"သူဇာ၊ စန္ဒာ နဲ့ ငရဲ ငါနင်တို့ကို မေးစရာရှိလို့"
"ဘာများလဲဟ မေးပေါ့၊ အထူးအဆန်း လုပ်လို့။ အဲ့ဒီ ညလေး တယောက်က အမြဲအဲ့လိုပဲ" (သူဇာ့အပြော)
"ငါမေးရင် နင်တို့ ဖြေမှဖြေနိုင်ပါ့မလားလို့လဲ စဉ်းစားနေရသေးတယ်လေ"
ကျမရဲ့ စကားနဲ့ သူတို့ကို မခံချင်အောင် စပြောလိုက်တယ် ဆိုရင်ပဲ သူတို့တွေရဲ့ သိချင်စိတ်ရယ် မခံချင်စိတ်ရယ် ပေါင်းပြီး ကျမကို အတင်း ၀ိုင်းမေးကြပါတော့တယ်။ သူတို့တွေ ဆိုတာကတော့ ကျမရဲ့ အချစ်ဆုံး သူငယ်ချင်းလေး သုံးယောက်ဖြစ်တဲ့ ခင်သူဇာခိုင်၊ အိစန္ဒာ နဲ့ ရဲထွန်း တို့ပဲဖြစ်ကြပါတယ်။ ကျမရဲ့ နှိပ်စက်တာ၊ အနိုင်ကျင့်တာ လူလည်ကျတာကို အမြဲပဲ ခံနေကြရတော့ ဒီတခါ သူတို့တွေ စိတ်ထဲမှာ ကျမကို ပြန်နှိပ်ဖို့ ပြင်ဆင်ပြီးလောက်ပြီလို့လဲ ထင်ပါ့။ အဟ
"ညလေး မေးမှာဖြင့်မမေးသေးပဲနဲ့ ဘာတွေ စဉ်စားခန်းဝင်နေတာလဲ၊ ငါတို့တွေ စိတ်မရှည်တော့ဘူးနော်" (သုံးယောက်ပေါင်းပြီး တက်ညီလက်ညီ ၀ိုင်းအော်ကြတယ်လေ)
"သြော် မေးမှာပါဆို၊ မေးခွန်းကို ဘယ်ကစရမှန်း မသိသေးလို့ အစကောက်နေတာ"
"နင် မညစ်ပတ်နဲ့နော်" (ထပ်ပြောပြန်ပြီလေ)
"ဟောကြည့်ပါလား နင်တို့တွေက ငါဘာပြောပြော မကောင်းဘူး ထင်မနေကြနဲ့လေ နင်တို့ရဲ့ စိတ်ထား လေးတွေကို ဖြူအောင် အရင်ထားလိုက်ဦး ငါမေးမယ်၊ သေချာစဉ်းစားပြီးမှ ဖြေကြနော်၊ ပြီးစလွယ်မဖြေနဲ့။ အင်းးးး မေးသာ မေးရတာ နင်တို့ မှားတော့မယ်ဆိုတာ ငါကြိုသိနေတယ်၊ ဟဲဟဲ"
"ညလေးနော် မမေးသေးပဲနဲ့ ဆရာကြီးလေသံ ဖမ်းမနေနဲ့ ငါတို့တွေ စိတ်မရှည်တော့ဘူး ပြန်တော့မှာနော်" (သုံးယောက် စိတ်မရှည်တဲ့ လေသံကတော့ တသံတည်းပဲ)
"ကဲကဲ မေးမယ်၊ နင်တို့အိမ်မှာ တိရစ္ဆာန်လေးတွေ ဘယ်နှစ်ကောင်စီ ရှိကြလဲ၊ ဖြေတော့ (သေချာ စဉ်းစားဦးနော်)"
ဒီလိုလေး ကလိတိတိလေး ကျမစလိုက်တယ်ဆိုရင်ပဲ သူတို့တွေလဲ မဆိုင်းမတွပဲ ချက်ချင်းကိုပဲ အဖြေ ပေးကြတော့တာပါပဲ။ သူတို့တွေ ဖြေပုံကတော့
"ငါ့အိမ်မှာတော့ ငါအရမ်းချစ်တဲ့ ရန်လုံ တကောင်ပဲရှိတယ်၊ သူ့တောင် ငါမနည်းပြောလို့ ၀ယ်ပေးထားတာ" (ငရဲက ဒီလိုပြောတယ်လေ)
