NyAlAy
အချိန်ပေး၍ လာရောက်ဖတ်ရှုသူများကို ကျေးဇူး အထူးတင်ရှိပါတယ်။ နှစ်သစ်မှာ ပျော်ရွှင် ငြိမ်းချမ်းကြပါစေ....

Jul 19, 2009

အာဇာနည်နေ့

“လူမှာ အရေးကြီးဆုံး နှစ်ခုပဲရှိတယ်၊ အဲ့ဒါက ကိုယ်ကျင့်တရားရယ်၊ အမှန်တရားကိုမြတ်နိုးမှု (Love of truth) ရယ် ဒါပဲဖြစ်တယ်။ ဘယ်နေရာမှာမဆို အမှန်ကို အမှန်အတိုင်းပြောရမယ်၊ ပြောဝံ့တဲ့ သတ္တိလဲရှိရမယ်။”
ဗိုလ်ချုပ်အောင်ဆန်း
“တိုင်းရင်းသား အချင်းချင်း ညီညွတ်ရေး၊ တိုင်းရင်းသားလူထု ညီညွတ်ရေး”
စားဖားသမားတွေ ညီညွတ်တာ ကျနော်မလိုချင်ပါဘူး တိုင်းရင်းသား အချင်းချင်း ညီညွတ်ရေး၊ တိုင်းသူပြည်သားလူထု ညီညွတ်ရေး၊ အဲ့ဒီ ညီညွတ်ရေးနှစ်ခု မရှိသမျှ ကာလပတ်လုံး ဒီတိုင်းပြည်ဟာ လွတ်လပ်ပင် လွတ်လပ်ငြားသော်လည်း ဘယ်ပါတီတက်တက် ဘယ်အစိုးရလုပ်လုပ် ဖာသည်တိုင်းပြည် ဖြစ်နေမှာပဲလို့ ကျနော်ပြောချင်တယ်၊ အဲ့ဒီတော့ကာ ဒီနှစ်ခုကို ခင်ဗျားတို့ မပျက်ပြားပါစေနဲ့၊ ဘယ်သူက ဘာလုပ်လုပ် မပျက်ပါစေနဲ့၊ အဲ့ဒါ အင်မတန် အရေးကြီး ဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း
ပြည်သူ့အစည်းအဝေးကြီး
၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၃)ရက်နေ့ မြို့တော်ခန်းမ
ဗမာတွေစိတ်ထဲမှာ ဗမာတွေဟာ စိတ်ဓာတ်ထက်တယ် ဘာညာနဲ့ တလွဲဆံပင်ကောင်းနေတယ် ဆိုတာနဲ့ အတူတူပဲ။ ဗမာတွေ စိတ်ဓာတ်က မဟုတ်တဲ့နေရာမှာ သွားပြီးကောင်းနေတယ်၊ တကယ့်နေရာတွေကျတော့ အသုံးမကျဘူး၊ ဗမာပြည်လွတ်လပ်ရေးရအောင် ဆိုတာမျိုးမှာ အသုံးမချတတ်ဘူး။ ဗမာ-ဗမာချင်း ချဖို့မှာ လုပ်ချင်ကြတယ်၊ အဲ့ဒါမျိုးတွေလုပ်ချင်တယ်။ အဲ့ဒါမျိုးတွေ လုပ်ချင်လို့ ဘယ်တော့မှ အကျိုးမရှိဘူး၊ ဒီတိုင်းပြည် ဘယ်တော့မှ ပြန်လည် မထူထောင်နိုင်ဘူး၊ ဒီတိုင်းပြည် ဘယ်တော့မှ မလွတ်လပ်နိုင်ဘူး၊ လွတ်လပ်ရင်လဲ ဘယ်တော့မှ ကျကျနန လွတ်လပ်ရေး မဖြစ်နိုင်ဘူး။
