NyAlAy
အချိန်ပေး၍ လာရောက်ဖတ်ရှုသူများကို ကျေးဇူး အထူးတင်ရှိပါတယ်။ နှစ်သစ်မှာ ပျော်ရွှင် ငြိမ်းချမ်းကြပါစေ....

Jul 3, 2007

မဆော့စေချင်တဲ့ ကြက်ပျံ ၀က်ပျံ

ညနေခင်း တစ်ခုတွင် ညလေးတစ်ယောက် ခြံထဲဆင်းပြီး ထိုင်နေစဉ်
"ဟဲ့ ညလေး ဘာထိုင်ငိုင်နေတာတုန်း ဟ"
ညနေတိုင်း ညလေးတို့ သူငယ်ချင်းတွေ ဆုံနေကြနေရာမှာ ဆုံရင်ဆုံ မဆုံဖြစ်ဘူးဆိုရင်တော့ သူတို့တွေ ညလေးဆီ လာနေကြလေ။ အသံနဲအတူ အနားရောက်လာတဲ့ သူဇာတို့တွေကို တွေ့လိုက်ရပါတယ်။
"ငါလား စိတ်ညစ်လို့ ထိုင်နေတာ လာကြဟာ"
"နင်ပုံကြည့်ရတာ တော်တော် စိတ်ပျက်နေပုံပဲနော်၊ မျောက်ထိုင် ထိုင်ပြီး ဠင်းတမှိုင် မှိုင်နေရတယ်လို့"
"နရဲကောင် လာပြီ နင်ကတော့၊ ပြောမှပဲ ငါလဲ တိရစ္ဆာန်ဖြစ်တော့မယ်"
"ဟုတ်တယ်ဟ ပြောပြီး နှုတ်ခမ်းစူထားတာ ၀က်မလေးနဲ့တူတယ်၊ ပြီးတော့ နင်က အသားဖြူတော့ ဗျိုင်းနဲ့လဲ ခပ်ဆင်ဆင်ပဲ ခြေစောင့်ပြီး သွားရင်များ ဆင်နင်းသလိုပဲလေ"
"အငယ်မ နင်ကပါ ငါ့ကို ၀င်ပြောနေတယ်ပေါ့၊ နင်တို့တွေကလေ သူငယ်ချင်းလေး ဘာဖြစ်နေလဲ ဘယ်လို ခံစားနေရလဲ အရင်မမေးကြဘူး၊ တော်တော် ချစ်ဖို့ကောင်းကြတယ်၊ အင်းလေ ငါကလဲ သူများကို အဲ့လိုမျိုး မှိုချိုး မျှစ်ချိုး အပြောမျိုး မပြောတတ်တော့ ငါပဲ ခံရတာပေါ့လေ"
"အဲ နဲနဲလေး ဆော်လိုက်ရမှ ပြောမိတာ မှားပါတယ်။ စိတ်ညစ်တယ်ဆို ဘာလိုညစ် ! "
"ငါ့အစ်မ သူ့ကလေးတွေ ဆော့လို့တဲ့ ရိုက်နေတယ်လေ"
"ဟဲ့ ကလေးပဲ ဆော့မှာပေါ့ဟ ဘာရိုက်စရာလိုလဲ"
"ပေါက်တက်ကရ ပြောဆော့နေလို့တဲ့"
"ဘာမို့လဲဟ"
"ပြောပါ့မယ်ဟ ပြီးရင် နင်တို့လဲ ၀ိုင်းစဉ်းစားပေးဦး"
"အေးပါဟ ပြောမှာသာ ပြောစမ်းပါ တကတည်း လေရှည်လိုက်တာ"
"ဒီလိုဟ"
*****
ဒီနေ့ ငါ့ တူလေးနဲ့ တူမလေး ကျောင်းက ပြန်ရောက်တော့ ရေချိုး ညနေစာ စားသောက်ပြီးလို့ ဧည့်ခန်းထဲ ထိုင်ဆော့နေတုန်း ငါ့အစ်မ မပြောမဆိုနဲ့ ထ ရိုက်ပါလေရောဟာ။ သူ့အမေရိုက်တာ တစ်ခါမှ မခံဖူးတဲ့ ကလေးနှစ်ယောက် ငိုလိုက်တာဆိုတာ။ အမေက ၀င်တားယူပြီး မေးတော့မှ
"သမီး ကလေးတွေ ဆော့နေတာ ဘာလို့ရိုက်ရတာလဲ ဘာဖြစ်လို့လဲ"
"ပေါက်တက်ကရတွေ ပြောဆော့နေလို့လေ အမေရဲ့"
"ဘာများ ပြော ဆော့နေလို့တုန်း အလန့်တကြား"
"ကြက်ပျံ ၀က်ပျံ ဘဲပျံ တဲ့လေ"
"ဟဲ့ အဲ့ဒါဘာဖြစ်လဲ သမီးရဲ့ သမီးတို့ ငယ်ငယ်ကလဲ ဆော့နေကြပဲလေ ထူးဆန်းပြီး ရိုက်ရလား သက်သက်မဲ့ ကလေးတွေကို"
"အမေကလဲ အမေတို့တုန်းက မဆော့ဖို့ မပြောခဲ့လို့လဲ ခုဆို ကြက်တွေ ၀က်တွေက မိုးပေါ် ပျံတက်ကုန်ကြပြီလေ" တဲ့
ကဲ ငါ့အမေလဲ ဘာမှကို ပြန်မပြောနိုင်တော့ဘူးလေ။ အဲ့ဒါ ဟုတ်လားဟင်?
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Jun 26, 2007

ဘလော့ဂ်ပေါ်ကလက်မှတ်လေး

ဘလော့ဂ်ပေါ်မှာ လက်မှတ်ထိုးချင်ကြတဲ့ သူများအတွက် ညလေးကို တကျီကျီ လာအော်လွန်းလို့ တင်ပေးလိုက်ပါတယ်။ အားလုံး ကျေနပ်နိုင်ကြမယ်လို့ ထင်ပါတယ်။ မရှင်းသေးရင်လဲ ထပ်မေးနိုင်ပါတယ်။ လေသံကို ခပ်မာမာလေး ပြောပြီးသကာလ ပို့စ်ကိုတော့ ဆက်လက်ရှုစားကြပါရန် ဟိ (ချိတ်ချိုးကြေးနော်)။
*****
အဲ့ဒါကို "ဦးလရောင်" က တင်ထားပေးပြီးသားပါ။ သူ့ဆီ လူအသွားနည်းလို့ မသိကြတာ နေပါလိမ့်မယ်။ ညလေးကပဲ ထပ်တင်ပေးလိုက်ပါတယ် (အတော်ပဲလေ ခေါင်းထဲကလဲ ပို့စ်မထွက်သေးတာနဲ့) ။

Signature ဆိုဒ်ထဲဝင်ပြီး လိုချင်တဲ့ နံမယ်ရိုက်ထည့် ပြီးရင် Next Step နဲ့သွား Font Design ရွေး (စာလုံးဒီဇိုင်းက ၁ ကနေ ၁၂၀ ထိ ရွေးယူလို့ရပါတယ်)။ စာလုံးကို ကိုယ်ကြိုက်တာ ရွေးပြီးရင် အဆင့်ဆင့် ဆက်သွားပြီး အရွယ်အစား၊ အရောင် နဲ့ စာလုံးပုံစံကို အတန်းလိုက် လိုချင်လား အပေါ်ထောင်မလား ကြိုက်ရာ ထပ်ရွေးပါ။ ပြီးလို့ Next Step နဲ့သွားပြီးရင်တော့ သူက မေးခွန်းသုံးမျိုးနဲ့ ဘယ်လို လိုချင်လဲ လာမေးပါလိမ့်မယ်။ အဲ့ဒီမှာ အောက်ဆုံးက Want to use this signature? ဆိုတာကို Click လိုက်ရင် နောက်တစ်ဆင့် ရောက်သွားပြီး Generate HTML Code ဆိုတာကို လာပေးပါလိမ့်မယ်။

အဲ့ဒါကိုမှ Click လိုက်ရင်တော့ Generate a code for my handwritten signature ဆိုတာကို ထပ်တစ်ဖန် Click ရပါသေးတယ်။ ပြီးတော့မှ Coding လေး လာပေးပါလိမ့်မယ် အဲ့ဒီ Coding ကို Setting အောက် Fomatting ထဲက Template ထဲမှာ အသေ သဘောမျိုး ညလေးက ထည့်ထားပေးလိုက်တယ်။ ဒါမှ ထပ်ခါထပ်ခါ ယူမနေရအောင် တစ်ခါတည်း အလုပ် ပြီးသွားတာပေါ့။ Sign လေး လိုချင်ရင် ထည့်လို့ရပြီး မသုံးချင်ရင် ဖျက်လိုက်ယုံပဲ။ အင်း သိကြမှာပါ ညလေးက ဆရာလုပ်တာ ဟုတ်ဘူးနော် ပြောရင်းနဲ့ တစ်လက်စတည်း အကုန်ပြောပေးလိုက်တာ။

ညလေးရဲ့ Template ထဲမှာဆိုရင် Dropcaps တွေရော ဒီ့ပြင်လိုချင်တဲ့ Coding တွေနဲ့ရော ရှုပ်ပွနေတာပဲလေ။ ပို့စ်တစ်ခုတင်ရင် မသုံးတဲ့ Coding တွေ ပြန်ဖျက်နေရတဲ့ တစ်ခုပဲ ပြောစရာရှိပါတယ်။ ကျန်တာအားလုံး အဆင်ပြေပါတယ်။

