NyAlAy
အချိန်ပေး၍ လာရောက်ဖတ်ရှုသူများကို ကျေးဇူး အထူးတင်ရှိပါတယ်။ နှစ်သစ်မှာ ပျော်ရွှင် ငြိမ်းချမ်းကြပါစေ....

Aug 13, 2007

ဝက်သားအချိုချက်

အိုကေ အားလုံးက ညလေးချက်တဲ့ ဟင်းတွေ ထပ်မြည်းချင်တယ် ဆိုတော့လဲ ချက်ပေးရတာပေါ့ နော့....။ အားလုံး သွားရေကျဖို့သာ ပြင်ထား လာပါပြီ။ ကဲ ကဲ ပန်းကန်လေးတွေ အသင့်ပြင်ထားကြပါ ဟဲ့ ဟို တန်းစီနေတဲ့ ကလေးတွေ နေရာလုရင်း ရန်ဖြစ်မနေကြနဲ့လေ အားလုံး ကျွေးမှာပါ... သေချာစီကြလေ လူကြီး မျက်စိနောက်အောင် မလုပ်နဲ့နော်....။ eek
*****
ညလေးရဲ့ ချက်ချင်သလို ချက်ထားတဲ့ ဟင်းများကို မျှော်လင့်နေကြတဲ့ သူများအတွက် တကူးတက သွားပြီး ၀ယ်ခြမ်း ချက်ပြုတ်ထားတာပါ။ ယုံလားဟင် !!!!! (စိတ်ကူးပေါက်မှ ကောင်းအောင် ချက်တာ)

အားလုံးကို ကျွေးချင်လို့ နားရက်လေးမှာ မနက်စောစောထ (၁၀ နာရီလေ lol) ပြီးတော့ ၀က်သားဆိုင် မပိတ်ခင်လေး အမြန်သွားရတယ်။ ဆိုင်လဲရောက်ရော သုံးထပ်သားကို အဆီပါးပါးလေး ပါတဲ့အသား ယူမယ်ပြောတော့ ရောင်းတဲ့သူကလဲ ခုတ်ပေးရှာပါတယ်။ ဘယ်လောက်ဖိုး ၀ယ်လဲ သိလား 3 RM ဖိုး ဟီးးးး။ ပြီးတော့ ၀က်လက်တွေ့တာနဲ့ စားချင်လာရော အဲ့ဒါနဲ့ တစ်ချောင်း ဘယ်လောက်လဲ မေးတော့ သူက အလကား ပေးလိုက်တယ်လေ၊ များကြီးပဲ ရတယ် သိလား။ wink

ဒါနဲ့ ၀ယ်လာတဲ့ ၀က်သားတွေ ရေဆေးပြီး ပဲငံပြာရည်၊ သကြား၊ ဆား နဲ့ အချိုမှုန့် နည်းနည်းဆီထည့်ပြီး အိုးထဲ ထည့်ထားလိုက်တယ်။ ((သြော် ခုတ်စရာမလိုဘူး တစ်ခါတည်း ခုတ်ခိုင်းခဲ့တာ အိမ်မှာက ဓါးမကြီးမရှိဘူးလေ ရှိလဲ ဒီဝက်လက်ကို ခုတ်နေရင် ပြီးမှာ မဟုတ်တော့ဘူး၊ သူတို့ဓါးက တအားထက်တာ)) ပြီးတာနဲ့ ကြက်သွန်နီ ၂ လုံးလောက် ထူထူလေး လှီးထားတယ် (ထောင်းမှာလေ) အဖြူနွှာ၊ ဂျင်းအခွံသင်ပြီး အကုန်ပြီးတာနဲ့ ကြက်သွန်နီကို စထောင်းပါတယ်၊ သူက များတော့ နည်းနည်းကြာမယ်လေ။ အကုန်လဲ ထောင်းပြီးရော ခုနက ၀က်သား ထည့်ထားတဲ့ ဒန်အိုးထဲကို ထည့်လိုက်တယ်၊ ဆီးထမင်းစားဇွန်း ၂ ဇွန်း ၃ ဇွန်း နဲ့ ရေ အလုံအလောက် ထည့်ပြီး မီးဖိုပေါ်မှာ အမုန်း တင်ထားလိုက်တယ် ပြီးတော့ လုပ်စရာရှိတဲ့ အလုပ်တွေ ဆက်လုပ်နေတာပေါ့။ လုပ်ရင်းလဲ မေ့မသွား ကြနဲ့ဦးနော် တူးသွားဦးမယ်။ ရေခန်းရင် အသား နူးပြီလားကြည့် မနူးသေးရင်၊ ရေထပ်ထည့် ထပ်တည်ထားလိုက် အင်းးးး ရေခန်းလို့ အသား နူးပြီထင်ရင် အပေါ့အငန်မြည်းပြီး အိုးပေါ်ကချ စားလို့ရပါပြီ။ ဆီအပြန်ကြီးမဟုတ်ပဲ ကပ်ကပ်လေး ကျန်မှ စားကောင်းတာ။ ဒါကတော့ ညလေး ဆီမသတ်ချင်လို့ လုံးချက်တာပါ။