ဗိုလ်ချုပ်အောင်ဆန်း
ပြည်သူ့အစည်းအဝေးကြီး
၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၃)ရက်နေ့ မြို့တော်ခန်းမ
ကျနော်တို့အမြင်အရဆိုရင် တိုင်းပြည်ရဲ့ခေါင်းဆောင်မှုဟာ လူတစ်ဦးတည်းက ခေါင်းဆောင်မှုမျိုး မဟုတ်ပဲ အဖွဲ့နှင့်ခေါင်းဆောင်မှုမျိုး မဟုတ်ပဲ အဖွဲ့ရဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့ ခေါင်းဆောင်မှုမျိုး ဖြစ်ရမယ်။ လူမျိုးရေးတရားဟာလည်း ငါ့လူမျိုးမှ ငါ့လူမျိုး၊ တစ်ခြားလူမျိုးတွေဟာ ငါ့လောက်မမြတ်၊ ငါ့လူမျိုးသာ ကမ္ဘာကိုကြီးစိုးရမယ်ဆိုတဲ့ ကျဉ်းမြောင်းသေးသိမ်တဲ့ လူမျိုးရေးတရား မဟုတ်ပဲ၊ ကိုယ့်လူမျိုးကိုယ် ချစ်ခင်သော်လည်း တစ်ခြားလူမျိုးများကို မုန်းတီးခြင်း၊ အထင်သေးခြင်း မဖြစ်ပဲ ကမ္ဘာမှာ တိုင်းပြည်အချင်းချင်း သင့်မြတ်စွာ တစ်ဦးအကျိုး တစ်ဦးဖြစ်ပွားအောင် ဆောင်ရွက်တဲ့ လူမျိုးရေးတရားမျိုးသာ ဖြစ်ရမယ်။ ဂျပန်ပြည်မှာလို စစ်ဘက်က လက်ဝါးကြီးအုပ်ပြီး တိုင်းပြည်လွှတ်တော်က ဘာမှ အစိုးမရတဲ့ စစ်အာဏာရှင်ဝါဒမျိုး မရှိရအောင် စစ်ဘက်ကို တိုင်းပြည်လွှတ်တော်က အုပ်စိုးနိုင်ခွင့်ရှိရမယ်။
ဗိုလ်ချုပ်အောင်ဆန်း
စတုတ္ထအကြိမ်မြောက် နိုင်ငံ့ခေါင်းဆောင်များအစည်းအဝေး
၁၉၄၅ ခုနှစ် သြဂုတ်လ
နိုင်ငံရေးဆိုတာ ခဏတဖြုတ်လုပ်တဲ့ဟာမျိုး မဟုတ်ဘူး၊ အမြဲတမ်းလုပ်ရမယ်၊ အမြဲတမ်းရှိနေတယ်။ နိုင်ငံရေးဆိုတာ တစ်ခါတစ်ရံမှ အစည်းအဝေးလုပ်ပြီးတော့ စင်မြင့်ပေါ်က ပြောတဲ့သူကပြော နားထောင်တဲ့သူက နားထောင်တဲ့ ကိစ္စမျိုးမဟုတ်ဘူး။ အမြဲတမ်းအားဖြင့် တတိုင်းပြည်လုံးမှာရှိတဲ့ တိုင်သူပြည်သားတွေဟာ မိမိတို့ရဲ့ ဆိုင်ရာဆိုင်ရာအကျိုးတွေကို ဆိုင်သလို ဖွဲ့စည်းပြီးတော့ကာ မိမိတို့ပြဿနာတွေကို လုပ်ပြီးတော့ကာ ဖြေရှင်းရန်အတွက် အမြဲတမ်းလုပ်နေတဲ့ကိစ္စ၊ ဒီတော့ကာ အားလုံး လူတွေရဲ့အကျိုးကိစ္စ လူတွေရဲ့နိုင်ငံရေး။ ဒီတော့ အဲ့ဒီလိုဖြစ်အောင် လုပ်နိုင်ဖို့ဆိုတော့ ဆိုင်ရာဆိုင်ရာအဖွဲ့တွေက ကြည့်ပြီး ထိန်းထားမှသာ လူတွေလည်း နိုင်ငံရေးမှာ စိတ်ပါဝင်စားပြီးတော့ တတိုင်းတပြည်လုံးပေါ်မှာရှိတဲ့ လူတွေဟာ နိုင်ငံရေးသမား ဖြစ်လာအောင် နိုင်ငံရေးစိတ်ဝင်စားလာအောင် ဒီလိုအဖွဲ့တွေ ရှိရမယ်။
ဗိုလ်ချုပ်အောင်ဆန်း
(ဖဆပလ) ပြည်လုံးကျွတ်ညီလာခံ
၁၉၄၆ ခုနှစ် ဇန္န၀ါရီလ (၂၃)ရက်နေ့ ရွှေတိဂုံဘုရားအလယ်ပစ္စယံ
ခပ်ရှင်းရှင်းပြောရရင် ယနေ့အထိ ကျနော်တို့တတွေရဲ့ လုပ်ပုံကိုင်ပုံတွေဟာ ဘာမှ ကျေနပ်စရာ မရှိသေးဘူး၊ အတိအကျဆုံးဖြတ်ဖို့ အရေးကြီးနေတဲ့အခါ ကျနော်တို့တတွေ တွေဝေနေကြတယ်၊ ပြတ်ပြတ်သားသား လုပ်စရာရှိတဲ့အခါ ချီတုံချတုံဖြစ်နေကြတယ်။ ဒါတွေထက်ဆိုးဝါးတာက မှန်တယ်ထင်ရာကို မလုပ်ရဲတာပဲ၊ ကိုယ့်စိတ်ထဲက အလုပ်တစ်ခုဟာ ဘယ်လောက်ပင်မှန်တယ်လို့ ထင်နေပါစေ ဘယ်သူက ဘယ်လိုထင်မလဲ ဘာပြောမလဲ ဆိုတာတွေ တွေးပြီး ကိုယ်ယုံတာကတစ်မျိုး လုပ်တာကတစ်မျိုး ဖြစ်ဖြစ်နေကြတယ်။ အဲ့ဒါတွေဟာ ခေါင်းဆောင်လုပ်ရမဲ့ လူတွေ အနေနဲ့တော့ ပြဒါးတစ်လမ်း သံတစ်လမ်းပဲ။ အဲ့ဒီတော့ ကျုပ်တို့ဟာ လူထုရဲ့ခေါင်းဆောင် လုပ်မယ်ဆိုရင် လူထုအကျိုးကို တကယ်တမ်းဆောင်ရွက်နိုင်အောင် ကြိုးပမ်းကြရပေလိမ့်မယ်၊ ပြတ်ပြတ်သားသား လုပ်ရဲကြရပေလိမ့်မယ်၊ ချီတုံချတုံအဖြစ်မျိုးကို စွန့်ပစ်ကြရလိမ့်မယ်၊ နိုင်ငံရေးဆောင်ရွက်တယ် ဆိုတာ ကြောက်-လွဲ ရဲ-မင်းဖြစ် ဆိုတဲ့အတိုင်း ရဲမှဖြစ်မယ်။
ဗိုလ်ချုပ်အောင်ဆန်း
ရန်ကုန်အသံလွှင့်ဌာနမှ တိုင်းပြည်သို့ ပြောကြားသည့်မိန့်ခွန်း
၁၉၄၇ ခုနှစ် ဧပြီလ (၅)ရက်နေ့ ညနေ(၆)နာရီ (၃၃)မိနစ်
*****
၁၉ ဂျူလိုင် မမေ့နိုင်ဘု
ဂျူလိုင် ၁၉ မမေ့နိုးနှင့်
အသည်းထဲဝယ် စွဲထင်မြဲတည့်...
*****