ဆိုဒ်လင့်ခ်က အောက်မှာပေးထားပါတယ်။ သူငယ်ချင်းများ အားလုံး ပျော်ရွှင်နိုင်ကြပါစေ....
"Signature Site"
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Jun 12, 2007

မြတ်နိုးချစ်

တစ်မိုးအောက်မှာ
တစ်ယောက်တည်းဖြစ်
ရင်နှစ်ကာသိမ်းထား....
အသည်းကြားမှ
ခွဲခြားမယူ
ဝေဒနာထူလည်း
သူပါပဲကွယ်
ခါခါထပ်ပြော
မမောစေရ
စကားလှကို
ပြုံးရိပ်ထင်ရစ်
မြတ်နိုးချစ်........
*****
ဘာမှ မတင်နိုင်မယ့်တူတူတော့ အရင်တုန်းက ရေးထားတာလေးပဲ ပြန်တင်လိုက်တယ်။ ခံစားကြည့်ကြပါဦး။
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Jun 7, 2007

ထောင်ကျနေတဲ့မြင်း

ဒီပို့စ်မရေးခင် အားလုံးပဲ စိတ်အချိုးကြနဲ့နော်..... မုန့်ဝယ်ကျွေးမယ် သိလား။ =P
*****
တခုသော ညနေခင်းအချိန်တွင် ညလေးတစ်ယောက် ဖုန်းတစ်လုံးဖြင့် အလုပ်ရှုပ်နေသည်။ အဘယ်ကြောင့်ဆိုသော် ဘလော့ဂါမမများနှင့် ဦးဦးများဆီသို့ ဒီတစ်ပါတ် တနင်္ဂနွေနေ့တွင် အားလုံး ဆုံတွေ့ပြီး တစ်နေကုန် လျှောက်လည်ကြရန် ဖြစ်သည်။
“ဟယ်လို ဦး.... လား၊ ညလေးပါ ဒီတနင်္ဂနွေ အားလားဟင်၊ ညလေးတို့တွေ မနက်စောစော ၆ နာရီလောက် ဘုရားတက်ပြီး လျှောက်လည်ကြမလို့၊ အင်း ဒါဆိုလဲ ဒါပဲနော်”
“ဟယ်လို မ...... လား၊ ညလေးတို့တွေ ဒီတနင်္ဂနွေ လျှောက်လည်ကြမလို့လေ၊ ကျန်တဲ့သူတွေလဲ ချိန်းပြီးပြီ၊ အင်း မနက်စောစောကို ၆နာရီလောက် ဘုရားရင်ပြင် အနောက်ဘက်မုခ်ကို လာခဲ့၊ လူကုန်ပဲလေ မတို့ဖာသာ ညှိပြီး စုလာကြလဲ ရတယ်၊ ညလေးကို ၀င်ခေါ်လဲ စိတ်မဆိုးဘူး”



ဒီလိုနှင့် သူတို့တွေ စုရပ်တွင် လူစုံသည်နှင့် အုပ်စုလိုက်ကြီး ဘုရားကို အားပါးတရ ဖူးမြော်ကြကာ လက်ယာရစ် ၃ ပတ် လှည့်လည်ပူဇော်ပြီး ရွှေတိဂုံ မြောက်ဘက်မုခ်မှ လှေကားထစ်များအတိုင်း ဆင်းလာကြသည်။ ပြီးနောက် “M3 Food Center” တွင် မနက်စာ ၀င်ရောက် သုံးဆောင်ကြပါသည်။ ဒကာခံသူများမှာတော့ နိုင်ငံကြီး (ဘယ်လောက်ကြီးလဲ မေးကြည့်ကြရန်) များမှ ဖြစ်ကြသော ဦးကလိုစေးထူး၊ ဦးရန်အောင်နှင့် မအိမ့် တို့ပင် ဖြစ်သည်။ ဒကာခံသူရှိသည်နှင့် တပြိုင်နက် ကျန်ဘလော့ဂါများ စားလိုက်ကြသည်မှာ ပြောစရာမလိုအောင်ပင် ပန်းကန်များ အထပ်လိုက်၊ ခွက်များ အစီအရီဖြင့် စားပွဲခုံပြည့်လျှံအောင် ကျန်ရစ်နေခဲ့လေသည်။ (စကားချပ်။ ။ တစ်နေလုံး ကြိုက်သလောက်စား ဒကာခံကြမည် ဖြစ်ပါသည်။)

သူတို့တွေ ဗိုက်တင်းကားအောင် စားကြပြီး ဗိုလ်ချုပ်ပန်းခြံထဲတွင် ခဏတာ အပန်းဖြေရင်း ဆော့ကစားကြသေးသည်။ စိန်ပြေးတမ်း၊ အတွဲခုတ်တမ်း၊ ကြောင်နှင့်ကြွက်၊ တိုင်ဦးတန်း နှင့် ကြက်ဖခွပ်ပါမကျန် မကြီးမငယ်နှင့် ဆော့လိုက်ကြသည်မှာ ဟိုအကောင် ရှုံးလောက်သည်ဟု လာရောက် လည်ပတ်ကြသူများ ပြောကြသည့်တိုင်အောင် အရှက်မရှိကြပါ။ ငယ်ရွယ်သူများက ထားပါတော့ အသက်ကြီးသော ဦးဦးဆန်း၊ ဦးကလိုစေးထူး၊ ဦးဦးဒေါင်း နှင့် ဦးဦးတက်တို့မှာ အဆိုးဆုံးဖြစ်သည်။ ကျန်သူများ ခဏတာ နားနေချိန်တွင်လည်း မနားနိုင်ပဲ စုံတွဲများကို လိုက်လံချောင်းကြည့် နေကြသေးသည်။ သူတို့မို့ မမောမပန်း။ =P

သည့်နောက်တွင် နေ့လည်စာကို ဖြစ်သလိုပင် လသာလမ်းမကြီးတွင် ဖွင့်လှစ်ထားသော သက်သက်လွတ် တရုတ်ထမင်းဆိုင်တွင် အ၀အပြဲ ၀င်တီးကြသေးသည်။ (အဲ့ဒီဆိုင် အရမ်းကောင်းတယ် သိလား၊ သက်သက်လွတ်သာ ပြောတယ်၊ ပုဇွန်စားမလား၊ ၀က်အူစားချင်လား အကုန်ရတယ်၊ ဂျုံတွေနဲ့ ချက်ထားတာ တအားကောင်း၊ မယုံရင် သွားစားကြည့်ကြ၊ ဈေးလဲ တော်တယ်) အနည်းငယ် ဈေးသက်သာသည့်အတွက် စားလိုက်ကြသည်မှာ မှာမလောက်ဖြစ်ကာ ချလိုက်သည်နှင့် တခဏအတွင်း ပန်းကန်ဆေးစရာ မလိုလောက်အောင် ပြောင်လက် သွားတော့သည်။ (ဆိုင်က ပန်းကန်ဆေးရတာ သက်သာအောင်လေ)=D ဒီလိုနှင့် စားသောက်လိုက်ကြသည်မှာ - ဦးဆေးထူး ၅ ပန်းကန်၊ ဦးဦးဆန်း ၆ ပန်းကန်၊ ဦးတက် ၈ ပန်းကန်၊ ဦးဒေါင်း ၅ ပန်းကန်၊ ဦးရန် ၇ ပန်းကန်၊ ဦးကျော်ဇေယျ ၆ ပန်းကန်၊ ဦးချမ်း ၈ ပန်းကန်၊ မျိုးမျိုးကျော်ထွန်းနှင့် သန့်သန့်ဇင်အောင်ပင် ၅ ပန်းကန် နှင့် ကျန်သူများ အသင့်အတင့် လောက်သာ။ မမလေးများလဲ စားလိုက်ကြသည်မှာ တစ်ယောက်ကို ထမင်း ၄ ပန်းကန်လောက် ကုန်ကြသည်။ အလကားရတုန်း အပီတွယ်မှဟုများ တွက်ထားကြလေသည်လား ?။ (မှတ်ချက်။ ။ ဆိုင်မှ ပန်းကန်ပြားနှင့် မပေးပဲ တရုတ် ပန်းကန်လုံးလေးတွေဖြင့် ပေးသောကြောင့် ဖြစ်သည်) =D

ထမင်း စားသောက်ကြပြီးသည့် သကာလ ဆရက်မင်းစည်းစိမ်ခံကြရန် မမလေးများ ရုပ်ရှင်ကြည့်ချင်သည် ပြောသောကြောင့် သမ္မတရုံတွင် ၀င်ကြည့်ကြသေးသည်လေ။ ဒီလူအုပ်ကြီးအတွက် လက်မှတ်ရရန်မှာ အတော်ပင် ခဲယဉ်းလှသည်။ သို့ပေသိ ရုပ်ရှင်မှာ ဘယ်သူမှ ၀င်မကြည့်ကြသော ပျင်းစရာကောင်းသည့် ဇာတ်ကား ဖြစ်သောကြောင့် လက်မှတ်ရလွယ်ကာ ၀င်အိပ်ရန်သာ ကြည့်ကြခြင်းဖြစ်သည်။ =p

