NyAlAy
အချိန်ပေး၍ လာရောက်ဖတ်ရှုသူများကို ကျေးဇူး အထူးတင်ရှိပါတယ်။ နှစ်သစ်မှာ ပျော်ရွှင် ငြိမ်းချမ်းကြပါစေ....

Apr 15, 2007

ကျေးဇူးပါသမီးလေး

တခါတုန်းက မိသားစုသုံးဦးမှာ အမေလုပ်သူဟာ မနေ့ညကမှ လောလောလတ်လတ် လွှင့်ခဲ့တဲ့ သတင်းထဲမှာ ပါတဲ့ သဘာဝ ဘေးအန္တရာယ် ခံရပြီးတော့ အိမ်ခြေ ယာခြေ မဲ့နေတဲ့သူတွေ အတွက် အလှူခံကြောင်း ကြားသိရတဲ့အတွက် မလိုတော့တဲ့ ပစ္စည်းတွေကို စုစည်းနေပါတယ်။

"သားရေ မသုံးတော့၊ မလိုတော့တဲ့ ပစ္စည်းတွေ အမေ့လာပေး၊ အမေတစ်ခါတည်း ထည့်လိုက်မယ်"
လို့လဲ သူ့ရဲ့သားကြီးကို တခါတည်း လှမ်းပြောလိုက် ပါသေးတယ်။
သားကြီး ယူလာပေးတာ တွေကတော့ သူမဆော့တော့တဲ့ စစ်သားရုပ် အကျိုးလေးတွေရယ်၊ တင့်ကားဆိုလဲ ပျက်စီးနေပြီး၊ ဘယ်လိုမှ လှိမ့်ဆော့လို့ မရတော့တဲ့ အခြေအနေ၊ ဘောလုံးဆိုလည်း လေမရှိတော့ပဲ ပိန်ရှုံ့ပြီး ဟောင်းနွမ်း နေတာလေးတွေကို ယူလာပါတယ်။

သမီးလေးကတော့ ငယ်သေးတဲ့အတွက် အမေလုပ်သူကပဲ သမီးပစ္စည်းလေးတွေ ရှာပေးနေတယ်။ ပြီးတော့ ပစ္စည်းတွေကို သေတ္တာတစ်လုံးတည်း စုထည့်နေတယ်။ သမီးငယ်လေးကတော့ သူတို့နှစ်ယောက် လုပ်သမျှတွေကို ဗိုလ်မရုပ်လေး ပိုက်လို့သာ ငေးကြည့်နေရှာတယ်။
"သားရေ ကျန်သေးလား၊ အမေသေတ္တာပိတ်တော့မယ်"
"မကျန်တော့ဘူးအမေ ပြီးပြီ"

အမေလုပ်သူရဲ့ လှမ်းမေးသံနဲ့ သားကြီးရဲ့ ဖြေကြားသံတွေဆုံးလို့ သေတ္တာကိုပိတ်ဖို့ ပြင်နေတုန်းမှာပဲ သမီးငယ်လေးက ဖြေးဖြေးချင်း လှမ်းလာပြီးတော့ သူ့လက်ထဲက အရုပ်လေးကို တချက်နမ်းပြီး သေတ္တာထဲကို ထည့်လိုက်ပါတယ်။ ဒီမှာပဲ အမေလုပ်သူက အံ့သြဟန်နဲ့ သမီးငယ်ကို
"ဒီအရုပ်လေးက သမီးလေး ညတိုင်း ဖက်အိပ်နေကျ မဟုတ်လား၊ သမီးလေး အရမ်း နှစ်သက်တယ်ဆို၊ ဘာလို့လဲသမီး၊ မလိုချင်တော့ဘူးလား"
လို့ မေးလိုက်တဲ့ခဏ သမီးငယ်လေးဖြေလိုက်တာကတော့
"သူတို့ကိုလဲ ပျော်စေချင်လို့ပါ၊ သမီးကို မေမေတို့က ထပ်ဝယ်ပေးလို့ရတယ်"
ဆိုပြီး စကား မပီတပီလေး ချစ်စရာဟန်လေးနဲ့ ပြောလိုက်ပါတယ်။

ဒီတော့မှ အမေလုပ်သူလဲ သမီးပြောတဲ့ စကားလေးကို ကြားလိုက်ရမှပဲ အသိတရား ရသွားသလို အဟောင်းအနွမ်းတွေ၊ အပျက်အစီးတွေနဲ့ ပြည့်နှက်နေတဲ့ သူ့သေတ္တာကို ကြည့်ပြီး ရှက်သွားပါတယ်။ သမီးလေးကိုလည်း ပွေ့ပိုက်ပြီး "ကျေးဇူးပါ သမီးလေးရယ်" လို့ မျက်ရည်ဝဲပြီး ပြောရှာပါတယ်။

ဘာ့ကြောင့် ဒီလိုဖြစ်ရတာလဲ။ သူဘာတွေ တွေးမိသွားတာလဲ။ သဘာဝ ဘေးအန္တရာယ်ကြောင့် ကုန်းကောက်စရာ မရှိအောင် ဆင်းရဲသွားရှာတဲ့ သူတွေကို သူပေးမယ့် ပစ္စည်းတွေက ဘာတစ်ခုမှ အသုံးမ၀င်တော့တဲ့ အဟောင်းအနွမ်း၊ အပျက်အစီးတွေပဲ ဖြစ်နေပြီး၊ သူတောင်မှ မလိုချင်တော့လို့ လွှင့်ပစ်တော့မယ့် ပစ္စည်းတွေ ဖြစ်နေတဲ့ အတွက်ရယ်၊ သူတို့တွေဟာ ပစ္စည်းတွေကို ရတဲ့ချိန်မှာ ၀မ်းသားအားရနဲ့ ဖွင့်ကြည့်ကြမယ့် မျက်နှာတွေနဲ့ သေတ္တာထဲက ပစ္စည်းတွေကို မြင်လိုက်ရတဲ့အခါ စိတ်ပျက်သွားမယ့် မျက်နှာတွေကို သူ့မျက်လုံးထဲမှာ ရုပ်ရှင်ပြသလို တဖြည်းဖြည်းနဲ့ မြင်ယောင်လာလို့ပါပဲ။