"ငါ့အိမ်မှာတော့ မေက ခွေးမမွေးရဘူးတဲ့ ကရိကထများလို့ဆိုပြီး ငါကျေနပ်အောင်တော့ ကြောင်ကလေး ရွှေမကို ပေးမွေးတယ်၊ ညလေးရယ် နင်သိရဲ့သားနဲ့ မေးနေရသေးတယ်" (သူဇာရဲ့အဖြေပေါ့)
"ငါ့အိမ်ကတော့ ဘာဆိုဘာမှကို ပေးမမွေးတာ အလုပ်ရှုပ်တယ်၊ ရောဂါရမယ်တဲ့" (စန္ဒာရဲ့ စိတ်ပျက်သလိုလေး အပြော)
"ဟားဟား အားလုံးမှားတယ်ဟ၊ ငါမပြောလား နင်တို့တွေ မဖြေနိုင်ကြပါဘူးလို့၊ သေချာမှ မစဉ်းစားကြပဲ"
"ဘာမှားလို့လဲဟ ညလေးနော် နင်မညစ်ပတ်နဲ့ ဟုတ်တာပဲကို" (စန္ဒာရဲ့ ချေပပြီး ပြန်ငြင်းသံပေါ့)
ကျမရဲ့ ၀မ်းသာအားရ အော်ရီသံကို မကြိုက်ကြသလို မျက်စောင်း ၀ိုင်းထိုးကြပြီး ဆူပုတ်နေတဲ့ မျက်နှာ ကိုယ်စီနဲ့ပေါ့။ ပြန်လဲ ငြင်းကြသေးတယ်လေ။
"ဒါဆို တကောင်စီပဲနော် စန္ဒာက တကောင်မှ မရှိဘူးနော် ဟုတ်လား ပြီးမှ ငါ့ကို သြော် ဟုတ်သားပဲ ဆိုပြီး ပြန်မငြင်းကြနဲ့"
"အေးပါဟ ပြောနင့်အဖြေ" (ငရဲရဲ့ အပြော)
ကျမလဲ သေချာအောင် ကတိတောင်းရသေးတယ် မဟုတ်ရင် သူတို့လဲ အရမ်းကို ညစ်ကြတာ (ညလေး သူငယ်ချင်းတွေ မဟုတ်လား၊ ဗီဇတူရာလေးတွေ စုမိနေကြတာလေ) ဒါ့ကြောင့်လဲ ဘယ်တော့မှ မတည့်ကြပေမယ့် အရမ်းတော့ ခင်မိကြပါတယ်။ သေချာ ကတိရတော့မှ ကျမလဲ
"ဒါဆိုဆက်မေးဦးမယ် နင်တို့အိမ်မှာ ရှိနေတဲ့ မျက်နှာကြက်မှာ နေနေကြတဲ့ အိမ်မြှောင်လေးတွေက တိရိစ္ဆာန်တွေ မဟုတ်ဘူးလား၊ အဲ့ဒီအကောင်လေးတွေကို နင်တို့တွေ မွေးထားတာလား"
"အဲ ဟုတ်သားပဲ မွေးထားဘူးလေ သူ့ဖာသာ ရှိနေကြတာ" (သူဇာ)
"ကျန်သေးတယ် ပြီးတော့ နင်တို့တွေ သေမလောက်ရွံတဲ့ ပိုးဟပ်၊ ကြွက်နဲ့ ယင်ကောင်တွေကရော"
"ညလေး နင်ညစ်ပတ်လာပြီ" (စန္ဒာ) သူကတအား ရွံတတ်တာ
"ဟာ ညစ်ပတ်ပါဘူးဟာ အကောင်းပြောတာ"
"ဒါဆို ဘာကောင်ကျန်သေးလဲ" (ငရဲ)
"ဟားဟားးး အများဆုံး အကောင်လေးတွေ ကျန်သေးတယ်"
"ဘာကောင်လဲ" (သုံးယောက်ပေါင်းပြီး တလေသံတည်း သိချင်စိတ်နဲ့လေ)
"နင်တို့တွေကလဲလေ ဒီလောက်တောင် စဉ်းစားဖို့ကို အစဖော်ပေးထားတာ တောင်မှပဲ ဒုံးဝေးကြတာ၊ နည်းနည်းလေးမှ ဦးနှောက်ကို အပင်ပန်းမခံချင်ကြဘူး"
"ညလေး နင်တော့နော် သာသာနဲ့နာနာ နှက်နေပြန်ပြီ ပြောပြော မြန်မြန်ပြော ငါတို့တွေကလဲ ညံ့တော့ ခံရမှာပေါ့" (ငရဲ)