ဒီလိုနှင့် ရုပ်ရှင်ရုံမှ ထွက်လာကြသောအခါ ညနေခင်းအချိန် ၃ နာရီပင် ထိုးလုပြီဖြစ်သည်။ အနည်းငယ် ဆာလောင်လာကြသည့်အတွက် ဖြစ်ချင်ရာဖြစ်ဟုဆိုကာ ၃၈ လမ်းမှ YKKO တွင် ကြေးအိုးဝင်သောက်ကြလေသည်။ ဒီတွင်လဲ ဗိုက်ကို မဆန့်မပြဲဖြစ်ကာ လျှံထွက် ကျလောက်အောင်ပင် စားသောက်ကြပြီး၊ ထပ်တခါ Dream တွင် အအေး ၀င်သောက်ကြသေးသည်။ (စတော်ဘယ်ရီလက်ဖျော် အရမ်းကောင်းတယ် သိကြလား၊ ကျန်တာတွေတော့ မသောက်ဖြစ်လို့ မသိဘူး၊ ဒရင်းမ်ရောက်ရင် စတော်ဘယ်ရီ ပေါ်ချိန်တိုင်း စတော်ဘယ်ရီ ဖျော်ရည်ပဲသောက်တယ်။ စတော်ဘယ်ရီသီးတွေကို သိပ်မကြေအောင် ချေပြီး၊ နို့ထည့် မလိုင်များများနဲ့ နို့ဆီထည့်ပေးထားတာ ချိုချဉ်လေး စတော်ဘယ်ရီ အတုံးလိုက်လေးတွေနဲ့ ဘယ်လို သောက်ကောင်းမှန်း မသိ။ သိချင်ရင် သွားသောက်ကြည့်ကြနော် ပိုက်ပိုက်မရပဲ အလကားကြော်ငြာပေးနေတာ) =D

ပြီးနောက်တွင် အချိန်ကြည့်လိုက်ကြရာ ညနေ ၆ နာရီကျော်နေပြီ ဖြစ်သော်လည်း အချိန်အများကြီး ကျန်နေသေးသည့်အတွက် ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်သို့ အများ သဘောဆန္ဒအတိုင်း သွားရောက် လည်ပတ်ကြသည်။ တိရိစ္ဆာန်ဥယျာဉ်ထဲတွင် အကောင်ပလောင်များ စုံလင်လှသည်။ မမြင်ဖူးသော အကောင်များ ဦးချိုရှိသော ကြံ့၊ အတောင်ပါသောငှက်များ၊ အတောင်ချိုးထားသော ဒေါင်းများနှင့် ရေကူးတတ်သော ဖျံများပင်။ တချိန်တုန်းက ကမ္ဘာကသိအောင် ကျော်ကြားလှသော ကျွန်ုပ်တို့၏ ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်ကြီးကား ယခုထက်ထိ သစ်လွင်၊ လှပ၊ စိမ်းလန်း စိုပြေ နေဆဲပင် ရှိနေသေးသည်။ ဟိ

မမလေးတို့ ရှေ့မှ လျှောက်ကာ ဦးဦးများ နောက်မှ ဖြည်းဖြည်းချင်း လိုက်ပါလာကြလေသည်။ မမလေးများမှာ မမြင်ဖူးသည့် အထူးအဆန်းများ မြင်တွေ့ရသည့်အတွက် “ဟယ်...” “ဟင်...” နှင့် တအံ့တသြဖြစ်ကာ လမ်းလျှောက်လာကြရာ တစ်နေရာအရောက်တွင် ဘာညာလေးမှ
“ဟယ် မြင်းကြီးတွေ ထောင်ကျနေတယ်တော့.....”
ဟု အလန့်တကြား တအံ့တသြ နှင့် ဆွေ့ဆွေ့ခုန် အော်လိုက်သံကြောင့် ဦးဦးများနှင့် မမလေးများ အပြေးလာကာ သူမ လက်ညှိုးညွှန်ပြရာသို့ လှမ်းကြည့်လိုက်ကြရာတွင်။ မြင်းကျားကြီးများ ဖြစ်နေသောကြောင့်...

သူမပြောသည်ကို အူကြောင်ကြောင်ဖြင့် ခေတ္တခဏ ကြောင်သွားကြပြီးမှ စဉ်းစားလိုက် မြင်းကျားကြီးများကို ကြည့်လိုက်နှင့် ရီလိုက်ကြရသည်မှာ အူတက်မတက်ပင်။
“ဟား.... ဟား... ဘာညာတို့တော့ လုပ်ချလိုက်ပြန်ပြီ”
“ဟင်း.... ဟင်း.... ဘာညာလေးကတော့လေ”
“ဟတ်...ဟတ်...ဟတ်.... ဘာညာပေါက်စ ဖြစ်ရမယ်”
“ဟိ.... ဟိ..... ဘာညာလေး မြင်းထောင်ကျနေတယ် ဟုတ်လား”
“ဟာ... ဟ ကယ်ပဲ ဘာညာရေ၊ ညည်းပြောသလိုပဲဟ”
“အေး ငါလဲ ခုမှ သေချာကြည့်မိတယ်”
“ကောင်းလိုက်တဲ့ မှတ်ချက်ဟာ နာတော့ စေ့စေ့တွေးလေ ပေါ်လေပဲ”
“ဟေ့ရောင် နာလဲ ခုမှ ကွက်ကွက်ကွင်းကွင်း မြင်တော့တယ် ဟီ ဟိ”
အသီးသီး ဤသို့ မှတ်ချက်များပင် ချရလေသည်။

ဟိ ဘာလဲဟင် သိကြလား။ သိတဲ့သူများ ဖြေကြပါကုန်။
*****
မသိကြဘူးပြောလို့ ဇာတ်လမ်းထဲမှာ ပြန်ဖြည့်ပေးထားပါတယ်။ ခေါင်းစဉ်လေးပါ အနည်းငယ် ပြင်လိုက်တယ်။ =P ညလေးက ဟာသလေး တစ်ကြောင်းလောက်ကို မနည်းရောက်အောင် ဆွဲယူလာရတယ်။ ဟင့် တစ်ကြောင်းတည်းဆို တိုပြီး ပို့စ်နည်းနေလို့...
ဒီစာကြောင်းလေးကို ဟိုနေ့က ဖတ်ဖြစ်တဲ့ “ဇ၀နရဲ့ ကောလိပ်ကျောင်းသား” ၀တ္ထုထဲက ရပါတယ်။ =D
ဤတွင် ညလေး၏ဇာတ်လမ်း ပြီး၏။ မရီရရင်လဲ မေတ္တာပို့ကြပါကုန်။
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Jun 5, 2007

Alphabet of Happiness

A--Accept
Accept others for who they are and for the choices they've made even if you have difficulty understanding their beliefs, motives, or actions.

B--Break Away
Break away from everything that stands in the way of what you hope to accomplish with your life.

C--Create
Create a family of friends whom you can share your hopes, dreams, sorrows, and happiness with.

D--Decide
Decide that you'll be successful and happy come what may, and good things will find you. The roadblocks are only minor obstacles along the way.

E--Explore
Explore and experiment. The world has much to offer, and you have much to give. And every time you try something new, you'll learn more about yourself.

F--Forgive
Forgive and forget. Grudges only weigh you down and inspire unhappiness and grief. Soar above it, and remember that everyone makes mistakes.

G--Grow
Leave the childhood monsters behind. They can no longer hurt you or stand in your way.

H--Hope
Hope for the best and never forget that anything is possible as long as you remain dedicated to the task.

I--Ignore
Ignore the negative voice inside your head. Focus instead on your goals and remember your accomplishments. Your past success is only a small inkling of what the future holds.

J--Journey
Journey to new worlds, new possibilities, by remaining open-minded. Try to learn something new every day, and you'll grow.

K--Know
Know that no matter how bad things seem, they'll always get better. The warmth of spring always follows the harshest winter.

L--Love
Let love fill your heart instead of hate. When hate is in your heart, there's room for nothing else, but when love is in your heart, there's room for endless happiness.

M--Manage
Manage your time and your expenses wisely, and you'll suffer less stress and worry. Then you'll be able to focus on the important things in life.

N--Notice
Never ignore the poor, infirm, helpless, weak, or suffering. Offer your assistance when possible, and always your kindness and understanding.

O--Open
Open your eyes and take in all the beauty around you. Even during the worst of times, there's still much to be thankful for.

P--Play
Never forget to have fun along the way. Success means nothing without happiness.

Q--Question
Ask many questions, because you're here to learn.

R--Relax
Refuse to let worry and stress rule your life, and remember that things always have a way of working out in the end.

S--Share
Share your talent, skills, knowledge, and time with others. Everything that you invest in others will return to you many times over.

T--Try
Even when your dreams seem impossible to reach, try anyway. You'll be amazed by what you can accomplish.

U--Use
Use your gifts to your best ability. Talent that's wasted has no value. Talent that's used will bring unexpected rewards.

V--Value
Value the friends and family members who've supported and encouraged you, and be here for them as well.

W--Work
Work hard every day to be the best person you can be, but never feel guilty if you fall short of your goals. Every sunrise offers a second chance.

X--X-Ray
Look deep inside the hearts of those around you and you'll see the goodness and beauty within.

Y--Yield
Yield to commitment. If you stay on track and remain dedicated, you'll find success at the end of the road.

