NyAlAy
အချိန်ပေး၍ လာရောက်ဖတ်ရှုသူများကို ကျေးဇူး အထူးတင်ရှိပါတယ်။ နှစ်သစ်မှာ ပျော်ရွှင် ငြိမ်းချမ်းကြပါစေ....

Sep 22, 2007

ဒီတစ်ဆောင်း

"ဦးအဉ္ဇလီ" က ဆောင်းကို ဘယ်လိုကြိုမလဲဆိုတာ Tag ထားပါတယ်။ Tag ထားတာတော့ ကြာလှပေါ့။ မအားလို့ မရေးဖြစ်တာ။ မအားဘူးဆိုတာကလဲ တော်တော်လေးကို လှုပ်မရတာပါ။

မနက် ၉ နာရီ ရုံးရောက်တာနဲ့ မနေ့ညက Counter တွေကနေ သိမ်းထားတဲ့ ပိုက်ဆံတွေကို မန်နေဂျာနဲ့ နှစ်ယောက် အပြိုင်ရေတွက် (၁၀ နာရီ အပြီးပါ) ပြီး။ ကိုယ်က ပြန်ပေးစရာရှိတဲ့ ပိုက်ဆံထုပ်တွေကို ပြန်ထုပ်ထား။ ဘဏ်သွားသွင်းဖို့ ကုမ္ပဏီတစ်ခုကို ငှားထားတယ်လေ သူ့တို့လာယူမှာကိုလဲ စောင့်ပြီးကြည့်ပေး အထက်က တစ်ယောက်နဲ့ပါ (ရက်ခြားလာသိမ်းပါတယ်)၊ ပြီးတော့ ညလေးတို့ ဆိုင်အောက်မှာ ရှိနေတဲ့ သူဌေး မတူတဲ့ ဆိုင်တွေရဲ့ Total နဲ့ Report နဲ့ တူမတူ ကိုက်ကြည့်၊ Counter တစ်ခုပြီးတစ်ခု ထုတ်ထားတဲ့ Print Paper လေးတွေကို Report နဲ့တွဲ၊ ပြီးတော့ စာအုပ်ထဲ Amount တွေ ကူးရေး Profit, Total ဘာညာတွက် ပြီးတော့ အထက်က တစ်ယောက်ကို စစ်ဖို့ပေးထား။ ညလေးက ခဏတော့ ရှာခိုင်းတဲ့ သူတို့တွေ ရှာမတွေ့တဲ့ File တွဲထားတဲ့ စာရွက်တွေ ပြန်ရှာပေး။ လိုအပ်တဲ့ ပစ္စည်းတွေကို လာထုတ်တာလဲ ဟိုဟာ ယူပေး ဒီဟာ ယူပေးနဲ့ စောင့်ကြည့်။

ခဏနေတော့ အောက်ဆင်းပြီး ထမင်းစားထွက်မယ့် သူတွေရဲ့ Counter တွေကို လိုက်ပိတ် ငွေသိမ်း၊ အားနေတဲ့သူတွေကို ၀င်ပြီး ပြန်ဖွင့်ခိုင်း၊ အဲ့ဒီလိုနဲ့ (၂) နာရီလောက်ကျတော့ သိမ်းထားတဲ့ ပိုက်ဆံထုပ်တွေ များလာတဲ့ခါ အပေါ်တက်သိမ်းပြီး အကုန်လုံး စာရင်းပေါင်း ကိုက်မကိုက်စစ် ပြီးရင် မန်နေဂျာဖြစ်ဖြစ် အထက်က တစ်ယောက်ကိုဖြစ်ဖြစ် ပေးခဲ့ ထမင်းစားထွက်။