ဒါနဲ့ပဲ သူဟာ သေတ္တာထဲက ပစ္စည်း အဟောင်းတွေ ပြန်ထုတ်ပြီး သူ့ဆီမှာရှိနေတဲ့ ကောင်းတဲ့ပစ္စည်းတွေနဲ့ အစားထိုး ပြန်ထည့်၊ သားလုပ်တဲ့သူကိုလည်း သူကစားနေကြ ကစားစရာ မကျိုးမပဲ့တာလေးတွေ ယူလာဖို့ပြောနဲ့ အားလုံး ပြီးသွားတဲ့ အခါမှာတော့ သူဟာ သူ့သမီးလေးရဲ့ အရုပ်လေးကိုတော့ ပစ္စည်းတွေရဲ့ အပေါ်ဆုံးမှာ တင်ထားပြီး သေတ္တာကို ပိတ်လိုက်ပါတော့တယ်။

သေတ္တာကို ပိတ်ပြီးတဲ့ အခါမှာတော့ သူ့မျက်နှာဟာ ပြုံးနေပြီး၊ သူ့စိတ်ဟာလည်း ပေါ့ပါးလန်းဆန်းလို့ နေပါတော့တယ်။ ပထမ အဟောင်း အနွမ်းတွေ ထည့်ပေးတုန်းကလိုမျိုး စိတ်မသန့်တာ၊ စိတ်ထဲ မရှင်းနေတာလဲ မရှိတော့ပါဘူး။
*****
လူတိုင်းဟာ ကိုယ်မလိုတော့တဲ့ပစ္စည်း၊ ကိုအသုံးမ၀င်တော့တဲ့ ပစ္စည်းမျိုးကိုမှ သူများတကာကို ပေးကမ်းချင်တာ။ ကိုယ်လိုအပ်တာ၊ နှစ်သက်တာကြတော့ နှမြောမိတတ်ကြတာ လူ့သဘာဝပါ။ ဒါပေမယ့် ကိုယ်လှူမယ့်အလှူ၊ မွန်မြတ်လှတဲ့ အလှူမျိုးကိုတော့ စိတ်သန့်ပြီး နှမြောတွန့်တိုခြင်းကင်းစွာလှူမှ အလှူမြောက်ပါတယ်။

ပြီးတော့ ကလေးပြောသလိုပါပဲ ကိုယ်က ပြန်ဝယ်လို့ရတယ်၊ သူတို့တွေကျတော့ ဘယ်တော့များမှ ပြန်လည် ဦးမော့နိုင်ကြမလဲ။ ဘယ်တော့များမှ သူတို့တွေရဲ့ ဘ၀တွေကို ပြန်လည် တည်ဆောက်နိုင်ကြမလဲ။

ငိုကြွေးနေတဲ့ မျက်နှာတွေနဲ့ ပူဆွေးသောက ရောက်နေကြရှာတဲ့ မျက်နှာတွေကို မြင်ယောင် ကြည့်လိုက်ရင် ကိုယ်ပေးလိုက်ရတာက ဘာမှ မပြောပလောက်ပါဘူး။ ကိုယ်ပေးလိုက်တဲ့ ပစ္စည်းတစ်ခုဟာ တန်ဖိုးမရှိရင် နေပါစေ။ ကိုယ်မလိုတော့မှ၊ အသုံးမ၀င်တော့မှ ပေးတာထက်စာရင် တကယ်ပေးချင်လို့ ပေးတယ်ဆိုတာ ပိုကောင်းပါတယ်။ ပိုသန့်ရှင်းပါတယ်။
*****
ညလေး အရင်တုန်းက ဘလော့ဂ်တခုလုပ်ဖူးပါတယ်။ ဒီပို့စ်လေးလဲ တင်ဖူးပါတယ်။ အဟောင်းက ဖျက်လိုက်ပြီ ဆိုတော့ အသစ်မှာ အမှတ်တရအနေနဲ့ တင်လိုက်တာပါ။ ညလေး ဖတ်မိလို့ အရမ်းသဘောကျပြီး ဘယ်တော့မှ မေ့တော့မှာ မဟုတ်တဲ့ စာသားလေးတွေကို ပြန်လည် ဝေမျှပေးတာပါ။

ဖတ်လို့ ကောင်းတာ မကောင်းတာထက် ပေးချင်တဲ့ ရသလေးကို ခံစားသွားရတယ် ဆိုရင်ပဲ ကျေနပ်ပါတယ်။ လူတိုင်းလဲ ကိုယ့်အလှူကို မွန်မြတ်သန့်စင်စွာ ပေးလှူနိုင်ကြပါစေ။
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Apr 10, 2007

ရိုးရာသင်္ကြန်ပွဲ

ဂိမာန်နွေကူး လတန်းခူးမှာ
စိတြကြယ်မြူး ညဦးအခါ
နွေလေရူးက တိုက်ခတ်စ
မိုးရိပ်ငွေ့လေး ကျချိန်မှာ
ပိတောက်ရွှေဝါ ပြိုင်ဆိုင်ဖူးပွင့်ပါလို့
လမ်းတလျှောက် ကြိုင်လှိုင်ထူးတင့်ပါတဲ့
မြန်မာပြည်ရဲ့ ရိုးရာပွဲ။

နှစ်ဟောင်းက အညစ်ကြေး
နှစ်သစ်မပါဖို့ ဆေးကြောလို့
ရေသဘင်ပွဲ ဆင်နွှဲကြတယ်
သြော်.... ချစ်စရာ့ဓလေ့ ဒို့မမေ့။

တနှစ်တကြိမ် မရိုးနိုင်တဲ့
ရောက်ခဲ့ပြန်ပေါ့ သင်္ကြန်ပွဲမှာ
သူသူငါ ဆင်ယင်နွှဲလို့
ပျော်ရွှင်ကြတဲ့ ပွဲတော်မှာလေ
မမေ့နိုင်စရာ ထင်ကျန်ရစ်စေဖို့
ဘော်ဒါတို့ရေ))))))))))))
ဒီနှစ်လဲ... ကဲလိုက်ဦးစို့။
*****
သင်္ကြန်ကာလ ခါသမယမှာ မြန်မာပြည်တွင် ပျော်ရွှင်စွာ ကဲကြမည့်သူများကို ဘေးအန္တရာယ် ကင်းဝေးလို့၊ ဘေးဘယာ ဝေးကွာစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Apr 1, 2007