ကျမရဲ့ ဆရာကြီးလေသံနဲ့ အပြောကို သူတို့လေးတွေ အလူးအလဲ ခံနေကြရတာပေါ့၊ ကဲ မပြောလား ငါမေးရင် မဖြေနိုင်ကြပါဘူးဆိုတဲ့ မျက်နှာပေးနဲ့ ကျမကို မကျေနပ်သလို ၀ိုင်းကြည့် ပြောကြပေမယ့် သူတို့တွေလဲ မတတ်နိုင်တော့ လက်မှိုင်ချရတာပဲ မဟုတ်လား။ ဟီဟိ
"နောက်ဆုံးအကောင်က ပုရွက်ဆိတ်လေးတွေလေ သူတို့လေးတွေကို နင်တို့တွေ နေ့တိုင်း မြင်တွေ့နေရတာပဲ ဒါတောင် မမှတ်မိကြဘူး၊ အကောင်လေးတွေက သေးလို့လား နင်တို့တွေက သက်ရှိ သတ္တ၀ါတွေလို့ မသတ်မှတ် ကြတာလား။ သူတို့လေးတွေလဲ အသက်ရှိကြတယ်လေ စားသောက်တတ်ကြတာပဲ၊ အိမ်မွေး တိရိစ္ဆာန်လေးတွေလို လူတွေ ချစ်ခင်ပြီး ယုယတွယ်တာစရာ အကောင်လေးတွေ မဟုတ်ပေမယ့် သူတို့တွေလဲ တိရိစ္ဆာန်လေးတွေပဲလေ"
ကျမရဲ့ ရုပ်တည်နဲ့ အပြောကို သေချာစဉ်းစားကြပြီးမှ သူတို့တွေ ပြန်ပြောကြပုံက
"နင့်ကို အဲ့ဒီအကောင်လေးတွေရှိမှန်း သတိထားမိအောင် ဘယ်သူပြောပြတာလဲ" (စန္ဒာ)
"ညလေး နင်အရမ်းတော်တယ် ငါတို့တွေ ဘယ်လိုမှ သတိမထားမိကြတာ ဘယ်သူမှလဲ သိပ်ပြီးဂရုစိုက်ကြမှာ မဟုတ်တဲ့ အကောင်လေးတွေကို ထောက်ပြလို့ ကျေးဇူး" (သူဇာ)
"ဒီတခါတော့ နင့်ကို တကယ် ကျေးဇူးတင်ပါတယ်။ ငါတို့ဆို အရင်က သူတို့လေးတွေကို ရှိတယ်လို့တောင် မထင်မိဘူး" (ငရဲ)
"ဘယ်သူမှ လာပြောမပြဘူး ငါဟိုနေ့ကမှ အမေ့ဝိုင်းကူရင်း သတိထားမိတာ ပြီးတော့လဲ နောက်နေ့တွေလဲ သေချာစဉ်းစားနေတာ။ သူများတွေ ဘယ်လို သဘောထားကြလဲ ဆိုတာလဲ ငါလိုက်မေးပြီးပြီ၊ ဘယ်လိုဖြစ်လဲ ဆိုတာ ငါပြောပြမယ် နားထောင်ကြမလား"
ကျမရဲ့အမေးကို မဆိုင်းမတွပဲ ခေါင်းလေးတွေ ပြိုင်တူညိတ်ရင်း
"အေး နားထောင်မယ် ပြောပြ" (သုံးယောက် ပြိုင်တူလေးအပြော)
အတည်ပြောနေကြတဲ့ သူတို့မျက်နှာတွေကြည့်ရင်း ကျမလဲ ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်တော့
*****
"သမီးရေ ဘာလုပ်နေလဲဟေ့ ဒီမှာ အမေ့ကို လာဝိုင်းကူဦး"
"လာပြီအမေရေ"
အမေ့ခေါ်သံကြားတာနဲ့ ကျမလဲ လုပ်လက်စ ကျောင်းစာတွေကို ခဏချပြီး အမေရှိရာ နောက်ဖေးဆောင်ကို အပြေးလေး တပိုင်း လှမ်းလာခဲ့လိုက်ပါတယ်။ အမေ့ဆီရောက်တော့
