှာ အများတကာ လှူထားကြတယ်လို့ ထင်ရတဲ့ ဆင်းတုတော်တွေလဲ တော်တော်များများ တွေ့ရတယ် ဒါနဲ့ လက်က မရိုက်ရမနေနိုင် ရိုက်ဖြစ်သွားသေးတယ်။

ဒီဆင်းတုတော်ကလဲ ဘုရားဆောင် အကြီး ဘေးမှာ ရှိနေတာမို့ ၀တ်ပြုပြီး ဓါတ်ပုံ ရိုက်ယူလာလိုက်တာ။ ပြီးတော့ ညလေးက အပြင်မှာလဲ လှလိုက်တာလို့ ပြောတော့ ဘုန်းဘုန်းက သွားကြည့်လေတဲ့ အဲ့ဒီ မှန်တံခါးကို တွန်းဖွင့်ပြီး ထွက်ကြည့်လို့ရတယ် ဆိုတော့ ဘယ်နေမလဲနော့ စပ်စုတာပေါ့။

မှန်တံခါးကိုလဲ တွန်းဖွင့်လိုက်ရော အပူငွေ့က မျက်နှာကို လာဟပ်ပါတယ်။ အပေါ်မှာတော့ အောက်ကို နေမထိုးအောင် အမိုးအဖြစ်နဲ့ စဗျစ်ခိုင်တွဲပုံစံ အရွက်တွေ အုပ်အုပ်လေး လုပ်ထားတယ်။ ဒါပေမယ့် အပူရှိန်တော့ ရှိတာပေါ့။ မျက်စိရှေ့မှာ မြင်နေရတဲ့ ရေတံခွန်ငယ်လေးကိုလဲ ဓါတ်ပုံ ရိုက်ယူလိုက်တယ်။

ဒါက ရှင်ဥပဂုတ္တမထေရ် နဲ့ ရေကန်ငယ်လေးလေ။ အထဲမှာ ရွှေငါးတွေ မွေးထားသေးတယ်။ ညလေးဆို သဘောကျလိုက်တာမှ....
ညလေးက တိရိစ္ဆာန်လေးတွေဆို တအား နှစ်သက်တာ။

ရေကန်လေးရဲ့ ဘေးနားက ကလေးလေး ရေသွန်းနေပုံ ရုပ်ထုလေးနဲ့ ကန်ငယ်လေးတစ်ကန် ဒါကိုလဲ ဓါတ်ပုံရိုက်လိုက်တာပဲ။ ခဏနေတော့ ဘုန်းဘုန်းကို ဆွမ်းကပ်တယ်။ ညလေး တစ်ယောက်တည်း ပြန်ဝင်လာပြီး ဆွမ်းကပ် ဖြစ်တယ် ဘုန်းဘုန်းက တရားပေးတယ်။ စိတ်ကလေး ခဏတော့ ငြိမ်းချမ်းသွားပါတယ်။ ပူပန်မှုကို ဘာဆိုဘာမှ မတွေးတဲ့ ညလေးရဲ့စိတ် ပိုလို့ အေးချမ်း သွားတာပေါ့။ ဘုန်းဘုန်း ဆွမ်းစားပြီးတော့ ညလေးတို့ကို စားသွားဖို့ ပြောတယ် အသီးတွေလဲ စွန့်ပြီး စားခိုင်းတယ်။ ဘုန်းဘုန်းက ဒူရင်းသီးတွေ စားလို့ရရင် စွန့်ပြီး ခွဲစားလိုက်ပြောတော့ ဦးလေးက စားမလားတဲ့ ကျန်သုံးယောက်က ငြင်းနေပေမယ့် ညလေးက စားမယ်ပြောတော့ ခွဲပြီး ဘုန်းဘုန်း ဆွမ်းစားမပြီးခင် အချိုပွဲအတွက် ပန်းသီး၊ သရက်သီးနဲ့ ဒူးရင်းသီးတွေ ခွဲဖို့ပေးခဲ့ပြီး အဲ့ဒီ ဦးကြီးက ဈေးသွားမယ်ဆို ထွက်သွားရော။