အိပ်မက်+ဒိုင်ယာရီ=အိပ်မက်ဒိုင်ယာရီ

အိပ်မက်ကိုတော့ လူတိုင်းလိုလို မက်ဖူးကြမယ် ထင်ပါတယ်။ ပျော်စရာ၊ ၀မ်းနည်းစရာ၊ စိတ်ညစ်စရာ၊ စိတ်ကြည်နူးစရာ၊ ကြောက်လန့်စရာ၊ တသသနဲ့ ပြောမ၀နိုင် ဖြစ်နေတတ်တဲ့ အိပ်မက်လေးတွေ မျိုးစုံကိုပေါ့။ မက်ဖူးကြတယ် မဟုတ်လား။
*****
အိပ်မက် ဘာ့ကြောင့် မက်တာလဲ? တခုခုကို စွဲလန်းပြီး မအိပ်ခင် တွေးနေမိလို့၊ စိတ်လှုပ်ရှားစရာနဲ့ တွေ့ကြုံခဲ့လို့၊ အပြင်မှာ ဖြစ်ပျက်ခဲ့တာက ကိုယ့်မျက်စိထဲက မထွက်လို့၊ အဲ့ဒီ အကြောင်းအရာ လေးတွေကို စိတ်စွဲလန်းပြီး မက်ကြတာ။ အမြဲတန်း ဒီလိုမျိုး၊ ဒီအကြောင်းအရာ တခုတည်းကိုပဲ ထပ်ခါထပ်ခါ ထပ် မက်တတ်တာတွေလဲ ရှိတတ်ပါတယ်။

ညလေးဆို အိပ်မက်ထဲမှာ ကြည်နူးစရာလေးနဲ့ တွေ့နေတုန်း အပြင်က အသံတခုကြောင့် လန့်နိုးသွားတယ်၊ အိပ်မက်လေးကို နှမြောလို့ ထပ်လဲ မက်ချင်သေးတယ်။ "ဘာလုပ်လဲ သိလား" ခေါင်းအုံးကို ပြောင်းပြန် လှန်ပြီး၊ အသက်အောင့် လက်နဲ့ ခုနှစ်ချက်ပုတ် စိတ်ထဲကလဲ အိပ်မက်လေး ပြန်လာဆိုပြီး အတင်း လိုက်ဆွဲခေါ်တာပေါ့၊ ဒီတော့ သူလဲ မလာချင်လာချင်နဲ့ ပြန်လာရရော။ "ယုံဘူးလား မယုံရင် စမ်းကြည့်လေ"။ ကိုယ်က စွဲလန်းနေမှတော့ မအိပ်ခင် သူ့ဆီ စိတ်ရောက်နေတာ ပေါ့နော် (နွားကတော့ မြက်စားနေလေရဲ့) အဲလေ တော်တော်နဲ့လဲ ပြန်အိပ်မပျော်ပါဘူး။

အိပ်မက်ထဲမှာ "နေရာလေးတခု" (သီချင်းခေါင်းစဉ်မဟုတ်ပါ) မက်ခဲ့တယ်၊ ကိုယ်ကလဲ နှစ်သက်နေတယ်၊ ရောက်ဖူးချင်တယ်။ ဒါပေမယ့် ကြာတော့လဲ မေ့သွားတာပေါ့ (ဟုတ်ဘူးလား၊ သူငယ်ချင်း)။ တချိန်မှာတော့ အဲ့ဒီနေရာလေး ကိုယ်ရောက်သွားခဲ့တယ် ဆိုရင်ပဲ ပြန်သတိရလိုက်တာက "ငါရောက်ဖူးတယ်၊ ဘယ်တုန်းက ပါလိမ့်" လို့ စဉ်းစားနေတုန်း "ငါရောက်ခဲ့တာ အိပ်မက်လေးထဲမှာပဲ" ဆိုပြီး သတိရသွားတော့ ပျော်တာပေါ့နော်။ မသိစိတ်ကနေ နှစ်သက်ခဲ့ရတဲ့ နေရာလေးကို သူကပဲ မရောက် ရောက်အောင် တွန်းပို့ခဲ့တာလေ။ ဒါ့ကြောင့်လဲ စိတ်ဆန္ဒ အရမ်း ပြင်းပြနေရင် တကယ် ဖြစ်တယ်လို့ (စိတ်သာရှင်စော ဘုရားဟော) ဆိုပြီး ရှိခဲ့တယ် မဟုတ်လား။

တချို့တွေလဲ အိပ်နေရင်း ယောင်ပြီး စကားပြောကြတာ၊ လမ်း ထလျှောက်ကြတာတွေ ကြားဖူးတယ်၊ ဘာလို့လဲ အိပ်မက်လေးက ဆွဲဆောင်အား ကောင်းလို့ပေါ့နော်။ အိပ်မက်ကို အရမ်း စိတ်ဝင်စားသွားတော့ လူက လိုက် လုပ်မိရောလေ (ဟုတ်တယ်ဟုတ်)။ တချို့တွေလဲ အိပ်မက်ထဲက ပုံရိပ်လေးတွေကို အပြင်မှာ အကောင်အထည် ရုပ်လုံး ဖော်ကြည့် ကြတယ်။ အထဲမှာ လှလို့ အပြင်မှာလဲ လှမလားဆိုပြီး စိတ်ကူးယဉ် ကြည့်တာလေ။ တခါတလေ အဆင်ပြေနိုင်သလို မပြေတာတွေလဲ ရှိတတ်မှာပါ။ တချို့တွေလဲ ဖြစ်လာတော့မှာကို အိပ်မက်နဲ့ ကြိုတင် သိရတယ်လို့ ပြောကြတယ်။ ဘာလို့လဲ အပြင်မှာ အလုပ်လုပ်နေရင်း ကိုယ့်စိတ်ထဲမှာ ပြဿနာ ဖြစ်တော့မယ်လို့ ထင်လိုက်တယ်၊ ဒါနဲ့ ဒီကိစ္စကို စွဲပြီး ညကျတော့ စဉ်းစား အိပ်မက်ထဲမှာ ဖြစ်နိုင်မဖြစ်နိုင် လုပ်ကြည့်ကြတာ၊ သေချာတာက အဆိုးတွေချည်းပါပဲ၊ စတည်းက ပြဿနာကို ကြိုသိနေခဲ့တယ် မဟုတ်လား။

ဒီလိုဆိုရင် အိပ်မက်ကိုရော ဘယ်သူတွေက ထိန်းချုပ်နေလဲ (ကျမ မသိပါ)။ ညလေး သိတာတော့ စိတ်က ထိန်းချုပ်တယ်လို့ ထင်တယ်။