"အားးး မေရေ ခြေထောက်က ရွစိရွစိနဲ့ ဘာတွေလဲ မသိဘူး" ပြောပြီး ငုံ့ကြည့်မိတဲ့ခါ
"ပုရွက်ဆိတ်တွေ များကြီးပဲ မေရ၊ ခြေထောက်ပေါ်တက်လာတာ"
"သမီးက သူတို့ကို သွားနင်းမိလို့နေမှာ၊ ဒါ့ကြောင့် တက်လာတာ"
"ဒီလောက်အများကြီးကို မေကလဲ"
ကျမကမဖြစ်နိုင်သလို ခြေထောက်ပေါ် တရွရွ ပြေးလွှားနေတဲ့ အကောင်လေးတွေကို ခါချရင်းပြောတော့ အမေက
"မယုံရင် သမီးလာခဲ့တဲ့လမ်းကို ပြန်သွားကြည့်ပါလား၊ သူတို့တွေ အိမ်ပြောင်းနေကြတာနေမှာ"
ကျမလဲ ကျမလာခဲ့ရာ လမ်းတလျှောက် ပြန်ကြည့်တဲ့ခါမှာ ဧည့်ခန်းမနဲ့ မီးဖိုဆောင်အကူး တံခါးပေါက်နားမှာ အတန်းလေး ပျက်သွားရှာတဲ့ ပုရွက်ဆိတ်လေးတွေ ပြန့်ကြဲ ပြေးလွှားနေကြပြီး၊ ကျမနင်းခဲ့လို့ သေသွားတဲ့ သူတို့ အဖော်လေးတွေနဲ့ ဖြူဖြူအရာလေးတွေကို ပြန်ပြီးတော့ ကိုက်ချီယူနေကြတာ တွေ့လိုက်ရပါတယ်။
"ဟုတ်တယ် မေရေ အများကြီးပဲ ဘာလို့ အိမ်ပြောင်းကြတာလဲဟင်"
"မိုးတွင်းရောက်လာပြီလေ သမီးရဲ့ သူတို့လဲ လွတ်ရာပြောင်းကြတာပေါ့"
"မေရေ ဒီဖြူဖြူလေးတွေက ဘာတွေလဲ"
"သေချာကြည့်လေ သမီးရဲ့ သူတို့ရဲ့ သားလောင်းလေးတွေပေါ့"
ကျမလဲ အမေ့ကိုမေးလိုက် ကြမ်းပြင်က သူတို့လေးတွေကို ငုံ့ကြည့်လိုက်နဲ့ အလုပ်ရှုပ်သွားပါတယ်။ သူတို့ ကိုက်ချီယူနေကြတဲ့ ဖြူဖြူအရာလေးကို ကျမလက်ပေါ်တင်ပြီး သေချာကြည့်တော့ အမေပြောသလိုပါပဲ ပုရွက်ဆိတ်လို့ ယူဆရတဲ့ အကောင်လေးပါ၊ အသက်မရှိသေးဘူးထင်ပါရဲ့ မလှုပ်သေးဘူး ပြီးတော့ ခြေထောက် ဖြူဖြူလေးတွေလဲ ပါရဲ့။ တော်ပါသေးရဲ့နော် ကျမတက်နင်းမိတာ ပုရွက်ဆိတ် အမည်းမျိုးမို့လို့ အနီဆိုရင်တော့ ကျမရဲ့ ခြေထောက်တွေကို ကိုက်ကြမှာပဲ။
ကျမရဲ့ အတွေးထဲမတော့ ကျမတက်နင်းလိုက်လို့ ခြေထောက်လေးတွေ ကျိုးသွားတဲ့ အကောင်လေးတွေ၊ ခန္ဓာကိုယ် ပြားချပ်သွားတဲ့ အကောင်လေးတွေ မသေမရှင်ဖြစ်နေတဲ့ အကောင်လေးတွေက ကျမကို ဘယ်လောက်တောင်များ ကျိန်ဆဲနေမလဲ ဆိုတာကိုပါ။ ပြီးတော့ အကောင်ကလဲ သေးပြီး အဆိပ်လဲ မရှိရှာတဲ့ ပုရွက်ဆိတ် အမည်းလေးတွေကို ကျမ အရမ်းကိုပဲ သနားသွားမိပါတယ်။ ပုရွက်ဆိတ် အနီကောင်တွေဆိုရင် ကျိန်ဆဲယုံတင်မက ပြန်လည် ကိုက်ကြမယ်ဆိုတာကို ကျမသဘောပေါက်ပါတယ်။ လူတွေတောင် ကိုယ့်ကိုထိရင် ကိုယ့်ကို နာအောင် လုပ်ထားရင် အဲ့ဒီလူကို သေလောက်အောင် မှတ်မိတတ်ကြတယ် မဟုတ်လား။
