NyAlAy
အချိန်ပေး၍ လာရောက်ဖတ်ရှုသူများကို ကျေးဇူး အထူးတင်ရှိပါတယ်။ နှစ်သစ်မှာ ပျော်ရွှင် ငြိမ်းချမ်းကြပါစေ....

Jul 11, 2009

ညောင်ကန်အေးကျောင်းတိုက်

ညလေး မနေ့ညနေ (၆)နာရီကျော်ခန့်က ညောင်ကန်အေးကျောင်းကို ရောက်သွားခဲ့ပါတယ်။ Taxi မောင်းတဲ့ အဖိုးကြီးက Kuchai lama ဆိုတာ အကျယ်ကြီးပဲတဲ့ နင်ဘယ်သွားမှာလဲ မေးတယ်၊ ညလေးက လမ်းနံမယ်ပြောတော့လဲ မသိဘူးတဲ့ ထင်ရှားတဲ့နေရာ ဘာရှိလဲတဲ့။ “ငါလဲမသိဘူး ခုမှ သွားရမှာ မရောက်ဖူးသေးဘူး” ပြောလဲ မရပါဘူး၊ နောက်များဆို ဘဘများ မောင်းတဲ့ Taxi ကို ရှောင်ရမယ် (မြန်မာပြည်က Taxi သမားတွေနဲ့ ကွာပါ့၊ ဘယ်နေရာမဆို ကွက်တိ)။ ဒါနဲ့ ဘုန်းဘုန်းဆီ ဖုန်းဆက် (014-6646845) ပြီး ဘယ်နားနဲ့နီးပါလဲ ထင်ရှားတာ ဘာများရှိပါလဲလို့ မေးပြီး "May Bank" အနောက်ဖက်လို့ ပြောတော့မှ Taxi ဖိုးဖိုးက သိသွားပြီး လိုက်ပို့ပါတယ်၊ “ဒီလိုပြောတော့ သိတာပေါ့တဲ့ မဟုတ်ရင် ဘယ်လိုရှာမလဲ” ဆိုတာကပါရဲ့ (ဟွန့် အဲ့လိုပဲ လေကို မလျှော့ဘူး)။ ရောက်သွားတော့ May Bank နောက်ဖက်ဆိုတော့ May Bank ကိုကျော်ပြီး လမ်းချိုးလေးကနေ ၀င်လိုက်တယ်၊ တွေ့ရတဲ့ အိမ်နောက်ဖေးလို လမ်းလေးကို မ၀င်ပဲ ကျော်ပြီး သွားတော့ "Jalan Kuchai Lama Maju-2" တွေ့ရတယ်၊ အဲ လမ်းတော့ မှန်နေပြီ အိမ်ရှာဖို့ပဲ လိုတာပေါ့၊ အိမ်တွေက ဘယ်ဘက်ခြမ်းမှာပဲ ရှိပါတယ်၊ ကုန်းလေးလိုဖြစ်နေပြီး ညာဖက်အောက်ဖက်က High Way လမ်းလို့ ထင်ပါတယ်။ ဒါနဲ့ A3-17 ဆိုတာ လိုက်ရှာတယ်၊ မတွေ့ဘူး အတော်လေး လျှောက်ရတယ် လှေကားအောက်တွေ ၀င်ကြည့်ရတယ် ဒါပေမယ့် နံပါတ်တွေပဲ မြင်ပြီး A, B, C ရေးမထားပါဘူး။
မထူးတော့ဘူးဆိုပြီး တွေ့ရတဲ့ Security ကို မေးရတော့တာပေါ့၊ သူလဲ ၀ါးတားတားပါပဲ၊ ဟိုလိုလို ဒီလိုလို လုပ်နေသေးတယ်၊ ပြီးတော့မှ ဘာရှာတာလဲ မြန်မာကျောင်းလားတဲ့ “ဟုတ်တယ်လို့” ပြောတော့မှ နောက်ပြန်လှည့်သွားတယ်၊ ဒါလဲ ကြောင်တောင်တောင် လုပ်နေသေး၊ ပြီးတော့ ဆေးအနီမှုတ်ထားတဲ့ စာတိုက်ပုံးလေးကို လက်ညှိုးထိုးပြတယ်၊ ဒီမှာပဲတဲ့ တက်သွားလိုက်လို့ပြောတယ်၊ ကျေးဇူးပါ ဘာညာ သာရကာပေါ့..။ အောက်မှာ အိန္ဒိယလူမျိုးဖွင့်ထားတဲ့ ထမင်းဆိုင်လေး လှေကားမရောက်ခင်မှာ ရှိပါတယ်၊ အဲ့ဒီဆိုင်လေး ကျော်တာနဲ့ ကျောင်းပေါ်တက်တဲ့ လှေကား (ဓါတ်လှေကား) ပါနော်၊ ကျောင်းကတော့ (၃)ထပ်မှာ တည်ရှိပါတယ်။
ဓါတ်လှေကားကနေ တံခါးဖွင့်လိုက်တာနဲ့ အခန်းကို ရှာစရာမလိုပဲ ဘယ်ဘက်ခြမ်းမှာ သံသနာ့နယ်မြေလို့ သိသာစေတဲ့ သံသနာ့အလံလေးတွေကို ဖွင့်ထားတဲ့ တံခါးကနေတစ်ဆင့် လှမ်းမြင်လိုက်ရပါတယ်။ ဘဲလ်လေးတီးပြီး အထဲဝင်လိုက်တာနဲ့ ကြီးမားလှတဲ့ ရွှေအဆင်းနဲ့ ဗုဒ္ဓဆင်းတုတော်ကို ကြည်ညိုစွာ လှမ်းဖူးရပါတယ်။ အဒေါ်ကြီးတစ်ယောက် တံခါးလာဖွင့်ပေးတယ်၊ ညလေးအထဲဝင်တော့ ဘုန်းဘုန်းဆီက ဖုန်းဝင်လာတယ် “ဘုန်းဘုန်း ရောက်နေပြီ ဘုရား” ဆိုတော့ “ဘယ်မလဲ” တဲ့ ဟိ ဘုန်းဘုန်းအသံကို ကြားနေရတယ်လေ။ အရင်ဆုံး ဖူးမြင်ရတဲ့ မြတ်စွာဘုရားရှင်ကို ဦးသုံးကြိမ်ချပြီး ဘုန်းဘုန်းကိုလဲ ဦးသုံးကြိမ်ချပါတယ်၊ ဘုန်းဘုန်းက ဟိုမေးဒီမေးပေါ့၊ ညလေးက “တနင်္ဂနွေနေ့ အလှူရှိတယ်နော် ဘုန်းဘုန်း” လို့ဆိုတော့ “ဖိတ်စာရပြီလား” တဲ့ “အင်တာနက်ကနေ သိရတာပါဘုရား” လို့ပြောတော့ “ဟုတ်လားတဲ့”။ ဘုန်းဘုန်းက “အလှူကိုလဲ လာခဲ့နော်တဲ့ တစ်ယောက်တည်း လာရဲလား” လို့မေးတယ်၊ “လာရဲပါတယ် ဘုန်းဘုန်း တပည့်တော်က တစ်ယောက်တည်း ဒီလိုပဲ လျှောက်သွားနေတာ” ပြောတော့ “ကောင်းတယ်၊ ဒါမှ Tourist ပီသတာ၊ မြန်မာပြည်မှာလို အိမ်တွင်းပုန်းမနေနဲ့” တဲ့ “တင်ပါ့” ပေါ့ (ခိခိ)။
ဘုန်းဘုန်းက “အချိန်ရတယ်မဟုတ်လားတဲ့၊ (၇)နာရီဆို ဦးဇင်းတို့က ၀တ်တက်နေကျတဲ့ အဲ့ဒါ ကြုံတုန်းလေး တစ်ခါတည်း ကုသိုလ်ယူသွားပါလား” ဆိုလို့ ညလေးတို့ပါ တစ်ခါတည်း ၀တ်ရွတ်လာပါတယ် (ညလေးတစ်ခါမှ မရွတ်ဖူးပါ)။ ညလေးရဲ့စိတ်တွေ တစ်ခဏလေး သန့်စင်သွားတယ်လို့ ယုံကြည်ပါတယ်၊ တစ်အောင့်လောက် ဘုန်းဘုန်းနဲ့ စကားဆက်ပြောပြီး အလှူငွေ ထည့်ဝင်လို့ ညလေးတို့တွေ ပြန်လာခဲ့ပါတယ်။
ဘုန်းဘုန်းတို့ နေရာက Bus ကား မရောက်ပါဘူး၊ Taxi နဲ့ လာချင်ရင်တော့ Kuchai Lama May Bank (ဒါမှမဟုတ်) Kuchai Lama Old Town (Old Town က လမ်းတစ်ဖက်ခြမ်းမှာပါ) လို့ပြောပြီး လွယ်ကူစွာ သွားနိုင်ကြပါတယ်နော်။
*****