အိပ်မက်ဆိုတာရော အိပ်နေမှ မက်လို့ရတာလား၊ မအိပ်ပဲရော ကိုယ် ဖြစ်ချင်တာတွေကို အကောင်အထည် ဖော်ကြည့်လို့ မရဘူးလား "ဟာ ရတာပေါ့"။ ညလေးဆို အလုပ်ထဲမှာ မျက်စိလေး မှိတ်ထားပြီး (စိတ်ကို လွှတ်ပေးလိုက်တယ်လေ၊ ဖြစ်ချင်တာတွေ လုပ်ကြည့်စမ်း ဆိုပြီး) တွေးနေတယ်။ အိပ်တာမှ မဟုတ်တာ ငုတ်တုတ်ထိုင်ပြီး ခဏလေး တွေးနေမိတာလေ။ မြင်တဲ့လူက "ဟဲ့ နင်ဘာတွေ တွေးနေတာလဲ" လို့ လာမေးမှ လန့်ပြီး "ဟင် နင်လုပ်တာနဲ့ ငါ စိတ်ကူးယဉ် နေတာလေး ပျက်သွားပါပြီ" လို့ နှမြောပြီး ပြောမိတတ်သေးတယ် (ဟုတ်တယ်ဟုတ်)။ ဒါကျတော့ စိတ်ကူးယဉ်တယ် ခေါ်ပြန်ရော (လူတွေများနော် စကားတတ်တိုင်း အမျိုးမျိုးပဲ လှည့်ပတ်ပြီး ပြောနေကြတာ၊ တတ်လဲ တတ်နိုင်ကြတယ်)။
*****
ဒါကတော့ ညလေးသိတဲ့ အိပ်မက်လေး အကြောင်း....
*****
တခုခုကို မှတ်မိချင်လို့ စာအုပ်ထဲ ရေးမှတ်ထားတယ်၊ နေ့စဉ် လုပ်ဆောင်ရမယ့် တာဝန်တွေကို ရေးထားတတ်တယ် ဆိုရင်တော့ ဒိုင်ယာရီ (နေ့စဉ်မှတ်တမ်း) ရေးတယ်လို့ ခေါ်ကြတယ်။ ညလေးဆို တခါမှ မရေးဘူး ပျင်းတာကိုး။ ဒါပေမယ့် အလုပ်နဲ့ ပါတ်သတ်လာရင်တော့ မရေးလို့မရတော့ဘူး များပြားလှတဲ့ အလုပ်တွေကို မမေ့ဖို့ စာအုပ်၊ ခဲတံ နဲ့ ဘောလ်ပန်လေး ဆောင်ထားပြီး မှတ်ရရော။ ညလေးရဲ့ ဦးနှောက်က အကုန်မှ မမှတ်နိုင်တာနော်၊ မေ့တာကလဲ ခဏခဏပါပဲ။ ဒါ့ကြောင့်လဲ ဒိုင်ယာရီ ရေးကြတာနေမှာ။

ငယ်တုန်းက ဖြစ်ခဲ့တာ၊ လုပ်ခဲ့ ကိုင်ခဲ့တာတွေ၊ ပျော်စရာ၊ ၀မ်းနည်းစရာ တွေကို စီကာပတ်ကုံး ရေးတတ်ကြတဲ့ သူတွေကတော့ အသက်ကြီးလာလို့ ပြန်ကြည့်တဲ့ခါမှာ သတိရစရာတွေ များနေတာပေါ့။ စာအုပ်လေးထဲ ပျော်စရာပါရင် ပြန်ပျော်လိုက်၊ ဒေါသဖြစ်စရာ ပါတော့ ခုကို တကယ် ကိုယ်ခံလိုက်ရသလိုပဲ ပြန်ဒေါကန်လိုက်နဲ့ တော်တော်လေး ခံစားလို့ ကောင်းကြမှာပါ။ ညလေးလိုဆို ဘယ်သူမှ ပြန်ပြောင်း အောက်မေ့လို့ ရကြမှာ မဟုတ်တော့ဘူးနော်။
*****
ဒါကတော့ ညလေးသိတဲ့ ဒိုင်ယာရီ အကြောင်း...
*****
ခုတော့ ညလေး ဖြစ်ချင်တဲ့ ဆန္ဒလေးတွေ၊ ညလေး အကောင်အထည် ဖော်ချင်တဲ့ ကိစ္စလေးတွေကို စာနဲ့တစ်ဖုံ ကဗျာနဲ့တမျိုး ရေးထားတဲ့ အကြောင်းအရာတွေ များပြားလာတော့ ညလေးရဲ့ မှတ်ဉာဏ်က အကုန် မမှတ်နိုင်ဘူးလေ။ ဒီတော့ ဘလော့ဂ်မှာ တင်ရင်းနဲ့ ညလေးရဲ့ "အိပ်မက်ဒိုင်ယာရီ" လေး ဖြစ်လာတော့တာ ပါပဲကွယ်။

ပုံပြင်လေးကတော့ ဒီမျှပါပဲနော်၊ မောင်ညီမလေးများ နောက်ပုံပြင်များစွာကို ဆက်လက် ရှုစား အားပေး ကြပါဦးလို့။
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Mar 30, 2007

ခြေရာ

သောင်ပြင်ဖွေးဖွေး
လေညှင်းအေးမြ
ကမ်းစပ်ဘေးနား
တူယှဉ်လက်တွဲ
လျှောက်ခဲ့ဖူးသည်။

သစ်ပင်အုပ်ဆိုင်း
ရစ်သိုင်းအုံဖွဲ့
မြေနီလမ်းထက်
တူယှဉ်လက်တွဲ
လျှောက်ခဲ့ဖူးသည်။

ဖူးပွင့်လှပ
စိမ်းမြမြက်ခင်း
ရနံ့ကြိုင်သင်း
ပန်းခင်းရဲ့အလယ်
တူယှဉ်လက်တွဲ
လျှောက်ခဲ့ဖူးသည်။

ရင်ခုန်လှိုက်မော
ကြည်နူးပျော်ရွှင်
လျှောက်ဖူးခဲ့သော
လမ်းများစွာတွင်
ထင်ကျန်ရစ်ခဲ့
ခြေရာများစွာ
ဖျောက်မရပါ။
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Mar 29, 2007

ဖြစ်ပုံက

သူများတွေ Blog စလုပ်တုန်းကတော့ ဘယ်လိုနေလဲ မသိဘူး၊ ညလေးလဲ Blog လုပ်ရော ဘယ်လိုပြောရမလဲ အနည်းငယ် သိထား၊ တတ်ထားတာ လေးတွေတောင် ခေါင်းထဲက ပျောက်ကုန်တယ်။