Z--Zoom
Zoom to a happy place when bad memories or sorrow rears its ugly head. Let nothing interfere with your goals. Instead, focus on your abilities, your dreams, and a brighter tomorrow.
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Jun 3, 2007

ဘလော့ဂ်စံအိမ်

ညလေး ဒီပို့စ်မရေးခင် အရင်ဆုံး ပြောချင်တာက ဘာလို့ ဒီနံမယ် ပေးဖြစ်လဲဆိုတာပါ။
အရှင်ဆန္ဒာဓိကရဲ့ “မြင့်မြတ်သူတို့ရဲ့စံအိမ်” ဆိုတဲ့ စာအုပ်ကို ဖတ်နေတာ တပါတ်လောက်တော့ ရှိနေပြီ။ ဒါပေမယ့် စိတ်ကူးထဲမှာ မစဉ်းစားမိသေးဘူး။ မနေ့က ဖတ်နေရင်းနဲ့မှ ညလေးတို့တွေ ဘလော့ဂ် ရေးနေကြတာကို တွေးမိသွားပြီး ရေးဖြစ်သွားတာပါ။ ဒါပေမယ့် မြင့်မြတ်တယ် လို့တော့ မသုံးပါဘူး၊ ကိုယ်တိုင်က မြင့်မြတ်တယ်လို့ မခံစားရသေးလို့ပါ။ :)
*****
ဘုန်းကြီးကျောင်းဆိုတာ ဘုန်းကြီးတွေ သီတင်းသုံးတဲ့နေရာကို ခေါ်ပေမယ့် အိမ်ပဲမဟုတ်လား။ ငှက်တွေနေတဲ့ နေရာကို အသိုက်လို့ခေါ်ပေမယ့်လဲ အဲ့ဒီအသိုက်ဟာ ငှက်ကလေးတွေနေတဲ့ အိမ်ပဲပေါ့။ ခြင်္သေ့တွေ၊ ကျားတွေ၊ ကျားသစ်တွေကျတော့ ဂူထဲအောင်းကြတယ်၊ သူတို့နေတဲ့ဂူကလဲ အိမ်ပဲ မဟုတ်လား။ ပြီးတော့ ကြွက်၊ ခြနဲ့ ပုရွက်ဆိတ်တွေက တွင်းထဲနေကြတယ်၊ သူတို့နေတဲ့ တွင်းဟာလဲ အိမ်ပါပဲ။ တွင်း၊ အသိုက်၊ ဂူ စတာတွေကို ခြုံပြီးသုံးရင် သူတို့နေကြတဲ့ အိမ်လေးတွေပဲလေ။ လူတွေနေတော့လဲ လူနေအိမ်ပေါ့နော့။
ခု ကျမတို့တွေ အင်တာနက်ပေါ်မှာ အိမ်လေးတွေ ကိုယ်စီရှိနေကြပြီလေ.....

ကျမတို့တွေ စစဦးဆုံး အိမ်လေးဆောက်ဖို့ အကြံရတဲ့သူကို ကျေးဇူးတင်ပါတယ်။ အရင်တုန်းက အင်တာနက်ပေါ်တက်ရင် လေလွင့်နေတဲ့လူလိုပဲ၊ ရောက်ရာပေါက်ရာ လျှောက်သွားနေမိတယ်။ စိတ်ဝင်စားစရာ နေရာအနှံ့လဲ ရောက်ပါရဲ့ ချက်ရွမ်း(ဇရပ်)တို့၊ ဖိုရမ်တို့ပေါ့။ ဘာလို့လဲဆိုတော့ ကိုယ်ပိုင်တာ မဟုတ်ဘူးလေ။ အများအတွက် ရည်ရွယ်ပြီး ဆောက်လုပ်ထားတဲ့ နေရာမှာ ခဏတာ လည်ပတ်ရင်းနဲ့ တွေ့ကြတဲ့သူတွေ အချင်းချင်း အလာပ၊ သလာပ ပြောဆိုကြတာ။ အချိန်ကြာတော့ ရင်းနှီးလာကြတယ်။ ဆွေးနွေးကြတယ်၊ ဖလှယ်ကြတယ်၊ မေးလ်ပို့ကြတယ်၊ အရမ်း ခင်မင်တယ်ဆိုလို့ သိပ်မရှိသလောက်ပဲ ကြာရင် မေ့ပျောက် သွားကြတာ များတယ်၊ ညလေးဆို နစ်ခ်တွေတောင် သိပ်မမှတ်မိတော့ဘူး။ လူများတော့ ပျော်စရာတော့ ကောင်းပါရဲ့၊ စိတ်ညစ်ဖို့လဲ ကောင်းတယ်။ ဆွေးနွေးကြ၊ ခင်လို့မင်လို့ စနောက်ကြတာ ပျော်ပေမယ့်၊ လွန်သွားတဲ့ခါ ငြင်းခုန်ကြ၊ ရန်ဖြစ်နေကြတာတော့ စိတ်ညစ်တယ်။ ပြီးတော့ ချက်ထဲကလူတွေ ဖိုရမ်ပေါ်မှာ ဆွေးနွေးနေကြတဲ့ သူတွေကို ပေါ်မလာ အတော်ကြာရင်၊ ပျောက်နေကြရင် သူတို့နဲ့ ဆက်သွယ်ဖို့ရာ ခက်ခဲကြတယ်လေ။

ခုတော့ ကျမတို့တွေ အင်တာနက်ပေါ်မှာ ကိုယ်ပိုင် အိမ်လေးတွေ ကိုယ်စီနဲ့ ဟန်ကျနေကြပြီပေါ့။ ဘလော့ဂ်တစ်ခုကို စိတ်ကြိုက် ဖန်တီးယူရတာဟာ အိမ်လေးတစ်လုံး ဆောက်နေရတာနဲ့ တူမနေဘူးလား။ အစဦးမှာ ဘာမှမရှိတဲ့ အခွံလေးကို အရင်ဆုံး ဖန်တီးယူကြရတယ်။ နောက်တော့မှ အထဲမှာလိုအပ်တဲ့ ပစ္စည်း ပစ္စယတွေကို တပ်ဆင်ကြတာလေ။ အပြင်လောကမှာလဲ ကိုယ်လိုချင်တဲ့ အိမ်လေး(အခွံ) ၀ယ်ပြီးသွားရင် အထဲမှာ လိုအပ်တဲ့ အိမ်ထောင် ပရိဘောဂတွေကို စိတ်ကြိုက် ၀ယ်ယူ တပ်ဆင်ကြရတယ် ဟုတ်။ ဘလော့ဂ်မှာ လိုချင်တာလေးတွေ၊ လိုနေတာလေးတွေ၊ ဖြည့်ချင်တာလေးတွေ၊ တပ်ချင်တာလေးတွေကို တပင်တပန်း ကြိုးစားပြီးတော့ ရအောင် လုပ်ယူကြရတယ်။ မသိရင် သိတဲ့လူကို မေးမြန်းရသေးတယ်။ ပြီးတော့ သူများတွေရဲ့ အိမ်လေးတွေကို သွားလည်ကြတယ်၊ သူငယ်ချင်းတွေရဲ့ အိမ်လေးတွေကို အလည်အပတ် သွားနိုင်အောင်လဲ အိမ်လိပ်စာလေးတွေ ညွှန်ပေးထားကြသေးတယ် မဟုတ်လား။

ခု ကျမတို့ ဖန်တီးယူထားကြတဲ့ ဘလော့ဂ်လေးကတော့ ကိုယ်ပိုင်တယ်လေ၊ ကိုယ့်ခြေ ကိုယ့်လက်ပဲ၊ လုပ်ချင်သလိုလုပ်၊ ရေးချင်တာရေး၊ ပြောချင်တာပြော (ယဉ်ကျေးဖို့တော့ လိုတာပေါ့) မဟုတ်ရင် ကိုယ့်အိမ်ကို ဧည့်သည် ဘယ်လာတော့မလဲ နော့။

ကိုယ်ပိုင် ဘလော့ဂ်လေးတွေကို ဖတ်ရင်းနဲ့ ရေးသူတွေရဲ့ စိတ်နေ စိတ်ထားကိုပါ ခန့်မှန်း နိုင်ကြတယ်၊ ပြီးတော့ သူတို့ရဲ့ တည်နေရာတွေ၊ အလုပ်အကိုင်တွေ၊ နိုင်ငံရပ်ခြား ရောက်နေသူတွေဆီက သူရောက်နေတဲ့ နိုင်ငံရဲ့ ယဉ်ကျေးမှု၊ လူမှုဆက်ဆံရေး၊ နေထိုင် စားသောက်ပုံတွေက အစ သိရှိ နိုင်ကြတယ်လေ။ အများစုက စိတ်ခံစားမှု၊ ပါတ်ဝန်းကျင် အခြေအနေ၊ နေထိုင်ပုံ၊ ရသစာ၊ ၀တ္ထုတို၊ သုတစာတွေ ရေးတတ်ကြတယ်။ နည်းပညာပိုင်းဆိုင်ရာ ရေးတဲ့သူလဲ ရှိတယ် (နည်းပါတယ်)။ မိမိခံစားနေရတာတွေ၊ တွေ့ကြုံရတဲ့ ဗဟုသုတတွေကို ကဗျာနဲ့တစ်မျိုး၊ စာနဲ့တစ်ဖုံ ဖန်တီး ရေးဖွဲ့တတ်ကြတာ တော်ပါပေတယ် လို့ပဲ ပြောတတ်တော့တယ်။
အိမ်ရှင်က စိတ်ညစ်နေလို့ပဲဖြစ်ဖြစ်၊ မအားလို့ပဲဖြစ်ဖြစ် အိမ်ကို လှည့်မကြည့်ပဲ ပစ်ထားတာ ကြာနေရင်လဲ သူ့အိမ်လေးကို သွားလို့ သတိရကြောင်း၊ ပျောက်နေကြောင်း၊ စာတွေ ဆက်ရေးဖို့ အကြောင်းနဲ့ ကျန်တာတွေကို မှာထားခဲ့ နိုင်သေးတယ်။ အရင်လို ဘယ်နား သွားရှာရမှန်းမသိ မဖြစ်တော့ဘူးနော် (အရမ်းကောင်းတာပဲ)။ အိမ်ရှင်လေး စိတ်ပါလာတဲ့တစ်နေ့ သူ့အိမ်လေးကို သူပြန်လာဦးမှာပါ (သေချာသလောက်ပါပဲ)။ အနည်းဆုံး တစ်ခါလောက်တော့ ပြန်လာဦးမှာပါလေ။ ဘယ်လောက်ကြီး စိတ်မပါဘူး ပြောပြော တစ်နေ့မှာတော့ သူပြန်လာမှာပါ (မျှော်နေကြမယ်နော်)။