ဘုန်းဘုန်းလဲ ဆွမ်းစားအပြီး ညလေးတို့လဲ ဟိုအသီး တို့တိ တို့တိ၊ ဒီအသီး တို့တိ တို့တိ စား (ဒူးရင်းသီးက စားလို့ အကောင်းဆုံးပဲ) ဘုန်းဘုန်းက ဘုရားဆောင်ရှေ့ ပြန်လာထိုင်တော့ စကား ဆက်ပြော ဖြစ်တယ်။ ကျောင်းက အနည်းငယ် ခြံဝင်းကျဉ်းပေမယ့် အေးချမ်းအောင် လုပ်ပေးထားကြတဲ့ စေတနာ့ရှင် အလှူရှင် တွေကြောင့် လာရောက် ဖူးမြော်တဲ့သူတွေ နှလုံးစိတ်ဝမ်း အေးချမ်းကြမှာပါ။ ကျန်သုံးယောက်က သူတို့ဖာသာ တစ်နေရာမှာ ပြောနေကြတာ ခဏနေတော့ အပေါ်ထပ် တက်ကြည့်မယ် ဆိုပြီး တက်သွားကြရော ညလေးလဲ နောက်က လိုက်တက်သွားရင်း လှေကားပေါ်ရောက်တော့ ထိပ်နားနံရံမှာ ဘုန်းဘုန်းတစ်ပါးရဲ့ ဓါတ်ပုံတစ်ပုံ (ပုံတူပန်ချီကား) ချိတ်ထားတာ တွေ့ရတယ် တော်တော်လေး အသက်ဝင်ပါတယ်။ ပြုံးနေတဲ့ပုံက တကယ်ပဲ အနားကပ် ဖူးမြော်ရသလိုပဲ။

နောက်ပြီး ဒီဘက်နားကျ ဘုရားဆင်းတုတော် တစ်ဆူ ပူဇော်ထားသေးတယ်။ နောက် အခန်းနှစ်ခန်းရှိတယ်။ ဘုရား ၀တ်ပြုပြီးတာနဲ့ ညလေးလဲ ပြန်ဆင်းလာခဲ့တယ်၊ သူတို့တော့ ကျန်နေခဲ့လေရဲ့။ ဘုန်းဘုန်းနဲ့ စကားဆက်ပြောရင်းနဲ့မှ ဘုန်းဘုန်းရဲ့ ဘွဲ့နံမည် မမေးရသေးတာ သတိရလိုက်တယ်။ ဒါနဲ့ “ဘုန်းဘုန်းရဲ့ ဘွဲ့အမည်က ဘယ်လိုခေါ်ပါလဲ ဘုရား” ဆိုတော့ ဘုန်းဘုန်းက မှတ်ရတာ လွယ်ပါတယ်တဲ့ “ဦးခေမာဝံသ” လို့ပြောတယ်။ ပြီးတော့ ဘုန်းဘုန်းက အပေါ်မှာ ဓါတ်ပုံတွေ့လားတဲ့ အဲ့ဒါ ဘုန်းဘုန်းရဲ့ ဆရာတော်လို့ ပြောတယ်။ ဘုန်းဘုန်း ဦးခေမာဝံသရဲ့ ပုံကိုတော့ ဓါတ်ပုံရိုက်ယူလာဖို့ မေ့လာတယ် နောက်တစ်ခေါက်ပေါ့နော်။

ကျောင်းမှာ သူ့ရက်နဲ့သူ ဆွမ်းအလှူရှင်တွေ ရှိပါတယ်။ တနင်္လာနေ့က စနေနေ့ထိပါ။ တနင်္ဂနွေနေ့က ၀တ်ရွတ်အဖွဲ့ရှိတယ်။ ၀တ်ရွတ်ချင်လဲ လာရွတ်လို့ရတယ်။ ခုလက်ရှိ ကျောင်းမှာတော့ ဘုန်းဘုန်း ဦးခေမာဝံသ တစ်ပါးပဲ ရှိပါတယ်။ ကပ္ပိယလဲ မရှိပါဘူး။ ဘုန်းဘုန်းက ဥပဇ္ဇင်း ၂ ပါးလောက်တော့ လိုသေးတယ် ပြောတယ်။
*****
ဘုန်းဘုန်းက Penang မှာလဲ မြန်မာ ဘုန်းကြီးကျောင်းရှိတယ်။ နှစ်ပေါင်း ၂၀၀ ကျော်ပြီ၊ စုလစ်မွန်းချွန်တွေနဲ့ တော်တော်လေး အေးချမ်းတယ်ပြောတယ် မြေဧက ၄ ဧက ရှိတယ်တဲ့။ ရှေးဟောင်း ဘုရားဆင်းတုတွေလဲ ရှိတယ်၊ အားရင် သွားဖူးကြချည်တဲ့ မိန့်တော် မူလိုက်သေးတယ်။ စင်္ကာပူမှာ ရှိတဲ့ကျောင်းက မြေနေရာ နည်းနည်းကျဉ်းတယ်တဲ့။

သွားချင်တာပေါ့နော် မလေးလို မွတ်စ်လင်နိုင်ငံမှာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းရှိနေတာ မဖူးလိုက်ရရင် ဒီရောက်နေတာ ဘယ်တန်မလဲ ကုသိုလ်လဲရ ၀မ်းလဲဝအောင် တစ်ရက်ခရီးသွားရမယ်။ အင်း ရောက်အောင် သွားဖူးဖို့တော့ တေးထားပါတယ်။
*****
အရင်ပို့စ်က ဓါတ်ပုံတွေပါ ပါတယ်၊ ဓါတ်ပုံတွေကို မကြာခင်မှာ ပြန်တင်ပေးပါမယ်နော်...
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Aug 26, 2007