ညနေ ပြန်လာလဲ ဒီပုံတိုင်းပဲ လုပ်ပြီးရင် ဘာလိုလိုနဲ့ (၈) နာရီထိုးသွားရော အွန်လိုင်းတက်ဖို့ မပြောနဲ့ ကွန်ပျူတာကို မြင်ပဲမြင်ရတယ် မကိုင်ရဘူး ဖြစ်နေတယ်။ ဒီလိုနဲ့ လူမရှိပြန်ဘူးဆိုရင် အောက်ဆင်းပြီး ပြန်ကြည့်ပေးလိုက်နဲ့ ၉ နာရီက ဒေါင်လဲထိုးရော အိမ်ပြန်ရပါလေရော (အဲ့ဒါလေ ညလေးရဲ့ တစ်နေ့တာ၊ တစ်နေ့တစ်နေ့ ကောင်တာနောက်မှာ မတ်တပ်ရပ်နေရတာ ခြေထောက်တွေ တောင့်လာတယ်။ အပေါ်တက်လိုက် အောက်ဆင်းလိုက်နဲ့ နဂိုက မ၀တဲ့ ခန္ဓာကိုယ် ပိုဆိုးတာပေါ့။ အဆီဆိုတာ ဘယ်နေမှန်းတောင် မသိဘူး)။

အဲ့လေ ညည်းချင်းချနေတာနဲ့ Tag ထားတာ ရေးဖို့ လိုရာ မရောက်တော့ဘူး။
*****
မိုးစက်လေးတွေ နှုတ်ဆက် ထွက်သွားကြတဲ့ခါ နင်ရောက်လာတော့မယ်လို့ တံခါးလာခေါက်တယ်။ ငါ့ရဲ့မနက်ခင်းတွေကို အေးစိမ့်စိမ့်လေးနဲ့ နေလို့ကောင်းစေခဲ့တယ်။ အစောကြီး မထချင်တဲ့ငါ အိပ်ယာထဲ ဆက်ကွေးနေချင်ပေမယ့် ပြတင်းပေါက်ကနေ လှမ်းမြင်ရတဲ့ မှုန်ဝါးဝါး အလင်းရောင်နဲ့ မှုန်မွှားမွှားလေး နင့်ရဲ့ အင်အားနဲ့ အလှဆင်ထားတဲ့ ရှုခင်းက ငါ့ကို ဆွဲဆောင်လို့ ငါလဲ မနေနိုင်တော့ အိမ်ဘေးဖော်တွေနဲ့ လမ်းမဆင်းပြီး ကြက်တောင် ရိုက်ဖြစ်ကြတယ်။ အေးချမ်းစွာ ကျရောက်လာမယ့် နင့်ကို ငါကြိုဆိုခဲ့တာပေါ့။

နေရောင်ခြည် နုနုလေးတွေ ကျရောက်လာတဲ့ခါ နင်က တဖြည်းဖြည်း ကွယ်ပျောက်ပေးရတယ်လေ။ ဒါပေမယ့် နင့်ကိုယ်စား လေနုအေးလေးတွေကို ငါ့အတွက် ချန်ရစ်ထားခဲ့တယ် မဟုတ်လား၊ ဒါကို ငါအရမ်း နှစ်ခြိုက်ခဲ့တာပေါ့။ ပူပြင်းလွန်းတဲ့ နေရောင်ခြည်ကို နင့်ကြောင့်ငါ အံတုနိုင်ခဲ့တယ်။ နင်က အစဉ်အမြဲ အေးချမ်းမှုကို ပေးအပ်ခဲ့တယ် မဟုတ်လား။ ဒါပေမယ့် နင်တစ်ခုတော့ ဆိုးတယ်ဟာ နင်နက်ရှိုင်းစွာနဲ့ တိုးဝင် ရောက်လာတဲ့ခါမှာ နင်နဲ့ ထိတွေ့ရတာ ကြာလာတဲ့ ငါ့အသားအရေတွေ မွဲခြောက်ပြီး အက်ကွဲလာခဲ့တယ်။ ဒီအခါမှာ မလိမ်းမဖြစ်တဲ့ အလှဆီတွေ ငါ ၀ယ်လိမ်းရတော့တာပေါ့။ အေးအေးလေး စိမ့်ဝင်လာတာ မဟုတ်ပဲ နင် ကြမ်းတမ်းလာမှာကို ငါကြောက်ရွံ့ခဲ့ပါတယ်။