ဘလော့ဂ်ဆိုတာ မိမိ တစ်ယောက်တည်း လွတ်လပ်စွာ ပေါက်ကွဲထွက်လို့ရတဲ့ နေရာလေးတစ်ခု၊ သူတစ်ပါးကိုပါ မိမိရဲ့ စိတ်ခံစားမှုလေးတွေ ဝေမျှပေးနိုင်တဲ့ နေရာလေးတစ်ခုပါ။ ဘလော့ဂ်ထဲမှာ ရေးသားထားကြတဲ့ စာတွေ မလွတ်ကင်းရင် တရားစွဲလို့ရလား ဆိုတော့ (ညလေးမသိပါ)။ ဒါပေမယ့် မိမိရဲ့ အိမ်လေးထဲမှာ မိသားစုနဲ့၊ မောင်နှမတွေ အချင်းချင်း၊ သူငယ်ချင်းတွေနဲ့ ဥပဒေနဲ့ မလွတ်ကင်းတာတွေ ပြောမိ ဆိုမိကြမှာပဲလေ၊ ဟုတ်ဘူးလား။ ဘယ်သူက လာပြီး တရားစွဲသလဲ။ အိမ်တိုင်းမှာ CCTV နဲ့ Microphone တွေ တပ်ထားတာမှ မဟုတ်တာ၊ လွတ်လပ်တယ် ဟုတ်။ ဒီလိုပဲ ကိုယ့် ဘလော့ဂ်လေးတွေထဲမှာ ကိုယ်ခံစားခဲ့ရတာတွေ၊ သူများတကာတွေ ခံစားနေကြရတာတွေကို ကိုယ်ချင်းစာလို့ အများသိအောင် တင်ပြကြတယ်၊ ဝေမျှကြတယ်၊ ဒါတွေကို ဘယ်သူက ဘယ်ပုဒ်မနဲ့ တရားစွဲမလဲ (ကျမတို့တွေ ကိုယ့်အိမ်လေးထဲမှာ လုံခြုံစွာနဲ့ စကား ပြောနေကြတာပေါ့ နော့)။

ဒီလိုဆိုရင် ခေါင်းစဉ်ကို “ဘလော့ဂ်အိမ်” လို့ပေးရင် ရပြီမဟုတ်လား ဘာလို့များ “ဘလော့ဂ်စံအိမ်” လို့ ပေးထားသလဲ မေးရင် (ရှင်းပြမှာပါ)။ ပိုပြီး အသက်ဝင်သလိုပဲ၊ နားထောင်လို့လဲ ပိုကောင်းသွားတယ်။ ပိုပြီး ပြီးပြည့်စုံသွားအောင် လူအမျိုးမျိုးက စံပြုလောက်အောင်၊ စံညွှန်းလောက်အောင်၊ စံထားလောက်အောင် လှပသလောက် အသက်ဝင်လှတဲ့ အိမ်ကလေးတွေ ဖြစ်နေလို့ပါ။
“ဟယ် ဘလော့ဂ်လေးက လှလိုက်တာ”
“အေး... ဟုတ်ပါရဲ့၊ စာသားလေးတွေလဲ ကောင်းတယ်ဟ”
“ဟာ... ဒီလိုမျိုးလေး တစ်ခုလောက် လိုချင်လိုက်တာ”
“အင်း... တော်ကြပါပေတယ်”
“ဘယ်လိုလူမျိုးပါလိမ့် တော်တော်လေး ဖန်တီးနိုင်တယ်နော်”
“အယ်... ဒါလေးကျ တစ်မျိုးလေး တော့”
“ဟင်... ဒါလဲ ရိုးရိုးလေးနဲ့ လှတာပဲ”
ဒီလို ဒီလိုမျိုး မှတ်ချက်လေးတွေ ရလာရင် သဘောကျကြမယ် ထင်တယ်နော့......

စိတ်ချမ်းသာမှုတွေ စံစားနေရရင် (ခံစားနေရတယ် မသုံးချင်ဘူး၊ ဒုက္ခကိုမှ ခံစားရတယ်သုံးပါတယ်)၊ မိမိရဲ့နေရာလေးမှာ နေထိုင်ပျော်မွေ့နေရင် “စံအိမ်” လို့ သတ်မှတ်လို့ရပါတယ် (“အရှင်ဆန္ဓာဓိက” ကတော့ ဒုက္ခဝေဒနာတွေကို ခံစားရတယ်၊ သုခဝေဒနာကိုမှ စံစားရတယ်တဲ့။ ရှင်းအောင်ပြောရင် ဆိုးကျိုးတွေကို ခံစားရတယ်၊ ကောင်းကျိုးတွေဆို စံစားရတယ် တဲ့)။ ဒါ့ကြောင့် ဘလော့ဂ်ရဲ့ ကောင်းကျိုးတွေပဲ ဆက်လက် စံစားနေနိုင်အောင် ပြီးတော့ နောက်လူတွေ စံအဖြစ် သတ်မှတ်နိုင်လောက်အောင် လုပ်ပြချင်တယ်လေ။ ရှေ့က နည်းပြတွေ ကောင်းမှုလဲပါတာပေါ့။ ရှေ့က စံနမူနာ ပြသွားကြတဲ့ လူတွေကို မေတ္တာပို့ကြပါကုန်.....။ ဒူ.... ဝေ.... ဝေ.....။

ကျမရဲ့ အင်တာနက်ပေါ် ဆောက်ထားတဲ့ “ဘလော့ဂ်စံအိမ်” လေးထဲမှာ သူငယ်ချင်းတွေနဲ့ စကားတွေ ဖောင်ဖွဲ့ပြောရင်း၊ ခံစားမှုလေးတွေ ဝေမျှရင်း၊ ပညာရပ်လေးတွေ ဖလှယ်ကြရင်းနဲ့ သင့်တင့် လျောက်ပတ်တဲ့ “စံအိမ်” လေး ဖြစ်အောင် အစဉ်အမြဲ သစ်လွင်နေအောင် လုပ်ဆောင်ထားချင်ပါတယ်.....။ လာသမျှ ဧည့်သည်များကိုလဲ ဖော်ရွေ ပျူငှာစွာ ဆက်ဆံ ပြောဆိုသွားမှာပါ (ယဉ်ကျေးစွာနဲ့ပေါ့)။ အားလုံးကိုလဲ နွေးထွေး လှိုက်လှဲစွာ ကြိုဆိုနေပါတယ်။ “စံအိမ်” လေးဆီကို ကျမ မရောက်ဖြစ်ခဲ့ရင်၊ ပို့စ်အတင် ကျဲသွားခဲ့ရင်လည်း နားလည် ပေးနိုင်ကြမယ် ထင်ပါတယ်။
*****
ညလေးဆို တစ်နေ့ တစ်ခေါက်လောက်မှ မ၀င်ရရင် မနေနိုင်အောင် ဖြစ်နေပြီ၊ အိမ်လေးကို လှသထက် လှအောင် ဘာတွေ လုပ်ဆောင်ရမလဲ၊ ဘယ်လိုဆေးရောင် ခြယ်ရင် ကောင်းမလဲနဲ့ အမြဲ တွေးနေမိ တတ်တယ်။
“စံအိမ်” လေးထဲ ပျော်မွေ့နေကြတာများ.......
တစ်ချို့တွေဆို ထမင်းမေ့၊ ဟင်းမေ့ ကလိတတ်ကြသေးတယ် (သတင်းကြားတာပါ)။ တစ်ချို့တွေလဲ အလုပ်ပျက်၊ အကိုင်ပျက် (အိမ်တောင် အလုပ်တွေ ယူလုပ်ကြရတယ် ဆိုပဲ)။ :P
*****
ဘာပဲဖြစ်ဖြစ် သူငယ်ချင်းများရဲ့ မေတ္တာနဲ့ လှိုက်လှဲတဲ့ ခင်မင်မှုများစွာကို ကျမ အစဉ်အမြဲ ငံ့လင့် စောင့်မျှော်နေမှာပါ။ ကော်မက်လေး (ဘလော့ဂါတို့ရဲ့ အသက်) တွေ၊ စီဘောက်စ်က Message လေးတွေ ဖတ်ရတာ ကျမ တအားပျော်ပါတယ်။ တတ်နိုင်သလောက်လဲ သူငယ်ချင်းတွေရဲ့ “စံအိမ်” လေးတွေကို လည်ပတ် ရောက်ရှိ နေဦးမှာပါ။ ကျမရဲ့ “စံအိမ်” လေးထဲကို သူငယ်ချင်းတို့ လာရောက် လည်ပတ်တဲ့ခါမှာ မကြိုက်တာ၊ စိတ်ထဲ သဘော မတွေ့တာများ ရှိခဲ့ရင်လဲ ဝေဖန်ခဲ့ အကြံပေးခဲ့ နိုင်ပါတယ်။ ကောင်းမွန်သော ပြုပြင်မှုများဖြစ်ဖို့ အကြံကောင်း ပေးတယ်လို့ သဘောထား သတ်မှတ်ပြီး ဂရုတစိုက်နဲ့ ပြုပြင်သွားမှာပါ။