အဲ့ဒီညနေမှာပဲ
"အမေရေ ဒီမှာ မောင်လေး သောက်သွားတဲ့ ကော်ဖီခွက်နဲ့ မုန့်ပန်းကန် ဆေးလဲမသွားဘူး ပုရွက်ဆိတ်တွေ အများကြီးပဲ တက်နေကြပြီ"
"ရေဆေးလိုက်လေ သမီးရဲ့"
"ရေဆေးရင် သူတို့တွေ သေကုန်ကြမှာပေါ့ မေရ"
ကျမပြောပြီး သူတို့လေးတွေကို လက်လေးနဲ့ ဖွဖွလေး ခါချတန် ခါချ ခွက်တွင်းဝင်နေတဲ့ ပုရွက်ဆိတ် လေးတွေကို လေနဲ့ ဖြည်းဖြည်းချင်း မှုတ်ရင်း အပြင်ထွက်လာအောင်လုပ် ပြီးတော့မှ ခွက်ကို သွားဆေးလိုက်ပါတယ်။ အချိန်လဲ တော်တော်လေး ကြန့်ကြာသွားပါတော့တယ်။ ဒါပေမယ့် ကျမစိတ်ထဲ ကြည်လင်နေပါတယ်၊ ပြီးတော့ သူတို့လေးတွေကို ကျမလက်နဲ့ မသတ်မိလိုက်ပဲ သတိထားမိ နေတာကိုပဲ ကြည်နူးနေမိပါတယ်။
နောက်တနေ့ ညနေပိုင်း ကျမအမှိုက်သွားသွန်တော့ အိမ်ဘေးနားက အန်တီကြီးလဲ ကြွပ်ကြွပ်အိတ်တလုံး ကိုင်လို့ အမှိုက်သွန်ဖို့ ဆင်းလာနေတာ တွေ့ရပါတယ်။ သူ့အိတ်က လှုပ်လှုပ်ရွရွနဲ့ဆိုတော့ ကျမလဲ စပ်စုလိုက်မိတာ ပေါ့လေ။ ဒီမှာပဲ
"အန်တီ အမှိုက်သွားပစ်မလို့လား"
"ဟုတ်တယ်လေ ညလေးရဲ့ ဘာဖြစ်လို့လဲ"
"ဘာမှမဖြစ်ပါဘူး အန်တီ့အိတ်ထဲက လှုပ်စိလှုပ်စိနဲ့ ဘာကောင်လဲလို့ပါ"
"ကြွက်တွေ သောင်းကျန်းလို့ ညလေးရေ ကြွက်ကပ်ကော်နဲ့ ထောင်ပြီး မိတော့ ခုသွားပစ်မလို့၊ ပိုးဟပ်တွေရောလေ"
"ကြွက်ကို ကော်နဲ့ကပ်တယ် ဟုတ်လား အန်တီ ရလို့လား၊ ဘာကော်လဲဟင်"
"ရတယ်လေ သမီးရဲ့ ၀ယ်ရတာ ဘူးနဲ့လာတယ်လေ၊ ဆိုင်တိုင်းလိုလိုမှာ ရှိတတ်ကြတယ်"
"သမီးတို့အိမ်မှာတော့ ကြွက်ရှိဘူး အန်တီရ ဖြူတုတ်ရှိလို့လား မသိဘူး"
"ဟုတ်မှာပေါ့ ကြောင်ရှိတော့ ကြွက်ဘယ်လာမှာလဲ"