4 comments:

ahphyulay said...

ကျွန်တော်တို့ ဘုရားသွားကျောင်းတက်အလုပ်လေးကို
လုပ်နေကျအလုပ်လေးလိုပဲပုံမှန်လေးလုပ်နေဖြစ်ခဲ့ 
ပေမဲ့ ပင်လယ်ရပ်ခြားအဝေးကြီးမှာနေလာရလို့ 
ရှားရှားပါးပါးဘုရားစေတီကျောင်းလေးများရောက်
ခဲ့ ကြုံခဲ့ ရပြီဆိုယင်တော့ ပိုပြီးကြည်နူးသလိုလို
ဝမ်းနဲလာသလို၊ဝမ်းသာလာသလိုပါပဲဗျာ...။

မီးမီးချစ် said...

ညလေး ကမှရောက်ဖြစ်သေးတယ်
မီးချစ် ဆို မရောက်ဖြစ်တာ ကြာပေါ့..
မအားတာ ကို အကြောင်းပြနေတာလေ
ကောင်းတော့ မကောင်းပါဘူး..သွားအုံးမှပါပဲ

ဂျစ် said...

ညလေး ၀တ်ရွတ်လာတယ် ဆိုတော့ ..သာဓု
ပါကွယ် .....။
ဘုန်းကြီးကျောင်းရောက်မှ ခဏတာ လောဘ၊ဒေါသ၊မောဟတွေ ပျောက်သွားတယ် မို့လား ။

ခင်မင်စွာဖြင့်
ဂျစ်

MoeThwayNge said...

ဟော ..ဒီတစ်ယောက်လည်း ဘုန်းကြီးကျောင်းသွားခဲ့တယ်။ ကိုဒီရေ လည်းသွားတယ် မတွေ့ကြဘူး လွဲဟ။ တို့ကတော့ ဝေးနေတော့ သူများတွေ သွားကြ လာကြတာတွေကိုပဲ အားကျ သာဓုခေါ်နေရတယ်ဗျာ။ မလေး တောသားဟေ့။ ဟဟဟ။
ကဲ့ဗျာ ညီမညလေးရဲ့ ကုသိုလ် ကို သာဓု ခေါ်ပါတယ်ဗျာ။

 
Looking for something? Try :::