အလုပ်က အိမ်ပြန်လာရင် ခဏနားပြီး ရေချိုး၊ ထမင်းစား သောက်ပြီးတာနဲ့ ကိုယ့် အခန်းလေးထဲဝင် အင်တာနက် စတက်တော့တာပဲ။ အင်တာနက်က မကြည့်ရ၊ မ၀င်ရ မနေနိုင်အောင်ကို ဆွဲဆောင် နိုင်တယ်လေ။ နက်ပေါ်တက် လိုချင်တာတွေ Download လုပ်၊ ပြီးရင် ဖိုရမ်မှာ နည်းနည်းပါးပါး ၀င်ရေး၊ သူငယ်ချင်းတွေ မေးထားတာတွေ လိုက်ဖြေ ဒါလောက်ပါပဲ။
*****
နောက်တော့ ဘယ်က ဘယ်လိုစလို့ "ဘလော့ဂ်" ဆိုတာကြီး တွေ့သွားလဲမသိ၊ ဘယ်သူ့ ဘလော့ဂ်ထဲကို ရောက်သွားမှန်း မမှတ်မိတော့ဘူး။ သူ ရေးထားတာ လေးတွေ ဖတ်၊ သူပေးထားတဲ့ လင့်ခ်လေးတွေကို လိုက်ဝင်ရင်း သဘောကျစ ပြုလာတယ်။ သူတို့လေးတွေ ရေးထားတာက ကောင်းနေတာကိုး။ တယောက် တမျိုး မရိုးနိုင်အောင် တင်ပြနိုင်ကြတယ်၊ ပုံစံလေးတွေလဲ အပြိုင်အဆိုင်ပါပဲ။ သူ့ထက်ငါ အပြိုင် ကြဲနေကြတာက အရောင် စုံလင်လှတဲ့ ပန်းခင်းလေးထဲကို ၀င်လိုက်ရသလိုပဲ ရှုမငြီးစရာ ဖြစ်နေတာပေါ့။ မဖတ်ရ၊ ၀င်မကြည့်ရ မနေနိုင်တဲ့ ဘလော့ဂ် လေးတွေလဲ ရှိပါ့။ ဒါနဲ့ ညလေးလဲ ရေးချင်လာတယ်၊ ညလေး သုတ၊ ရသ နဲ့ သိထားတာလေးတွေကို ပြန်ဝေမျှချင်လာတယ်။

ညလေးရေးရင် သူတို့လောက် ကောင်းပါ့မလား၊ ငါရော သူတို့လောက် လုပ်တတ်ပါ့မလား ဆိုတဲ့ စိတ်နဲ့ မစရဲသေးတာ။ နောက်ပြီး ဘလော့ဂ်ဆိုတာ ကိုယ့်ရဲ့ မူပိုင်၊ ကိုယ်ပိုင်တာ ဆိုပေမယ့် သူငယ်ချင်းတွေ လင့်ခ်ပေးလိုက်ပြီးမှ ကိုယ်က ပုံမှန်လေးတောင်မှ မတင်နိုင်မှာ စိုးလို့ရယ်၊ ၀င်ကြည့်နေကြတဲ့ သူတွေက တခါလာ ဒါပဲ နောက်တခါလာလဲ ဒါပဲ ဆိုတာမျိုးကြီး မဖြစ်စေချင်တာရယ်၊ အချိန် မလောက်တာရယ်၊ ဘာရေးရမှန်း မသိသေးတာရယ်၊ ဒီလိုမျိုး "ရယ်" ပေါင်းများသွားလို့ (အဓိက ကတော့ ပျင်းလို့ပါပဲ၊ ဟဲ)။ မလုပ်ဖြစ်တာ။ ညလေးက စာရေးရမှာ တအားပျင်းတာ၊ စာရိုက်မလား ဆိုရင်တော့ ဘယ်နှစ်ရွက်လာလာ၊ ဘယ်နှစ်မျက်နှာ ပေးပေး ပြီးအောင် ရိုက်ပေးမယ်။ စာတော့ လာမရေးခိုင်းနဲ့ ဆိုတဲ့ လူမျိုး။

ဒီလိုနဲ့ တစ်နေ့တော့ အလုပ်က ပြန်လို့ ခါတိုင်းလိုပဲ လုပ်စရာ ရှိတာလေးတွေ လုပ်ပြီး ကွန်ပျူတာလေးဖွင့်၊ အင်တာနက် တက်တော့ အရင်လိုပဲ လိုချင်တာရှာယူ၊ ဖိုရမ်ဝင်ရေးရင်းနဲ့ သတိရသွားတာက "Blog" လုပ်ထားမယ်ကွာလို့။ ရေးတာမရေးတာ အပထား၊ သူများတွေကို လင့်ခ် ပေးတာမပေးတာလဲ အပထားလို့ ကိုယ် ဘယ်လောက်သိလဲ ဆိုတာကို စမ်းသပ်ကြည့်မယ် ဆိုပြီး Create Blog နဲ့ စလိုက်တယ်၊ ပြီးတော့ သူပေးတဲ့ အဆင့်တွေ အကုန်လုံးကို အစဉ်တိုင်း လုပ်တယ်။ နောက်တော့ ပို့စ်တင်ဆိုတော့ Starting Post လေး တစ်ကြောင်းရိုက်ပြီး စလိုက်တယ်။ Post ကို Publish လဲလုပ်ရော Error ဆိုတာ တက်လာပါတယ်၊ ပြီးတော့ တင်မရဘူးတဲ့၊ ဒါနဲ့ Back ပြန်သွားတယ် Post ပြန်တင်တယ်၊ Publish ပြန်လုပ်တော့ ရသွားပါတယ်။ ဒါနဲ့ ညလေးလဲ View ခေါ်ကြည့်တာပေါ့။ အင်း အဆင်ပြေပါတယ်။ ဘာမှမရှိသေးတာပဲ ရှိတယ်လေ။ ညလေးကလဲ နဲနဲ ရှည်လိုက်ရမှလေ သူပေးထားတဲ့ အတိုင်းမထားဘူး၊ Template တွေကို လိုက်ပြင် လိုက်သေးတယ်၊ မြန်မာလိုပေါ်အောင်လဲ လိုက်ရေးပေးတယ်။ ခဏနေတော့ လုပ်စရာက ပေါ်လာရော၊ ဒါနဲ့ Sign Out နဲ့ ထွက်ပြီး အလုပ် ခဏလုပ်တယ်။