အာဘွားယဉ်ကျေးမှု

အာဘွားယဉ်ကျေးမှုကို ဘယ်သူစလိုက်တာလဲ မသိဘူး ခုတော့ ဘလော့ဂါတွေ မတွေ့လိုက်နဲ့ တွေ့တာနဲ့ အာဘွားပေးတော့တာပဲ။ အစကောက်ကြည့်ရင်တော့ “ဘာညာ့” ဆီက စတာလို့ ယူဆရပါတယ်။ သူက တွေ့သမျှလူကို အာဘွား အာဘွားနဲ့ လိုက်လိုက် ပေးနေတာလေ။ အဲ့ဒီ ဘာညာ့ကို ညလေးက ဒီကနေပဲ မေးလိုက်တော့မယ် အပြင်မှာတွေ့ရင်ရော ဂယ်ပေးလားဟင် ???? သိချင်လို့ပါ ဘာညာလေးရယ် ဖြေဦးနော။

“မြလွှာ” ကတော့ ညလေးကို အပြင်မှာတွေ့ရင်လဲ ဂယ်ပေးမယ်ဆိုပဲ၊ ရင်ခုန်တာပေါ့နော်။ သူပြောတာနဲ့တင် သူ့ကို ပြေးတွေ့ချင်စိတ်တောင် ပေါက်သွားတယ်။ ချစ်စရာ မြလွှာလေး။
*****
အရင်ဆုံး ဘာညာနဲ့တွေ့ဖူးတဲ့ “မယ်လိုဒီ” ကိုရော အာဘွားပေးရဲ့လား၊ ပေးရင်ရော ဘယ်လိုပေးလဲ၊ ပေးတဲ့ခါမှာ နဖူးကိုပေးလား၊ ပါးကိုပေးလား၊ ဟိ ဖြေရင်ဖြေ မဖြေရင်တော့လား။ မယ်လိုဒီကရော ဘာညာ အဲ့လိုပေးတဲ့ခါမှာ ငြိမ်နေလား၊ ရင်ခုန်နေလား။ ဘာညာက နက်ပေါ်မှာပဲလိုက်ပေးပြီး အပြင်မှာ ဂယ်ပေးဘူးလား???? ဒါဆိုရင်တော့ ကောင်းဘူးလေ နက်ပေါ်ပေးရင် အပြင်မှာလဲ တွေ့တိုင်း အာဘွားပေးမှ အပြောနဲ့ အလုပ် ညီမှာပေါ့ ဟုတ်ဘူးလား။

ဘာပဲဖြစ်ဖြစ် အာဘွားဆိုတာ ချစ်ခင်ရင်းနှီးမှုကို ဖေါ်ပြတဲ့ အသုံးအနှုန်းလို့ ယူဆပါတယ်။ ဒါပြောတာက ဘာကိုမှ ရည်ညွှန်းတာလဲ မဟုတ်ပဲ သူငယ်ချင်းတွေ အချင်းချင်း ရင်းနှီးတဲ့ အသုံးအနှုန်းဖြစ်တယ်လို့ နားလည် လက်ခံပါတယ်။
*****
ဟိုးအရင်တုန်းကလဲ ချက်တင်တွေ ထိုင်ကြတုန်းက ချက်တင်ရွမ်းထဲမှာတော့ မတွေ့လိုက်နဲ့ ၀င်တဲ့သူကို အရင်ဆုံး “မင်္ဂလာပါ” လို့ နှုတ်ဆက်ကြတယ်။ တကယ်လဲ အပြင်မှာ တွေ့ကြရော အဲ့ဒီ “မင်္ဂလာပါ” ဆိုတဲ့စကား တစ်ယောက်မှ မပြောကြဘူး၊ နှုတ်မဆက်ကြဘူး။ ဒီစကားက ဆဲဆိုနေတာမှ မဟုတ်ပဲ ပြောကောင်းပါတယ်၊ ဘာလို့များ မျက်နှာမမြင်ရမှ ပြောတတ်ကြတာလဲ။ ဒီလိုဆို “မျက်နှာမမြင်ယဉ်ကျေးမှု” ဖြစ်နေမှာပေါ့။