ကျမလဲ ဘာမှ ဆက်မပြောတော့ပဲ သူ့အိတ်ထဲက လှုပ်စိလှုပ်စိ အကောင်လေးကို ကြည့်ချင်တဲ့စိတ်တွေ တဖွားဖွားပေါ်လာပါတယ်။ ဘယ်လိုနေလဲ ကော်က ဘာကော်မို့လဲနဲ့ ကျမအတွေးလဲ နဲနဲရှုပ်သွားပါတယ်။ ကျမလဲ ယောင်တောင်တောင်နဲ့ အမှိုက်ပုံနား ခဏ ချန်နေခဲ့လိုက်ပါတယ်။ သူသွားပြီးတဲ့ထိ စောင့်ပြီးမှ သူပြစ်လိုက်တဲ့ ကြွပ်ကြွပ်အိတ်ကို သွားပြီး ဖွင့်ကြည့်မိလိုက်တဲ့ခါမှာ ကော်လို့ထင်ရတဲ့ အ၀ါရောင်တွေနဲ့ ကပ်နေတဲ့ ကြွက်လေးတွေကို သနားစဖွယ်တွေ့လိုက်ရပါတယ်။ သူတို့လေးတွေ ဘယ်လိုမှ ရုန်းမထွက်နိုင် လောက်အောင်ကို ကော်က ကောင်းလွန်းပါတယ်။ ဟိုဖက်လှည့်ရင် ကော်နဲ့ငြိ ဒီဖက်ရုန်းရင် ကော်နဲ့ထပ်ငြိနဲ့ ရုန်းလေ ကော်ကကပ်လေ ဆိုသလိုပဲ အရေပြားတွေ ပေါက်ပြဲပြီး သွေးတွေလဲ ထွက်လာပါတော့တယ်။ ကျမလဲ သနားတာနဲ့ သူတို့ကို အနားက တုတ်လေး တချောင်းရှာပြီး ကလော်ပေးပါတယ်၊ ကော်တွေပါ ပါအောင် ကော်ပေမယ့် ဘယ်လိုမှ မရတဲ့အဆုံးမှာ ဒီတိုင်းလေးပဲ ထားခဲ့လိုက်ရပါတော့တယ်။ ကျမမျက်စိထဲမှာ သူတို့လေးတွေအစား ကျမကိုယ်ကို အစားထိုး မြင်ကြည့်လိုက်တဲ့ခါမှာ ဘယ်လိုမှ မခံစားနိုင်တော့ပဲ ခေါင်းပဲ ယမ်းမိပါတော့တယ်လေ။ ကြွက်ကလေးခမျာ ဘယ်လောက်တောင် နာကျင်နေပြီး ကျိန်ဆဲလိုက်မလဲလို့။
ကျမတို့ သူငယ်ချင်းတွေနဲ့ လမ်းထဲက ကလေးတွေ လမ်းထဲမှာ ညတိုင်း ဆင်းဆော့ကြပါတယ်။ လမ်းထဲမှာ အဘိုးကြီးတယောက်က ညတိုင်းဆို ကုလားထိုင်တလုံးချပြီး အေးအေးလူလူ ထွက်ထိုင်တတ်ပါတယ်။ ဒီနေ့တော့ သူက လက်ထဲမှာ ရေစစ်လိုမျိုး ကတော့ရှည်ကြီး (တော်တော်ရှည်ပါတယ်) တခုကိုင်လို့ ဟိုဖက်ယမ်းလိုက် ဒီဖက်ယမ်းလိုက်နဲ့ ဘာလုပ်နေလဲ မသိရဘူး။ ဒါနဲ့ ဆတ်ဆော့တဲ့ ကျမလဲ အနားသွားလို့ စပ်စုပြန်တာပေါ့လေ။
"အဘ ထမင်းစားပြီးပြီလား"
"အေးကွယ့် စားပြီးပေါ့ ကလေးရယ်"
"အိမ်ထဲမှာ ပူလို့လား အဘရဲ့"
"ဟုတ်တယ် ကလေးရဲ့ အိမ်ထဲမှာပူတော့ ပန်ကာဖွင့်ရတယ်လေ၊ ပန်ကာလေကျတော့ အဘတို့လို အသက်ကြီးလာရင် မကောင်းတော့ဘူးလေ၊ သဘာဝလေက အကောင်းဆုံးပဲလေ"
"အဘ ဒါကြီးက ဘာလုပ်နေတာလဲဟင် ဟိုဖက် ဒီဖက် ယမ်းပြီးတော့"
"သြော် ဒါလား ခြင်ယပ်နေတာလေ ဒါကိုယမ်းလိုက်တော့ ခြင်တွေအလွယ်တကူ ၀င်လာတယ်လေ ပြီးရင် အ၀က အောက်ခြေနားထိ လက်နဲ့ ဖျစ်သတ်လိုက်ယုံပဲလေ၊ လွယ်တာပေါ့ ကလေးရဲ့"