ပြီးတော့ ပြန်လဲဝင်ရော သူက User Name နဲ့ Password မတူလို့ ၀င်မရပါဘူးတဲ့၊ "ဟင် ငါ ခုနကပဲ လုပ်ထားတာ ဘာကိစ္စ မေ့ရမှာတုန်း မှန်ပါတယ်ပေါ့" ဒါနဲ့ မကျေနပ်ဘူး Mail နဲ့ ၀င်လဲ မရပါဘူး "Blog" ကို A sign လုပ်လို့တောင် မရဘူး ၀င်လိုက်တာနဲ့ အသစ်ပဲစပါ သင်ပေးတာ မှားနေတယ်တဲ့။ တင်းသွားတာပေါ့။ အကုန်လုံးလဲ ပြင်ပြီးနေပြီ၊ စာတွေကို အသင့် Post လုပ်ယုံပဲ ကျန်တော့တာ ဥစ္စာ။ ဒီတော့ Password မေ့သွားလို့ဆိုပြီး Mail ပို့ခိုင်းတယ် (ဘိုးတော်က ပြန်မပို့ပါဘူး)။ ဒါနဲ့ပဲ နောက်ထပ်တစ်ခု ထပ်ယူတယ်၊ အဆင့်သုံးဆင့် ကျော်သွားတယ်။ Post ထပ်တင်တယ် Error ထပ်တက်တယ်၊ နောက်ပြန်ဆုတ်တယ်၊ ပြန်တင်တယ်၊ ရသွားတယ်။ Dashboard သွားကြည့်တော့ ပထမ လုပ်ထားတဲ့ တခုက ရှိနေတယ်လေ၊ ဒါနဲ့ အရင်ဟာကိုယူ ခုဟာကိုဖျက်ပြီးတော့ ပြီးပြီပေါ့။ ဒါနဲ့ ထွက်လိုက်ပြန်တယ် ပြန်ဝင်တယ်၊ ၀င်မရတော့ပြန်ဘူး။ ကဲ ဒီလောက်ဖြစ်လှတာ ထပ်ယူတယ်ဟာ ဆိုပြီး အသစ်ယူတယ်၊ ဒီလိုပဲလေ ထပ်ဖြစ်တယ်။ ဒေါသလဲ ထွက်လာတယ်၊ နင်မပေးမချင်း ယူတယ်ဟာ (ဘာဖြစ်လဲနော့ ပိုက်ဆံမှ မပေးရတာ) ဆိုပြီး အသစ်တွေ ထပ်ဖွင့်ရင်းနဲ့ ဘလော့ခ်က ၇ ခုလောက် ဖြစ်သွားတယ်။ အဟဲ လန့်မသွားနဲ့နော်။

ဒါနဲ့ စိတ်ပျက်ပြီးတော့ အရင်လိုပဲ အင်တာနက်တက် လိုချင်တာယူနဲ့ "လူမှန် အင်တာနက်မှန်" ပြန်ဖြစ် သွားတယ်လေ။ ဘလော့ဂ်ကို စိတ်ကုန်သွားလား ဆိုတော့ မကုန်သေးပါဘူး အချိန်ရတိုင်း ၀င်ကြည့်တယ် ဘယ်လိုမှ ၀င်မရပါဘူး။ ဘလော့ဂ် လုပ်ရင် တင်ဖို့ဆိုပြီး ရေးထားတာတွေလဲ လက်စ မသတ်ရသေးဘူး၊ နောက် ရမှပဲ ပြန်ရေးတော့မယ် ဆိုပြီး ဒီတိုင်း ပြစ်ထားလိုက်တယ်။

နောက်တော့မှပဲ IE ကြောင့်မှန်း သိတော့တယ်၊ IE Error ကိုး။ ခုတော့လဲ Fire Fox နဲ့ အဆင်ပြေနေပါတယ် (ခုတော့ ကျမသိပြီပေါ့)။
*****
အဲ ဖြစ်ပုံကို စလိုက်တာ တော်တော်လေးလဲ ရှည်သွားပြီ၊ ဖတ်ရတဲ့သူတွေလဲ တော်လောက်ပီလို့ အော်ကြတော့မယ်။ ဒါကတော့ "ညလေးရဲ့ဖြစ်ပုံ" လို့ ခေါင်းစဉ်တပ်လို့ ရအောင်ကို ဖြစ်သွားတဲ့ ကိစ္စပါ။
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Mar 28, 2007

Blog Banner

ညလေး ဘလော့ဂ် စလုပ်တုန်းက Error ကြီး နဲ့တိုးနေတယ် (သိပြီးကြပြီနော်)၊ ပြီးတော့လဲ ညလေးက အော်ရီချင်တယ် (အဲလေ အော်ရဂျင်နယ်) ပါတဲ့ ဘန်နာကို သဘောမကျပါဘူး။ ဘန်နာတင်ဖို့ကိုလဲ ဘယ်နား သွားတင်ရမလဲ ဆိုတာ မသိပါဘူး။ ဘန်နာကို ဘလော့ဂ်မှာ တင်လို့ မရမချင်းလဲ ငါ့ဘလော့ဂ်ကို ဘယ်သူ့မှ လင့်ခ် မပေးဘူးလို့ ဆုံးဖြတ်ထားပါတယ် (ညလေးက အဲ့လိုမျိုး၊ ကောင်းဘူးနော်)။ နောက်ပြီး ဘန်နာကို ဘယ်လို တင်ရလဲလို့ မေးလိုက်တိုင်း Header မှာ url ပေးရင် ရပြီလို့ ပြောကြတာများပါတယ်။ ဒါပေမယ့် မရပါဘူး။ ညလေးလဲ အရမ်းကြီး တော်၊ သိ၊ တတ် နေလို့တော့ မဟုတ်ပါဘူး။ ကိုယ့်ဘလော့ဂ်မှာ ဘန်နာလေးမှ လှလှလေး မတင်ထားရင် ကြည့်ရတာ ရုပ်ဆိုးနေသလိုလို၊ သနပ်ခါးမလိမ်းပဲ အပြင်ထွက်တဲ့ မိန်းကလေးလိုမျိုး အကြည့်ရ ဆိုးနေလို့ ဘန်နာတင်ချင်တာပါ။