ဆီသတ်ပြီးမှ ချက်ချင်သူတွေကတော့ ဒါလဲ လွယ်ပါတယ်။ ဒယ်အိုးကို မီးဖိုပေါ်တင် (မီးဖွင့်နော် ဒီတိုင်း တင်မထားနဲ့) ပူလာရင် ဆီ(လိုသလောက်)ထည့် အရမ်းများရင် အီလိမ့်မယ်။ ဆီဆူလာရင် ထောင်းထားတဲ့ ကြက်သွန်နီထည့် အရောင်ပြောင်းလာရင် အဖြူ နဲ့ ဂျင်းထည့် အနံ့မွှေးလာရင် နှပ်ထားတဲ့ ၀က်သားထည့်ပြီး ခဏမွှေပါ ပြီးရင် ရေမြုပ်အောင်ထည့်လို့ တည်ထားလိုက်။ အသားလဲ နူးပြီ ဆီအနည်းငယ် အိုးကပ်ယုံလောက် ကျန်ရင် အပေါ့အငန်မြည်း ဖိုပေါ်ကချပြီး စားလို့ရပါပြီနော်။

ညလေးချက်စားတဲ့ ၀က်သားအချိုချက်က အနံ့မွှေးပြီး အသားလေးကို နူးအိနေတာပဲ သုံးထပ်သားချည်းမဟုတ်ပဲ ၀က်လက်ပါ ထည့်ထားတော့ ပို စားကောင်းတယ် ဟိ..... စားချင်ကြတယ်ဟုတ်။

ပြီးတော့ ညလေးက သူများတွေလို အသားနူးချင်လို့ ၀က်သားကို အရင်မပြုတ်ဘူး ပြုတ်လိုက်ရင် သူ့ရဲ့ အချိုအရသာ မရှိတော့ဘူးလေ ပြုတ်ရည်ထဲ ပါသွားတယ်။ တစ်ခါတည်း နူးအောင်တည်တာ ပိုစားကောင်းတယ်။ မယုံရင် ချက်စားကြည့်ကြပါလား။
*****
ဟင်းချက်တယ်ဆိုတာ လွယ်ပါတယ် (ညလေးကတော့ လွယ်အောင်ပဲ ချက်တတ်တယ်)။ ညလေးလုပ်မှပဲ စားကောင်းတဲ့ ဟင်းချက်နည်းတွေ လွယ်သွားတော့တယ်နော် ဟုတ်တယ်ဟုတ်......

လွယ်ကူစွာ ချက်စားနိုင်တဲ့အတွက် ဟင်းချက်ရမှာ အပျင်းထူကြတဲ့ သူငယ်ချင်းတို့၊ ဟင်းချက်ရတာကို အရမ်းကြီး ခက်နေတယ် ထင်နေကြတဲ့ သူငယ်ချင်းတို့ ကိုယ်တိုင် ချက်စားကြည့်ရင် လွယ်မှန်း သိပြီး ကိုယ်ချက်ပြီး ရလာတဲ့ဟင်းကို အရသာခံလို့ စားနိုင်ကြတာပေါ့ (ကောင်းလိုက်တာ ရှလွတ် !)။ ပြီးတော့ ချက်ပြီးရင်လဲ အနားမှာ ရှိတဲ့ သူတွေကို "ဒါ ငါချက်ထားတာကွ" ဆိုပြီး ကြွားလို့လဲ ရတာပေါ့။

အားလုံးပဲ ကျေနပ်နိုင်ကြမယ် ထင်ပါတယ်။
*****

0 comments:

 
Looking for something? Try :::