"ဟင် ဒါဆို သူတို့တွေ သေကုန်တာပေါ့နော် အဘပဲ သူတို့ရှိရာမှာ လာထိုင်နေပြီးတော့ အဘ အိမ်ထဲမှာနေတော့ရော ဒီလိုပဲ ယပ်နေတာလား"
"အိမ်ထဲမှာနေတော့ ခြင်ဆေး ထွန်းထားတာပေါ့ ကလေးရ"
"ဒါဆို ခုလဲ ခြင်ဆေးထွန်းထိုင်ပေါ့ အဘရဲ့၊ သူတို့ကို သတ်လေ သူတို့က အဘကို ကိုက်လေဖြစ်နေမှာပေါ့ မရိုက်ပဲ မေတ္တာပို့ကြည့်ပါလား၊ ဘယ်လာကိုက်တော့မှာလဲ အဘရဲ့"
ကျမလဲ စိတ်ပေါက်ပေါက်နဲ့ ဘုပြောပြီး လှည့်ထွက်ခဲ့လိုက်ပါတယ် အဘိုးကြီးတော့ ဘယ်လိုဖြစ်ကျန်ခဲ့လဲ မသိတော့ပါ။
အိပ်ယာဝင်တော့ ကျမလဲ မနေ့ကအဖြစ်ရယ် ဒီနေ့အဖြစ်ရယ်ကို တွေးပြီး တော်တော်နဲ့ အိပ်လို့မပျော်နိုင်ပါဘူး။ ပုရွက်ဆိတ်ဆိုတဲ့ သတ္တ၀ါလေးတွေ ခန္ဓာကိုယ်လေးက ဒီလောက်သေးငယ်နေတော့ သူတို့အင်အားနဲ့ အစာရှာစားရတာ ဘယ်လွယ်လိမ့်မလဲ ပြီးတော့ သူတို့ရှာနိုင်တဲ့ အင်အားလေးနဲ့ သူတို့လေးတွေ အသက်မသေဖို့ကို မနည်းရှာစားကြရမှာ။
ပြီးတော့ ကြွက်ကလေးတွေကရော စားကြွင်းစားကျန်မှ ရှာမစားရင် ဘယ်လို အသက်ရှင် နေနိုင်ကြမလဲ။ အိမ်တွေမှာ နေတော့ သူတို့ကို ရွံကြတယ်။
ခြင်ဆိုတဲ့ သတ္တ၀ါလေးကရော သူ့မှာ သွေးစုပ်ဖို့ နှာမောင်းလေးတခုကလွဲရင် အစာစားစရာ ပါးစပ် ပါတာမှ မဟုတ်တာ။ သွေးမှ မစုပ်ရင် သူဘယ်လို အသက်ဆက်ရှင်မလဲ။ သူ့အသက်ရှင်ဖို့ကို သတ္တ၀ါတွေရဲ့ သွေးကို ပြန်စုပ်ရတာမဟုတ်လား။
ကျမဆုံးဖြတ်ချက်ထဲမတော့ ဒီကနေ့ကစလို့ သတိထားပြီး သတ္တ၀ါလေးတွေရဲ့ အသက်ကို တတ်နိုင်သမျှ မသတ်မိအောင် ရှောင်ဖို့ရယ်၊ သူတို့ကို ညှဉ်းပန်းနှိပ်စက်သလို မဖြစ်အောင် နေဖို့ရယ် ဆုံးဖြတ်လိုက်ပါတယ်။ ဘယ်လိုမှ ရှောင်လွှဲလိုမရလို့၊ သတိမရလိုက်လို့ ဆိုတဲ့ မဖြစ်နိုင်လောက်တဲ့ အခြေအနေတွေက လွဲရင် "ပါဏာတိပါတကံ" ကို မကျိုးမပေါက်အောင် သတိနဲ့ယှဉ်ပြီး စောင့်ထိန်းသွားဖို့ ဆုံးဖြတ်ချက် ချလိုက်ရပါတော့တယ်။
*****
ကျမပြောလို့ အပြီးမှာတော့ သူငယ်ချင်းတွေက
"အေးဟ အမေဆို ကြွက်တွေ အရမ်းသောင်းကျန်းရင် ကြွက်ကပ်ကော်ဝယ်ပြီး ထောင်ထားတတ်တယ်" (စန္ဒာ)
"အဆိုးဆုံးက ပုရွက်ဆိတ်လေးတွေပဲ ကော်ဖီခွက်တို့ ထမင်းပန်းကန်တို့ စားသောက်ပြီးလို့ ခဏလေး ထားလိုက်တာနဲ့ တက်တော့တာပဲဟ၊ ငါလဲ အရင်ကဆို ရေနဲ့ဆေးချနေကြပဲ ဒီတခါတော့ ရှောင်ရမယ်" (သူဇာ)