ဒါနဲ့ပဲ ရှိသမျှ ဘန်နာ တင်ထားတဲ့ ဘလော့ဂ်တွေရဲ့ Source တွေကို လိုက်ပြီး ဖတ်ပါတယ်၊ ဘယ်နားမှာ ဘာထည့်လိုက်လဲ ဆိုပြီးတော့လေ။ သူတို့တွေ ရေးထားသလိုမျိုး လိုက်ရေး၊ လိုက်ဖြည့်ကြည့်တာလဲ မရပါဘူး။ ဟိုဒီ လျှောက်လုပ်နေရင်းနဲ့ ဘန်နာကြီးက နှစ်ထပ်ဖြစ်သွားပါလေရော၊ အဲ့ဒါမှ ဒုက္ခပဲ ဘယ်နား ပြန်သွားပြီး ဖြုတ်ရမှန်းလဲမသိ။ နောက်တော့မှ နဂိုရှိနေတဲ့ ဘန်နာကို အရင်ဖြုတ်ရမယ်၊ ပေါ်မနေအောင် လုပ်မှ ရမယ်လို့ သိလိုက်ပါတယ်၊ ဒါပေမယ့် အဲ့ဒီ Code ကိုဖြတ်တာနဲ့ Error တက်လာပါတယ်။ ဒီလိုနဲ့ပဲ ဉာဏ်ကို ဖြူ၊ နီ၊ ပြာ၊ ၀ါ ရောင်စုံ ကွန့်မြူးလိုက်တာ နောက်ဆုံးမှာတော့ ရသွားပါတယ်၊ ဦးနှောက်လဲ တော်တော် ခြောက်သွားပါတယ် (ရေစွတ်ပြီး ထပ်စဉ်းစားတာပေါ့၊ ဘယ်ရမလဲနော့)။ ဘန်နာတင်ဖို့ ရှာတာလဲ နှစ်ရက်လောက်ကို အချိန် ကြာသွားပါတယ်။ သူများတွေ အဲ့လောက် ကြာပါ့မလားပဲနော်၊ ညံ့ချက်က။

အဆင်ပြေအောင် ဖြုတ်ရမယ့် စာတွေကို အနီရောင်နဲ့ ပြထားပြီး၊ ထည့်ရမှာကိုတော့ အပြာနဲ့ ပြထားပါတယ်။ အပေါ်က Check box လေးကို အမှန်ပေးခဲ့ဖို့ မမေ့နဲ့နော်၊ ဒါမှ အကုန်ပေါ်မှာ (html code) တွေပြောပါတယ်။ ရှာရလွယ်အောင်လို့ body ကနေ စပြီး ကူးပေးထားပါတယ်။ အောက်မှာ ညလေးကလိထားတဲ့ ဘန်နာတင်ရင် ဘာဖြုတ်ရမလဲ ဘာထပ်ထည့်ရမလဲ ဆိုတာလေး ကြည့်ရအောင်နော်...

<body>
<div id='outer-wrapper'><div id='wrap2'>

<!-- skip links for text browsers -->
<span id='skiplinks' style='display:none;'>
<a href='#main'>skip to main </a> |
<a href='#sidebar'>skip to sidebar</a>
</span>

<div id='tiltle'> header-wrapper
<b:section class='header' id='header' maxwidgets='1' showaddelement='no'>
<b:widget id='Header1' locked='true' title='အိပ်မက်ဒိုင်ယာရီ(Header)' type='Header'>
<b:includable id='main'>
<div class='tiltle'> header-wrapper
<h1 class='tiltle'> header
<b:if cond='data:blog.url == data:blog.homepageUrl'>
<data:tiltle/> header
<b:else/>
<a expr:href='data:blog.homepageUrl'><data:tiltle/></a> header
</b:if>
</h1>
</div>

အစားသွင်းရမယ့် စာလေးတွေက နည်းပါတယ်။ ပြီးတော့ ကိုယ်ပြင်ပြီးသွားရင် ဘယ်နေရာလေးက ဘယ်လို လိုက်ပြောင်းသွားလဲ ဆိုတာ ဘလော့ဂ်ကို ခဏခဏ Preview ကိုကြည့်ပါနော်။ ဒါမှလဲ ကိုယ်ဘာရေးပြီးရင် သူကဘယ်နား ပြင်ပေးသွားတယ်ဆိုတာ သိရမှာပါ၊ ညလေးဆို Template ပြင်ရင် ခဏခဏ Preview ခေါ်ကြည့်တယ်။ နောက်ဆို သတိထားမှ ညလေး ပြင်နေချိန်နဲ့ ၀င်ကြည့်တဲ့သူနဲ့ တိုးရင် ဒီ ဘလော့ဂ်က ဘာပါလိမ့် ခဏခဏ ပြောင်းနေတယ်လို့ အပြောခံရမှာ သေချာတယ်။

Description က စာတွေလဲ Setting ထဲဝင်ပြီး ပြန်ဖျက်ပေးပါ။ ပြီးတော့လဲ Border တွေ ကျန်နေပါသေးတယ်၊ တွေ့မှာပါ။ ဒီတော့ Header နဲ့ header description နေရာမှာ ရေးထားတဲ့ border: 1px solid; ဘာဖြစ်တယ်၊ ညာဖြစ်တယ် ဆိုတာပါ ဖြုတ်ပေးပါ။ ဒါလဲ မပြီးသေးပါဘူး။

ဘန်နာတင်ရင် အရင်ဆုံး ကိုယ်တင်ချင်တဲ့ ဘန်နာကို url ထုတ်ထားရပါမယ်။ ညလေးကတော့ photobucket သုံးပါတယ်။ ဒါလေးက အဆင်ပြေလို့ပါ လိုချင်တဲ့ image file ကို ထည့်ထားလိုက်ရင် သူက ပုံမှန် size အတိုင်း ပြန်ထုတ်ပေးပါတယ်။ ပြီးတော့ animation image တွေလဲ တင်လို့ရပါတယ် (ရုပ်အရှင်ပါ)။ နောက်ဆုံးအဆင့် ဘန်နာ ခေါ်တင်ဖို့ကို ဖြည့်ရမယ့်စာတွေကို အပြာရောင်နဲ့ ပြထားပါ့မယ်။ အောက်မှာ ဆက်ကြည့် ရအောင်နော်....