အားလုံးကို အစဉ် ခင်မင်လေးစားလျှက်..........
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Jun 2, 2007

ကျေးဇူးပါချစ်မေမေ

ကိုးလလွယ်လျှက် ဆယ်လမဖွားခင်
ချိန်တွင်းမှာပင် ချဉ်၊ ဖန်၊ စပ်၊ ခါး
စားချင်ငြားလည်း
မေမေ့ရင်သွေး ရတနာလေး
ထိခိုက်မိမှာ စိုးမိသေးသည်
ပူပန်နေရ မေ့ဘ၀။

အသက်လုကာ ဆယ်လဖွားပြီး
မေ၏ရင်သွေး နီတာရဲလေး
နုထွေးမျက်နှာ မြင်ရချိန်မှာ
မောသမျှလန်း ပန်းသမျှပြေ
ဝေဒနာပျောက်ကာ နို့ချိုတိုက်ကျွေး
ရီမောပျော်ရွှင် မေ့ရုပ်သွင်။

ဖ၀ါးလက်နှစ်လုံး ဖခုံးလက်နှစ်သစ်
လူဖြစ်ခါစ ချိန်ခါမှသည်
လေးဘက်ထောက်စမ်း
လမ်းလျှောက်တတ်စ
ပီတိကလေး ချစ်ဖွယ်လေးအား
ခလုတ်မထိ မငြိရအောင်
ပူပန်စိတ်ဖြင့် စောင့်ရှောက်ပေးသော
အေးမြမေတ္တာ ပေးစွမ်းပါသည့်
လမင်းပမာ မေ့မျက်နှာ။

ကျောင်းတက်စရွယ် မေ့ကလေးငယ်
အားငယ်မှာကား စိုးသော်ငြားလည်း
ပညာတတ်ကြီး မေ့သမီးဟု
ပြောစမှတ်တွင် ကျန်ရစ်လေအောင်
နည်းပေးလမ်းပြ ဆုံးမတတ်သေး
ကျေးဇူးကြီးပေ တို့မေမေ။

သားသမီးဆိုး မပစ်ရိုးဟု
ဆိုရိုးစကား တကယ်ရှိခဲ့သည်
မှန်ပါပေ၏ မှန်ပေ၏။
လူမှုဝန်းကျင် နယ်ပယ်အတွင်း
သက်ဆင်းကျင်လည် သမီးငယ်အား
ဘ၀အသိ ထပ်ရှိဖို့ရာ
နည်းလမ်းစုံဖြင့် ညွှန်ပြခဲ့သည့်
စမ်းရေပမာ မေ့မေတ္တာ။

သက်ရွယ်ကြီးရင့် ခဲ့သော်ငြားလည်း
မျက်စိထဲဝယ် ကလေးငယ်ဟု
ထင်မှတ်ယူစွဲ ပူပန်ကဲကာ
ဖွဖွမှာကြား စိုးရိမ်တတ်သော
မေ့စကားများ နားဝယ်ကြားကာ
သမီးကညာ လိုက်နာနေကြောင်း
စာရေးတဖုံ၊ ဖုန်းဖြင့်တသွယ်
ပြောခဲ့ပါသည်
ချစ်လှစွာသော.........
မေမေ စိတ်အေးရစေသား။
မေမေ ကျန်းမာပါစေသား။
မေမေ ငြိမ်းချမ်းပါစေသား။
*****

ဆက်လက်ဖတ်ရှုရန်...>>>>

May 20, 2007

ချစ်သူသို့

မင်းဟာ....
ငါ့ရင်ခုန်သံကို ကြိုးညှိ
ချစ်ခြင်းရဲ့  သံစဉ်တွေ
သီဆိုစေခဲ့သူပါ။


ငါ့အာရုံတွေ မျောလွင့်
မင်းအတွက်
ကဗျာတွေ စပ်ဆိုတတ်ခဲ့ပြီလေ..

မင်းဟာ
ရိုးစင်းတဲ့ ငါ့ဘ၀ထဲ
စိမ်းလန်းတဲ့ တောအုပ်တွေ
ဆောင်ကျဉ်းပေးခဲ့သူပေါ့။

ငါတို့  ဝေးသွားတဲ့အခါ
အကြိမ်ကြိမ်ပြန်မက်ဖို့ 
ပန်းနုရောင်အိပ်မက်အချို့
ပေးအပ်တတ်တဲ့ မင်းကို
ကျေးဇူးတင်ပါတယ်.........

တကယ်လို့များ
ချစ်ခြင်းတွေဘေးဖယ်........
တို့တစ်တွေ လွဲချော်ခဲ့မယ်ဆိုရင်တောင်
တကယ် ကျေးဇူးတင်နေမှာပါ....။

ချစ်တဲ့......
*****
အမှတ်တရပေါ့၊ သူငယ်ချင်းတစ်ယောက်ရဲ့ ကဗျာပါ။
*****

ဆက်လက်ဖတ်ရှုရန်...>>>>

May 19, 2007

အမေ (သို့) ငါ့ရဲ့တမ်းချင်း

သူငယ်ချင်းရေ...
ဥသြငှက်ငယ်ရဲ့ တေးသွားတွေနဲ့အတူ
ဝေ့၀ဲကျလာတဲ့ ရော်တမာတွေကို
နှမျောတသ ငေးကြည့်ပြီးတော့
ဝမ်းနည်းစကားတွေဆိုကြရင်း
ဂီတရစ်သမ်တွေ သီကြူးခဲ့ဖူးတဲ့
တမာနံ့သင်း လမ်းကလေးနဲ့...
ထနောင်း၊ တမာ၊ ဆူးဖြူဖြာယှက်
အမေ့ရင်ခွင်ထက်မှာ
ပျော်ခဲ့ဖူးတဲ့ အချိန်တွေကို
မင်းသတိရသေးရဲ့လား...

သူငယ်ချင်းရေ...
မိုးရနံ့နဲ့
စိမ်းလန်းသစ်လွင်နေတဲ့
အမေ့ရင်ခွင်ထက်မှာ
အားသစ်တွေမွေးဖွား
ဘ၀အတွက်...
ပညာနို့ရည်တွေ သောက်စို့ကြချိန်
မိုးစက်ပွင့်တွေကြားမှာ
တွဲလက်မဖြုတ်တမ်း လမ်းလျှောက်ကြရင်း
ကျောက်ကာလမ်းလေး တိုလွန်းတယ်လို့
မင်းပြောခဲ့ဘူးတာကို
သတိရသေးရဲ့လား...

သူငယ်ချင်းရေ...
ခုချိန်မှာဆို
တို့ ခြေရာချင်းထပ်နေခဲ့တဲ့
တမာစီလမ်းလေးပေါ်မှာ
နှင်းဖွဲဖွဲလေးတွေ ဝေ့၀ဲလို့ပေါ့...
အတန်းမပြီးခင်
ကန်တင်း(န်)ကို ခိုးလစ်ပြီး
ကော်ဖီပူပူ အငမ်းမရ သောက်ခဲ့ကြတဲ့
အတိတ်က ဆောင်းနံနက်တွေကိုရော
မင်းသတိရသေးရဲ့လား...

သူငယ်ချင်းရေ...
ခင်တွယ်ရာ အဖော်မရှာပဲ
တူညီစွာ လွတ်လပ်ခဲ့တဲ့ တို့တစ်စု
ကဗျာတွေရေးကြ
ဘ၀၊ ဒဿန ဆိုတာတွေကို
စားပွဲထိုး ကောင်လေးတွေ ညိုငြင်လောက်အောင်
ရေနွေးကြမ်းတွေသောက်ရင်း ဆွေးနွေးကြနဲ့
တီးဆိုင်က ခုံပုလေးတွေကို ချစ်တတ်ကြလွန်းတာများ
အတန်းထဲက ကောင်မလေးတွေ ဟားကြတဲ့အထိပါပဲ..........

ဒါတွေကို မင်းအမှတ်ရသေးရဲ့လား...