"ငါက ပိုးဟပ်ဆို အရင်က တွေ့တာနဲ့ ရိုက်သတ်လိုက်တာပဲ ဒီတခါတော့ သူ့ကိုဖမ်းပြီး လွှင့်ပစ်လိုက်တော့မယ်" (ငရဲ)
"အေးပေါ့ သူတို့တွေကို သက်ရှိသတ္တ၀ါတွေလို့ မသတ်မှတ်ရင် ပါဏာတိပါတကံ ကို လွယ်လွယ်နဲ့ ကျူးလွန်မိကြတာပဲလေ။ လူတိုင်း ငါးပါးသီလ လုံဖို့ဆိုဝေးလို့ ဒီတပါးတည်းတောင်မှ မကျိုးအောင် မနည်း စောင့်ထိန်းရမှာ။ လူသတ်မှ သူ့အသတ် သတ်တာမဟုတ်ပဲ သတ္တ၀ါလေးတိုင်းရဲ့ အသတ်လို့ သတ်မှတ်ထားရင် သတိအမြဲထားနေရင် လွယ်လွယ်နဲ့ မသတ်ဖြစ်တော့ဘူးပေါ့ဟာ"
"အေး ငါတို့လဲ နောက်ဆို ရအောင်ရှောင်ရမယ်။ ငါးပါးလုံး မလုံရင်တောင်မှ တပါးလောက်ကို မကျိုးအောင် စောင့်နိုင်ရင်လဲ ကောင်းတာပဲ၊ နင့်ကိုတော့ ငါတို့ သုံးယောက်လုံးက လေးစားသွားပြီဟာ တကယ်ပါ။ အစကတော့ ငါတို့ကို နှိပ်ကွပ်တော့မယ်လို့ ထင်နေတာ ခုလို သတိပေးတာ ကျေးဇူးတင်ပါတယ်"
"လိုပါဘူးဟာ သူငယ်ချင်းတွေပဲ ငါသိရင် နင်တို့လဲ သိရမှာပေါ့ဟ၊ နင်တို့တွေ လက်ခံတာကိုပဲ ငါက ၀မ်းသာနေတာ"
ဒီလိုနဲ့ပဲ ကျမတို့ရဲ့ စကားရည်လုပွဲလေးကို ကျေနပ်စွာနဲ့ ဒီတခါပဲ သိမ်းဖြစ်ပါတယ်။
*****
ဒီသတ္တ၀ါတွေ မရှိအောင် လူသတ္တ၀ါကပဲ ကိုယ့်ပတ်ဝန်းကျင်ကို သန့်ရှင်းနေအောင် ထားကြရမှာ မဟုတ်လား။ သူတို့ကို လာအောင် ဖိတ်ခေါ်ရင် လာနေကြဦးမှာပဲလေ။ ကိုယ်ကမှ သန့်ရှင်းအောင် မထားပဲလေ။ စားကြွင်းစားကျန်ကို တခါတည်းပစ်ပြီး ပန်းကန်ခွက်ယောက်ဆိုလဲ စားသောက်ပြီးတာနဲ့ တခါတည်း ဆေးကြော သန့်စင်လိုက်ရင် ပုရွက်ဆိတ် မလာနိုင်တော့သလို ကြွက်လဲ မပေါတော့ဘူးပေါ့။ ပြီးတော့ ခြင် ဆိုတဲ့ သတ္တ၀ါက ကိုယ်သတ်လိုက်တိုင်း နည်းပါးမသွားပဲ ပေါများနေကြတာပဲ မဟုတ်လား ကုန်တယ်လို့မှ မရှိတာ ဒါတောင်မှ ခြင်အသက်က ၇ ရက်ပဲ ရှည်တယ် ဆိုလား။
ဘယ်လိုလဲ သူငယ်ချင်းတို့ အိမ်မှာမွေးမထားပဲ သူ့အလိုလို ရှိနေကြတဲ့ တိရိစ္ဆာန်လေးတွေကိုရော ကြင်နာစိတ်လေး ထားကြမယ် မဟုတ်လား။
*****"ဘာများလဲဟ မေးပေါ့၊ အထူးအဆန်း လုပ်လို့။ အဲ့ဒီ ညလေး တယောက်က အမြဲအဲ့လိုပဲ" (သူဇာ့အပြော)