လူတိုင်းသာ ဆုံတွေ့ကြရတဲ့ အခိုက်အတန့်ကာလလေးမှာ “မင်္ဂလာပါ” လို့ နှုတ်ဆက်ကြရင် ရန်တွေလဲ ငြိမ်းပြီး အပြုံးတွေဝေနေကြမှာပါ။ မြန်မာစကားက ကြွယ်ဝတော့ နှုတ်ဆက်စရာ စကားလုံးတွေလဲ ပေါများပါတယ်။ ဒါပေမယ့် ဒီ “မင်္ဂလာပါ” ဆိုတာကတော့ အယဉ်ကျေးဆုံးပါပဲ။ တစ်ယောက်ကစလို့ “မင်္ဂလာပါ” ပြောရင် နောက်တစ်ယောက်လဲ “မင်္ဂလာပါ” လို့ လိုက်ပြောကြမှာ။ ဒီလိုနဲ့ တစ်ယောက် တစ်ယောက် လက်ဆင့်ကမ်းသွားရင် ပြောနေကြ စကားလိုဖြစ်ပြီး ပြောရတာ တစ်မျိုးကြီးဖြစ်မနေ၊ ကြောင်မနေတော့ဘူးပေါ့။ တစ်ယောက်ယောက်က စဖို့ပဲလိုပါတယ်။

ကဲ.... ဒီတော့..... ညလေးတို့တွေလဲ ယဉ်ကျေးတဲ့ အသုံးအနှုန်းလေးတွေကို လက်ဆင့် ကမ်းလိုက်ကြရအောင်လား?????
အားလုံးကို အာဘွားးးးးးးး အခါ တစ်သိန်းးးးးးးးးးးးး ဟိ ဟိ
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Aug 19, 2007

သံသရာ

တစ်ခါတစ်ခါ
စိတ်နဲ့ကိုယ်မကပ်ပဲ
မလုပ်ချင် မကိုင်ချင်
ဒီလောက က ထွက်ပြေး
အရှုံးပေးတာတော့ မဟုတ်ဘူး
ဒါပေမယ့်...
ဘယ်သူမှ မရှိမယ့်နေရာမှာ
တစ်ယောက်တည်း နေချင်မိတယ်...

မဖြစ်သေးဘူး မဟုတ်လား
ဝဋ်ကြွေးတွေကများ
ပေးဆပ်စရာတွေ
ကျန်နေသေးလို့
င့ါစိတ်ကိုပြန်တင်း
ဒီလောကထဲ ပြန်လာလိုက်တယ်
အတ္တတွေနဲ့လေ....

ဒီလိုနဲ့....

ထွက်ပြေးလိုက် ပြန်လာလိုက်
လောက သံသရာထဲလည်နေရင်း......
သြော်..........
ငါတောင် အသက်ကြီးလာပြီပဲ။
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Aug 18, 2007

ဆည်းဆာ

လှပတဲ့အဆင်း
ရွှေရောင်ဝင်းလို့ပေါ့
ဒီအချိန်လေးမှာ
အကျည်းတန်တွေ
လှတယ်ဆိုရင်ဖြင့်
စတည်းက
မြင်သူငေးရတဲ့မင်း
ပပ၀တီ ထိုင်ငိုနေတော့မှာ
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Aug 16, 2007

လွမ်းတဲ့စိတ်

လွမ်းရတဲ့အချိန်တိုင်းမှာ
ဖြစ်ပေါ်လာတဲ့
ခံစားမှုတွေကို
မိတ္တူကူးလိုက်တော့
စာသားတွေအဖြစ်
ပြောင်းလဲသွားတယ် ကောင်မလေး....

ဒီလိုနဲ့
စကားလုံးတွေ စီရင်း
ငါ ကဗျာတွေရေးဖြစ်တယ် ကောင်မလေး....

တစ်ညလုံး နင့်အကြောင်းတွေးပြီး
အိပ်မပျော်တဲ့ငါ
မနက်ရောက်တာနဲ့
နင့်ကိုအရင်ဆုံး
သတိရမိတယ်ဆိုရင်
နင်ယုံမလား ကောင်မလေး....

နင်လျှောက်လာနေကြလမ်းလေး
နင်ရပ်စောင့်နေတတ်တဲ့ မှတ်တိုင်လေးရယ်
နင် တိုးစီးနေကြဘတ်စ်ကားနဲ့
အို....... ကုန်ကုန်ပြောမယ်ကွာ
နင်ရှိမနေတော့တဲ့ ရုံးကြီးကိုမြင်ရင်တောင်
နင့်ကို သတိရမိတယ်ဆိုရင်ကော
ငါ လွန်နေဦးမလား ကောင်မလေး....

မလွန်ပါဘူးနော်.....

လွမ်းရတဲ့အကြောင်းကို
နင်သိအောင် ဖွဲ့နွဲ့ မပြောတတ်ပေမယ့်
သတိရတိုင်းသာ လှိုင်းထမယ်ဆိုရင်
ငါ့ရင်ခွင် ပြိုတာကြာလှပေါ့ ကောင်မလေးရယ်......
*****

ဆက်လက်ဖတ်ရှုရန်...>>>>

 
Looking for something? Try :::