သူငယ်ချင်းရေ...
အမေ့ရင်ခွင်က ခွာထွက်ပြီး
တမာလမ်းပေါ်က ရော်ဝါတွေလို
(တို့တစ်တွေ)
တစ်နေရာဆီကို လွှင့်နေရချိန်မှာ
အတိတ်ခြေရာတွေက တမ်းတဖွယ်ဖြစ်နေတာကို
ကဗျာတွေနဲ့ အလွမ်းဖြေနေရင်းက
ပြန်မရတော့တဲ့အချိန်တွေ အတွေးရောက်တိုင်း
ရင်ခွင်ကို လှိုင်းခတ်နာကျင်စေခဲ့တယ်.....။
*****
အမှတ်တရ အနေနဲ့ ဒီကဗျာလေးကို တင်လိုက်ပါတယ်။

*****

ဆက်လက်ဖတ်ရှုရန်...>>>>

May 10, 2007

မကြောက်ပါနဲ့

အချိန်ကား ညနေခင်း မှောင်ရီပျိုးစအချိန်၊ သူတို့ ဦးတည်နေသည့် အရပ်ကား မြို့စွန်နားမှ အိမ်အိုကြီးဆီသို့....
*****
သူတို့ဆိုသည်မှာကား လူငယ်လေးတစု အမှန်ပြောရသော် ဘာကိုမှ မကြောက်ဘူးဟု စကားကြီး စကားကျယ်များ အမြဲပြောလေ့ရှိသော ဆယ်ကျော်သက်ရွယ် လူငယ်လေးတစု၊ ယောက်ျားလေး (၂) ဦး၊ မိန်းကလေး (၃)ဦး၊ ပေါင်း (၅)ဦး ဖြစ်သည်။ သူတို့လေးတွေ ဘာသွားလုပ်ကြမှာပါလိမ့်၊ သရဲခြောက်သည်ဟု လူပြောသူပြော များနေသော အိမ်အိုကြီးဆီသို့ ယနေ့ည သွားရောက် ကြည့်ရှုကြရန် ဖြစ်သည်။

ညနေခင်း နေကျလာသည်နှင့် သူတို့လေးတွေ ဆော့ကစားနေရာမှ လူစု၍ တယောက်လက် တယောက်တွဲကာ နှစ်ယောက်တတွဲ လှမ်းလာခဲ့ကြသည်။ အိမ်နားသို့ ရောက်သော်...
"ဟဲ့ ငါတို့တွေ လက်တွဲမဖြုတ်နဲ့နော် တော်နေကြာ လူစုကွဲသွားမှ" (မီးမီး)
"မကြောက်ပါနဲ့ဟာ ဘာမှ မဖြစ်ပါဘူး" (ရန်နိုင်)
"အေးဟ နီးလာလို့လား မသိဘူး ချမ်းလာသလိုပဲ" (သော်သော်)
"နင်က လက်ပြတ်လေး ၀တ်လာတာကိုး" (အောင်အောင်)
"တော်ပီဟာ စကားမများကြနဲ့တော့၊ ဘရားစာ ရွတ်ကြရအောင်၊ မရပ်နဲ့နော်၊ အိမ်ထဲဝင်ရင်လဲ လက်တွဲ ထားကြဦး" (တုတု)
အဲ့ဒီလို သူတို့လေးတွေ စကား အခြေအတင် ပြောရင်း အိမ်တံခါးဝ ရောက်လာခဲ့သည်။

ရန်နိုင်မှ ဦးဆောင်ပြီး အိမ်တံခါးမကြီးကို တွန်းဖွင့် ၀င်လိုက်သည်။ "ကျွီ...ကျွီ...ကျွီ..." အထဲတွင် မှောင်နှင့် မည်းမည်း ဘာဆိုဘာကိုမျှ မမြင်ရသည့်အတွက် အသင့် ပါလာသော ဖယောင်းတိုင်ကို မီးညှိလိုက်သည်။ သူတို့လေးတွေ ပါးစပ်မှလဲ ရသမျှ ဘုရားစာများကို မပြတ် ရွတ်လာကြသေးသည်။ အိမ်ကြီးထဲတွင် ဘယ်ကမှ လေမတိုက်ပါပဲ အေးစိမ့်လျှက် ရှိပြီး၊ ဖုန်မှုန့်များ၊ အမှိုက်များ ပင့်ကူမျှင်များဖြင့် ရှုပ်ပွလျှက်ရှိသည်။
"ဟဲ့ ငါတော့ ရင်တုန်လာပီဟ နဲနဲလည်း ကြောက်လာသလိုပဲ"
"မကြောက်ပါနဲ့ တုရာ နင်ကလဲ အားလုံးရှိကြတာပဲ စတည်းက မလိုက်ခဲ့ပါနဲ့လား" တုတုအပြောကို အောင်အောင်က မကျေနပ်သလို ပြန်ပြောသည်။
"နင်တို့ စကားများမနေနဲ့ ခု ထပ်ခိုးပေါ် တက်ကြည့်ရအောင်"
ရန်နိုင်မှ ပြောပြီး သူဦးဆောင်ကာ အောင်အောင်ကို နောက်ဆုံးတွင်ထား၍ သူတို့တွေ တလှမ်းချင်း တထစ်ချင်း တက်လာခဲ့ကြသည်။

အိမ်အိုကြီးမှာ အတော်ပင် ကျယ်ဝန်း၍ နံမည်ဆိုးမရှိလျှင် တော်တော်လေးကို နေလို့ကောင်းမည့် အနေအထား တွင် ရှိနေသည်။ လှေခါးဘေးတဘက် နံရံတွင် ရောင်စုံ ပန်းခင်းများကို အနီးကပ် ရောက်ရှိသွားသလို ခံစားရစေသော ပန်းချီကားများ ချိတ်ဆွဲထားသေးသည်။ အပေါ်ထပ်တွင် ဖုန်မှုန့်တစက်မှ ရှိမနေပဲ ဆက်တီ တစုံလည်း ရှိနေသည်။
"ဟဲ့ လူမနေဘူးသာဆိုတယ် အပေါ်ထပ်မှာ ဖုန်လဲမရှိပါလား၊ ပင့်ကူအိမ်လဲမတွေ့ရဘူး" (မီးမီး)
"လာဟာ ငါတို့တွေ အခန်းထဲတွေ လျှောက်ကြည့်ရအောင်၊ ခုမှ (၇)နာရီပဲ ရှိသေးတယ်၊ လျှောက်ကြည့်ပြီးရင် ပြန်ကြမယ်"
အောင်အောင်ပေးသော အကြံကို ဘယ်သူမှ မကန့်ကွက်ကြပါ၊ သူတို့တွေလဲ ပြန်ချင်ကြပြီ မဟုတ်လား။

"ဟဲ့ ခြေသံကြားသလိုပဲ"
"သော်သော်ရာ နားကြားလွဲတာနေမှာပါ၊ ငါတော့မကြားပါဘူး"
သူပါကြားလိုက်ရသော်လည်း ကျန်မိန်းကလေးများ ကြောက်မည်စိုး၍ ရန်နိုင်မှ ထိန်းသိမ်း ပြောဆို ပေးနေရသည်။ ဒီထဲတွင် သူအသက် အကြီးဆုံးမဟုတ်လား။ ပြီးတော့လည်း တံခါးမကြီးမှာ အတွင်းမှ လူတယောက် တွန်းထားသည်ဟု ထင်ရအောင် မနည်းတွန်းဖွင့် ၀င်ရသည်ဟု လူအများက ပြောကြသည်။ သူတွန်းဖွင့် ၀င်လာစဉ်ကတော့ အတွင်းမှ လူတယောက် ကူဖွင့်ပေးသည်ဟု ထင်ရလောက် အောင်ပင် ပေါ့ပါး လွန်းလှသည်။ ဘာပဲပြောပြော ရောက်ပြီးမှတော့ နှံ့အောင် လျှောက်ကြည့်ရမည် မဟုတ်လား။ အခန်းပေါင်း များစွာဖြင့် ဖွဲ့စည်းထားသော အပေါ်ထပ်ကို အခန်းပေါက်စေ့ အပြင်မှ လျှောက်ကြည့်ပြီးသောခါ သူတို့လေးတွေ လှေခါးတလျှောက် ပြန်ဆင်းလာကြသည်။ ပါးစပ်မှလည်း ဘုရားစာရွတ် မပျက်ကြပေ။ အောက်ထပ်သို့ ရောက်ခါမှ အပေါ်ထပ်မှနေ၍ တံခါးဖွင့်သံ၊ ပြန်ပိတ်သံနှင့်၊ ဆက်တီခုံ ရွှေ့သံများ ကြားလာရသည်။

"ဟဲ့ သူတို့တွေ လာပီနဲ့တူတယ်" (မီးမီး)
"ဘယ်သူတွေလဲဟ၊ အရင်းမရှိ အဖျားမရှိ" (အောင်အောင်)
"ငါက ပြောပြနေရဦးမှာလား ဒီအိမ်မှာ ရှိတဲ့သူတွေပေါ့" (မီးမီး)
"နင်ကလဲ လျှောက်ပြောမနေနဲ့ ငါတို့လဲ ဘာမှ မလုပ်ဘူး၊ သူတို့လဲ ဘာမှလုပ်မှာ မဟုတ်ဘူး၊ လာပြန်ကြမယ်"
ရန်နိုင်မှ ဖေးမပြောဆိုပြီး သူတို့လေးတွေ လာရာလမ်းတိုင်း ပြန်လာကြသည်၊ တံခါးမကြီးနား အရောက် မှာတော့ နောက်ဖက်မှ အသံများ ပိုမိုကျယ်လောင်စွာ ကြားလာရသည်။
"ဟဲ့ လှည့်မကြည့်ကြနဲ့နော်၊ လာ ပြန်ကြမယ်။ တံခါးဝရောက်ပီ၊ နေဦး ငါတွန်းဖွင့်လိုက်ဦးမယ်"