8 comments:

ကိုလူထွေး said...

မြန်မာပြည်သူတွေအားလုံးအတွက် စေတနာနဲ့ ပြောပြ ဟောပြသွားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စကားတွေကို စုစည်းပေးထားတဲ့အတွက် ကျေးဇူးပါ ညလေးရေ...

၁၉ ဂျူလိုင် မမေ့နိုင်ဘု...

လင်းကြယ်ဖြူ said...

တကယ်ကိုတန်ဖိုးရှိတဲ့ စာစု တ္ဂေပါပဲ..
စဉ်းစားစရာ အများကြီးတ္ဂေ့ရပါတယ်ခင်ဗျာ..

kyalkalay said...

လာဖတ်ရင်းနဲ့ကျဆုံးလေပြီးသော
အာဇာနည်သူရဲကောင်းအပေါင်းကိုဂါရဝပြုပါတယ်
ကောင်းကင်ဘုံကကြယ်ပွင့်တွေပါo
ဘယ်တော့မှမကြွေတဲ့ ကျနော်တို့နှလုံးသားထဲမှာ
အစဉ်ထာဝရထွန်းတောက်နေဦးမယ့်ကြယ်ပွင့်တွေပဲပေါ့ဗျာ

မျက်မှန်လေး said...

ညလေးရေ.. ခုလို ဗိုလ်ချုပ်စကားတွေကို တစ်စုတစ်စည်းတည်းတင်ပေးထားလို့ကျေးဇူးတင်ပါတယ်နော်.

တလက်စတည်း စိတ်ဓါတ်ချင်းတူသူမို့ လင့်ချိတ်လိုက်ပြီနော်။

Unknown said...

ဗိုလ်ချုပ်ကို အလေးလာပြုသွားပါတယ်...

မိန့်လေးဖတ်ပြီး စိတ်ထဲမတမျိုးကြီးခံစားမိပါတယ်...

ဘယ်လောက်အထိ နစ်မွန်းနေကြရအုံးမလည်း မသိသေးဘူးလေ...

ပြည်သူသာ အမိ ပြည်သူသာ အဖဆိုတာ
အခုတော့.... နင်းပြားဖြစ်နေပြီလေ...

ဗိုလ်ချုပ်ပြောသလိုပါပဲလေ...
လွတ်လပ်ပင်လွတ်လပ်သော်ငြားလဲ....
.....

၁၉ ဂျူလိုင်ဆိုတာ
ရင်ထဲ အသည်းထဲ ဘယ်တော့မှ မေ့မပျောက်သွားပါ...

ညီတဲ့လက်တွေ ထိကြပါ...
ပြိုင်တူတွန်းရင်ရွေ့နိုင်ပါတယ်...

ခင်တဲ့
ပြည့်စုံ

ကျောပိုးအိတ် said...

၁၉ ဂျူလိုင်ကို မမေ့သေးတဲ့အတွက် လာပြီး အလေးပြု သွားပါတယ်
း)

စည်သူ said...

လာလည်သွားလို့ ကျေးဇူးတင်ပါတယ်..။

အခုလို မြန်မာနိုင်ငံရဲ့ မျိုးချစ်အာဇာနည်ခေါင်းဆောင်ကြီး ရဲ့မိန့်ခွန်းစကားတွေကို စုစည်းတင်ပြပေးသွားတာ ကျေးဇူျးင်ပါတယ် ညလေး..။
ခင်မင်စွာဖြင့်
............စည်သူ။

သမီးပျို said...

ညလေးရေ.....ဒီလောက်ကောင်းတဲ့ မိန့်ခွန်းတွေကို ဘယ်ကများ ရှာထားခဲ့သ လဲဟင် .သမီးပျိုတော့ တစ်ခါမှမဖတ်ဖူးဘူး . ခုမှဖတ်ဖူးတာသိလား . အဲဒီအတွက် ညလေးကိုကျေးဇူးနော် . အော် ပြောဖို့မေ့နေတယ် .အိမ်လာလည်တဲ့အတွက်ကျေးဇူးနော် .ညလေးရဲ့ အိမ်လေးက လှလိုက်တာ

 
Looking for something? Try :::