#header-wrapper {
width:800px;
ဒါက ဘန်နာအလျားပါ။
height:250px;
ဒါက ဘန်နာအမြင့်ပါ။
margin:0 auto 5px;
font:normal bold 100% 'Zawgyi-One', Comic Sans MS, Arial,Verdana, Sens-Serif, Zawgyi1;
}

#header {
width:800px;
height:250px;
background:url(http://i122.photobucket.com/albums/o242/thwe79/AinMetDiary1.jpg) no-repeat center top;
ဒါကတော့ ညလေးရဲ့ ဘန်နာပါ။
margin: 0px auto;
text-align: center;
color:#3D81EE;
font:normal bold 100% 'Zawgyi-One', Comic Sans MS, Arial,Verdana, Sens-Serif, Zawgyi1;
}
*****
ဘေးနားမှာ ညလေး လိုက်ရေးထားတဲ့ စာတွေကို ထည့်ရေးလိုက်ရင်တော့ Error ကြီး (ညလေးဘော်ဒါ) နဲ့ တိုးသွားပါမယ်။ ညလေး ရေးထားတာ မရှင်းဘူးဆိုရင်လဲ ရှင်းပြတဲ့ ကျမ ညံ့တယ်လို့ပဲ မှတ်ပါ။ ဒါမှမရသေးရင် ညလေးဆီ Template ပို့လိုက်ပါ (ညလေး ပြင်မတတ်ဘူး ပြောမလို့ပါ)၊ ကော်မက်မှာ ၀င်မေးပေးပါ။
*****
ဒီစာကို မနေ့က တင်မလို့ပါပဲ ဒါပေမယ့် html code တွေနဲ့ ရေးပြီး တင်လိုက်တာ လူဖတ်မရတဲ့ စာတွေနဲ့ ရှုပ်နေအောင် တက်လာလို့ ဒီနေ့မှ တင်ဖြစ်သွားတာပါ။ ကိုယ့်စိတ်ကြိုက် ဘန်နာလေးများဖြင့် ဘလော့ဂ်ကို အလှဆင်ရင်း ပျော်ရွှင်နိုင်ကြပါစေ။
*****
ဖြည့်စွက်ချက် - html code တွေကို အမှန်အတိုင်း ပေါ်အောင် (post မှာတင်လို့ရအောင်) ပြောပြပေးတဲ့ ကိုချမ်းမြစိုး ကို ကျေးဇူးတင်ပါတယ်။ သူရှင်းပြထားတာ ကြည့်ချင်ရင်တော့ ဒီလင့်ခ် မှာ ၀င်ကြည့်လို့ ရပါတယ်။
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Mar 27, 2007

အမေ

အမေ့ရင်ခွင် မှေးစဉ်ခဏ
ဘ၀အမော ပြေကျရပြီး
အမေ့စကား ကြားရစဉ်က
အသိပညာ တိုးခဲ့ရ၍
အမေ့မျက်ဝန်း မော့ကြည့်စဉ်က
ဒေါသမီးတို့ ငြိမ်းအေးရသည်။

နွေးထွေးရင်ခွင် ခိုလှုံရင်းသာ
နူးညံ့စကား ဖွဖွကြားချင်
အေးမြမျက်ဝန်း ရစ်ချည်နှောင်ဖွဲ့
ရွှန်းမြမြအစဉ် အမေ့ရုပ်သွင်။

အမေနှင့်ခဏ ခွဲခွါရစဉ်
ရင်နှစ်သည်းချာ သမီးလှကညာ
တမ်းတသည်မှာ အမေ့မေတ္တာပါ။
*****

ဆက်လက်ဖတ်ရှုရန်...>>>>

Mar 26, 2007

Typical Day at the White House!

*****

ဆက်လက်ဖတ်ရှုရန်...>>>>

Mar 25, 2007

မိဘမေတ္တာ

ဘလော့ဂ် စစချင်းမှာ ဘာတင်ရမှန်း မသိလို့ ဒီကဗျာလေးနဲ့ မိဘကျေးဇူးကို အောက်မေ့သတိရနေကြောင်း ပြောပြပြီး မိတ်ဆက်လိုက်ပါတယ်…

“တုနှိုင်းမဲ့ မိဘမေတ္တာ”
မိဘရဲ့မေတ္တာကို…
ကောင်းကင်က လမင်းကြီးနဲ့ မနှိုင်းပါနဲ့
မိဘရဲ့မေတ္တာဟာ လမင်းကြီးနဲ့ မတူနိုင်ပါဘူး။
လမင်းကြီးမှာ လသာရက် လမိုက်ရက်ဆိုတာ ရှိပေမယ့်
မိဘနှစ်ပါးမှာတော့…
မေတ္တာကင်းတဲ့ရက်ဆိုတာ မရှိနိုင်လို့ပါပဲ။

မိဘရဲ့မေတ္တာကို…
တောတောင် လျှိုမြှောင်ကြားက စမ်းရေနဲ့ မနှိုင်းပါနဲ့၊
မိဘရဲ့မေတ္တာဟာ စမ်းရေနဲ့ မတူနိုင်ပါဘူး။
စမ်းရေဟာ တစ်ခါတစ်ရံမှာ ခမ်းခြောက်သွားတတ်ပေမယ့်
မိဘနှစ်ပါးရဲ့ မေတ္တာတွေကတော့…
ဘယ်တော့မှ ခြောက်ခမ်းမသွားနိုင်လို့ပါပဲ။

မိဘရဲ့မေတ္တာကို…
သိပ်လှတဲ့ ပန်းပွင့်လေးတွေနဲ့လဲ မနှိုင်းပါနဲ့၊
မိဘရဲ့မေတ္တာဟာ ပန်းပွင့်လေးတွေနဲ့လဲ မတူနိုင်ပါဘူး။
ပန်းတွေဟာ မကြာမီမှာ နွမ်းခြောက်သွားတတ်ကြပေမယ့်
မိဘရဲ့ ရင်တွင်းက မေတ္တာပန်းပွင့်တွေကတော့
ဘယ်တော့မှ နွမ်းခြောက်မသွားနိုင်လို့ပါပဲ။

မိဘရဲ့မေတ္တာကို…
သိပ်လုံခြုံတဲ့ အိမ်လေးတွေနဲ့လဲ မနှိုင်းပါနဲ့၊
မိဘရဲ့မေတ္တာဟာ အိမ်လေးတွေနဲ့လဲ မတူနိုင်ပါဘူး။
အိမ်လေးတွေဟာ အချိန်ကြာလာတာနဲ့အမျှ
အိုမင်းယိုင်နဲ့သွားတတ်ကြပေမယ့်
မိဘနှစ်ပါးရဲ့ မေတ္တာတရားတွေကတော့
ဘယ်တော့မှ ဘယ်တော့မှ အိုမင်းမသွားကြလို့ပါပဲ။
*****
ညလေးလိုပဲ မိဘကို ချစ်မြတ်နိုးပြီး မိဘရဲ့မေတ္တာကို အောက်မေ့သတိရနေသူတိုင်းသို့…. အမှတ်တရပါနော်
*****

ဆက်လက်ဖတ်ရှုရန်...>>>>

 
Looking for something? Try :::