နင်ကြမ်းလာတဲ့ခါမှာ ညတိုင်း အိပ်ကောင်းခဲ့ပေမယ့် မနက်ဆို စောင်ပုံအောက်က မထွက်ချင်၊ အိပ်ယာထရင်လဲ ရေမကိုင်ချင်၊ ဟိုဟာမလုပ်ချင် ဒီဟာမလုပ်ချင်၊ အပြင်လဲ မထွက်ချင်နဲ့ ငါ့ကို အပျင်းရောဂါ စွဲကပ်စေခဲ့သေးတယ်။ အပြင်ထွက်ရင် ငါ့ကိုယ်ပေါ်မှာ အနွေးထည် လှလှလေးတွေနဲ့ ငါပိုလှခဲ့ရတယ်၊ အဲ့ဒါလဲ နင့်ကြောင့်ပဲပေါ့။ နင်ကတော့ ငါ့ဘေးက လိုက်ပါမြဲပဲ မဟုတ်လား ငါဘယ်သွားသွားလေ။

နင်နူးညံ့နေရာက ကြမ်းတမ်းလာတတ်သလို ပြန်ပြီးတော့လဲ တဖြည်းဖြည်း နူးညံ့စွာ ကွယ်ပျောက်သွားဦးမှာပဲ မဟုတ်လား။ နင်ပြန်သွားချိန်တိုင်း ငါနင့်ကို တမ်းတနေမှာဖြစ်သလို နင်နောက်ထပ် ငါ့အနား ထပ်မံ ရောက်ရှိလာဦးမယ့် အချိန်တွေကိုလဲ လက်ချိုး ရေတွက်နေမိဦးမှာပါပဲ။
*****
ရန်ကုန်မှာ ရှိနေတုန်းက ထိတွေ့ခဲ့ရတဲ့ ဆောင်းတွင်းကို လွမ်းမိပါတယ်။ ကျမတို့ မြန်မာနိုင်ငံက တစ်နှစ်မှာ (၃) ဥတုရှိပြီးတော့ ရာသီမျှော်တဲ့နိုင်ငံလို့တောင် တင်စား ခေါ်ဝေါ်လို့ ရပါတယ်။

ဒီမှာတော့ ဟိုဥတု ဒီဥတု ရယ်လို့ သီးသန့်မရှိပဲ ခု နေပူနေရင်းနဲ့လဲ မိုးရွာချင် ရွာလိုက်တာပဲ။ တစ်ညလုံး အိပ်မရအောင် ပူနေပေမယ့်လဲ မနက်ရောက်ရင် အေးချင်ရင် အေးနေတတ်တာ။ တစ်ညလုံး မိုးရွာပြီးရင်လဲ မနက်ဆို သူမဟုတ်တော့သလို နေက ခြစ်ခြစ်တောက် ပူနေတတ်တာပါ။ အဲ့လိုနိုင်ငံကို ရောက်ရှိနေတဲ့ ကျမ ရန်ကုန်က ဆောင်းတွင်းကို လွမ်းပါတယ်။ ဆောင်းတွင်းမှ မဟုတ်ပါဘူး သူ့အချိန် သူ့ရာသီတွေ ရောက်တိုင်း ဒီအချိန်ဆို ဘယ်လိုဖြစ်နေပြီ၊ ဘာပန်းတွေ ပွင့်နေပြီ စသဖြင့် လွမ်းဆွတ်နေမိပါတယ်။ သြော်... မြန်မာတို့ရဲ့ ချစ်စရာ ဓလေ့၊ ထုံးစံတွေက အစပေါ့....

ရွှေပြည်တော် မျှော်တိုင်းဝေးးးး
တစ်နှစ်မှာ သုံးရာသီ
လေးလကိုတစ်ဥတုနဲ့
ရာသီမျှော်နိုင်ငံလို့
တင်စားခေါ်နိုင်တာ
ငါတို့နိုင်ငံပေါ့။

ဒီနိုင်ငံမှာ
အဲ့ဒီ ငါတို့နိုင်ငံမှာလေ
ဟိုးအရင်တည်းက
သယံဇာတ
ပေါကြွယ်ဝသလို
ဆန် ရေ စပါးလဲ
ပေါများပြည့်လျှံခဲ့ပါတယ်။

ခုတော့........
.................
.................

ငါအရမ်းလွမ်းတယ်
မြန်မာပြည်ရယ်....

ဒါပေမယ့်....
................
................
................

ငါပြန်မလာချင်သေးဘူး
အနိဌာရုံတွေ မမြင်ရက်သေးလို့ပါ
ကြည့်နိုင်တဲ့ အင်အားလဲ မရှိသေးဘူးဟာ....
*****

0 comments:

 
Looking for something? Try :::