ဒီတခါတွင်တော့ ရန်နိုင် မနည်း အားစိုက်တွန်းတာတောင် တံခါးမကြီးမှာ တုပ်တုပ်မှ မလှုပ်သည့်အတွက် သူတို့ ငါးဦး ဘုရားစာရွတ်ရင်း အားစိုက်ကာ ပြိုင်တူတွန်းဖွင့်မှ အနည်းငယ် ရွေ့လာတော့သည်။ တကိုယ်စာ ထွက်သာရုံလေး ပွင့်သွားသည်နှင့် မိန်းကလေးများကို အလျင်ပေးထွက်ကာ သူတို့နှစ်ယောက် နောက်က လိုက်လာရင်း လမ်းအတိုင်း ပြန်လာခဲ့ကြသည်။

"ဟဲ့ ဒီအကြောင်းကို လူကြီးတွေ ပြန်မပြောနဲ့နော်၊ အရိုက်ခံရလိမ့်မယ်" (ပုတု)
"အေးပါဟ ငါသိပါတယ်။ သော်သော် နင်ပြန်ရမှာ ဝေးတယ်၊ ပြီးတော့ တယောက်တည်း ဖြစ်နေတယ်၊ ငါနဲ့ တခါတည်း လိုက်အိပ်မလား၊ အမေ့ကိုပြောလိုက်မယ်၊ နင့်အမေဆီလဲ ဖုန်းဆက်လိုက်ပေါ့" (မီးမီး)
"အေး ငါလိုက်မယ် ပြန်ရဲတော့ဘူးဟ၊ ဟဲ သတ္တိတွေ ကောင်းကြတာလေ" (သော်သော်)
"နင်တို့ကလဲ မလိုက်ပါနဲ့ပြောတာကို၊ ငါတို့နှစ်ယောက်တည်းဆို ဒီ့ထက်ကြာကြာ နေလို့ရသေးတယ်၊ ခုတော့ နင်တို့ကို ငဲ့နေလို့" (အောင်အောင်)
"မယ် အပြောမကြီးပါနဲ့ အောင်အောင်ရယ် အိပ်ယာထဲလဲ ကြောက်သေးပါနေဦးမယ်" (မီးမီး)
"နင်နဲ့ ရန်နိုင်က အိမ်ချင်းကပ်နေတော့ ကောင်းတယ်၊ ပြီးတော့ နင်တို့ အိမ်မရောက်ခင် မီးမီးနဲ့ ပုတုအိမ်နော် ငါကတော့ တယောက်တည်း ဟိုဖက်လမ်းမှာ ကွဲနေတာ" (သော်သော်)
"ဟာ နင်ကလည်း သူငယ်ချင်းတွေပဲကို ဒါတွေ ဘာလို့ လျှောက်ပြောနေလဲ" (ပုတု)
"ကဲ မြန်မြန်လျှောက်ကြ ရောက်တော့မယ်"
ရန်နိုင်မှ စကားများနေသော ကောင်မလေးများကို တိုက်တွန်းလိုက်သည်။ မတိုက်တွန်းလို့လဲ မရတော့ပါ၊ နောက်မှ ခြေသံလိုလို၊ အပုပ်နံ့လိုလို ရလာသည့်အတွက် ပြောရခြင်းဖြစ်သည်။

ပုတု အိမ်သို့ အရင်ရောက်လာသည်။
"ပုတုရေ ဘုရားရှိခိုးအိပ်နော်၊ ခြေလက်ဆေးပြီးမှ အိပ်၊ နင့်အမေနဲ့ သွားအိပ် ပိုကောင်းမယ်" (အောင်အောင်)
"အောင်အောင်စုတ် နင်လဲ ငါ့ပြောသလို လုပ်မှာ မဟုတ်လား၊ အားလုံးပဲ နောက်နေ့ ဆုံကြမယ်ဟေ့၊ တာ့တာ" (ပုတု)
"ကဲ သော်နဲ့ မီး ရောက်တော့မယ်၊ ဘုရားစာလဲ ရွတ်မပျက်နဲ့၊ ဘုရားရှိခိုးပြီးမှလဲ အိပ်နော်၊ ဟော ပြောရင်းနဲ့ မီးမီးအိမ်တောင် ရောက်လာပီ သွားတော့၊ ငါတို့လဲ ပြန်တော့မယ်။ တာ့တာနော်၊ နောက်နေ့မှ တွေ့ကြမယ်"
ရန်နိုင်မှ ကျန်နှစ်ယောက်ကို အားပေးရင်း သူလဲ ဘုရားစာရွတ်ရင်း အောင်အောင်နှင့် ပြန်လာခဲ့ကြသည်။ သို့သော် အနောက်မှ ခြေသံ မကြားရတော့သလို အနံ့လဲ ထပ်၍မရတော့ပါ။ သူလဲ ထပ်မစဉ်းစားအားပဲ အောင်အောင့်ကို နှုတ်ဆက်ကာ အိမ်ထဲ ၀င်လာခဲ့လိုက်ပါသည်။

"သော် အနောက်က ခြေသံကြားသလိုပဲနော်၊ ခြံထဲထိပါလာတယ်၊ အိမ်ဝရောက်မှ ပျောက်သွားတာ၊ နင်ကြားလား"
"အေး ငါလည်းကြားတယ်၊ ဘုရားစာ ဆက်ရွတ်ကြရအောင်ဟာ၊ လာ ငါတို့ ဘုရားခန်းထဲ သွားပြီး ဘုရားရှိခိုး ကြရအောင်"
မီးမီးတို့တွေ စကားပြောရင်း ခြေလက် ဆေးကြောနေကြခြင်း ဖြစ်သည်။ မေမေ့အမေးကို လှည့်ပတ်ဖြေကြား ခဲ့ရသေးသည်လေ။ အိမ်ပြန် နောက်ကျသည့်အတွက် မေမေ့ သြ၀ါဒကို နှစ်ယောက်သား ခံယူ နေကြရသေးသည်။ ပြီးတော့ သော်တို့အိမ် ဖုန်းဆက်ပြီး အန်တီစိတ်မပူအောင် ပြောရသေးသည်။ မေမေကတောင် ဒီနှစ်ယောက် ဘာတွေ စတန့်ထွင်ပြန်ပြီလဲဟု ခပ်တိုးတိုး ရေရွတ်သွားသေးသည်။ သော်သော် နှင့် မီးမီးလဲ ဘုရားခန်းထဲမှ ထွက်၍ အိပ်ခန်းထဲ ၀င်ပြီး ခုတင်ပေါ်တွင် နှစ်ယောက်သား ပူးပူးကပ်ကပ် အိပ်ကြသည်။ ဒီညမှ တော်တော်နှင့် အိပ်မပျော်သလို အတွေးထဲတွင် အသံများကြားနေရသေးသည်။

သော် အိပ်မပျော်ခင်မှာပင် အခန်းတံခါးမှာ ဖြည်းဖြည်းချင်း ပွင့်လာပြီး ဖြူဖြူအရိပ် အတိအကျ ဆိုရသော် သုံးရိပ် ၀င်ရောက်လာပြီး မီးမီးနားသို့ အသေးဆုံး အရိပ်လေးက တဖြည်းဖြည်း ကပ်သွားကာ သေချာ ငုံ့ကြည့်နေသည်ကို သော် မျက်လုံး မသိမသာဖွင့်ရင်း ကြည့်နေသည့်အတွက် မြင်နေရသည်။ သူတို့၏ မျက်နှာကိုတော့ မမြင်ရပါ။ မှောင်နေသောကြောင့်ဟု ထင်ရသည်။ သူကလေးက မီးမီးကို အားရအောင် ကြည့်ပြီးသကာလ သော့်ဖက်သို့ လှည့်လာသည်ကို အသည်းယားဖွယ် မြင်တွေ့လိုက်ရလေသည်။ သော့်စိတ်ထဲမှ နေ၍ ပဌါန်းဒေသနာတော်ကို ရွတ်ဖတ် သရဇ္ဇာယ်နေရင်း အရမ်း နီးကပ်လာသောအခါ လက်ဖြင့် အတင်းကာ၍ ပါးစပ်မှလည်း ပဌါန်းကို အကျယ်ကြီး အော်ရွတ်ရင်း......လန့်နိုးလာလေသည်။
*****
ဟီးးးးး ဘယ်လိုနေကြလဲဟင် ညလေး မက်တဲ့ အိပ်မက်ကို ပြုပြင်ပြီး ပြန်ရေးထားတာပါ။ မကောင်းရင်လဲ သည်းခံဖတ်ကြနော်။ အဆုံးထိ ဖတ်ရှုအားပေးတာ ကျေးဇူးတင်ပါတယ်။

သြော် ကျန်သေးတယ် မေ့တော့မလို့ ညလေးအိပ်မက်ထဲမှာ ဒီလိုပုံလှလှလေး ဆိုတော်သေးတယ်။ ခုတော့ သူတို့ မျက်နှာလဲ မမြင်ရပဲနဲ့ ဖြူဖြူအရိပ်တွေပဲ မျက်စိထဲ စွဲနေတယ်။ ညလေး လင့်ခ်ပေးထာတဲ့ ပုံလေးက တအားလှ၊ အဟိ ဘယ်လိုမှကို ပြောမပြတတ်အောင်ပဲ။ ကြည့်လိုက်ကြဦးနော်၊ ပြီးသွားရင်လဲ လှရင် လှတဲ့အကြောင်း၊ အသံလေးက ဘယ်လောက် သာယာဖွယ် ကောင်းကြောင်းလေးလဲ ပြန်ပြောပြကြဦးနော်။
*****

ဆက်လက်ဖတ်ရှုရန်...>>>>

 
Looking for something? Try :::