NyAlAy
အချိန်ပေး၍ လာရောက်ဖတ်ရှုသူများကို ကျေးဇူး အထူးတင်ရှိပါတယ်။ နှစ်သစ်မှာ ပျော်ရွှင် ငြိမ်းချမ်းကြပါစေ....

Feb 16, 2009

ပဲတီချဉ်

ညလေး တစ်ယောက်လဲ ပျောက်လိုက်ပေါ်လိုက်နဲ့ ဖြစ်နေတာ ပို့စ်တစ်ပုဒ် တင်လိုက် (၁)နှစ်လောက်နားလိုက် ဆိုပြီး စာဖတ်သူတွေ စိတ်ထဲက ကျိတ်ပြောနေကြမလားပဲ? အဟဲ...
စိတ်ထဲက ရေးဖို့ ဘာမှပြင်ဆင်မထားတာနဲ့ ထွက်မလာတာနဲ့ ပေါင်းပြီး အင်တာကို နက်ဖြစ်ပေမယ့် မပို့စ်နိုင်တာကို သူငယ်ချင်းတို့တွေ နားလည်ပေးဦးနော့...
*****
မနေ့ညက ညလေးတစ်ယောက် သူငယ်ချင်းရဲ့ မွေးနေ့ပွဲကို သွားဖြစ်တယ်၊ ဘာကျွေးလဲဆိုတော့ မြန်မာအသုပ်တွေ အစုံပဲလို့ ပြောရမယ်။ ဓါတ်ပုံတွေတော့ ရိုက်မလာဖြစ်ဘူး ဒါပေမယ့် သွားရည်ကျသွားအောင် ရေးပြရမလား။

အဟမ်းးးးး စားလာတာများကတော့-
ထမင်းကြော် (ပဲစိမ်းစေ့၊ ပြောင်းဖူးစေ့၊ မုန်လာဥနီတုံးလေးတွေ၊ ကြက်သား၊ ကြက်အူချောင်းနဲ့ ကြော်ထားတာ)၊ ငါးရှဥ့်ချဉ်စပ်၊ ငုံးကြော်၊ ပုဇွန်အစိမ်းသုပ်၊ ဆတ်သားခြောက်သုပ်၊ ၀က်ခေါင်းသုပ်၊ ဆေးဘဲဥသုပ်၊ လ္ဘက်သုပ်၊ ဂျင်းသုပ်၊ ပဲကြမ်းကြော်သုပ်၊ Chicken Nugget ကြော် နဲ့ အာလူးကြော် များနဲ့ စားသောက်ခဲ့ပါကြောင်း၊ အအေးကတော့ ကျွဲရိုင်းပဲ သောက်ခဲ့ပါတယ်။

ညလေးဆီကို လာလည်ကြရင်လဲ အဲ့ဒီအစားအသောက်များ စားချင်လျင်သော် လည်းကောင်း၊ ဒီ့ပြင် အစားအစာများ စားချင်လျင်သော် လည်းကောင်း ညလေးက ၀ယ်ကျွေး၊ ချက်ကျွေးမည်ဟုလည်း ကောင်းသတင်းကို ဆောင်ချဉ်းပေးပါတယ်နော်။ (ယုံလားဟင်!)
ဒီနေ့လဲ ဘာရေးရမလဲ စဉ်းစားနေရင်းကနေ တစ်ယောက်သောသူ (ဘယ်သူလဲ မမေးနဲ့ လုံးဝပြောဘူး သတ်ရင်သတ်လိုက်)က ထမင်းကြော် ယူလာပေးတာနဲ့ပဲ စိတ်ကူးရသွားခြင်း ဖြစ်ပါကြောင်း သတင်းကောင်း ပါးအပ်ပါတယ်နော်။ (ဒီလိုပဲ လုပ်ကြံရေးရတာပေါ့ မဟုတ်ရင် ဘယ်စိတ်ဝင်စားကြမလဲ. ဟုတ်ဘူးလား?)
*****
လေရှည်နေတယ်လို့တော့ ဆန္ဒစောပြီး မေတ္တာတွေ လှမ်းပို့မနေကြနဲ့ဦးနော်၊ ရှည်တာတွေကို အကုန်ဖြတ်လိုက်ပြီးတော့ ခုပဲ ဇာတ်လမ်းက စတော့မှာ...
အပေါ်က ပုံလေးကတော့ ညလေး တစ်ယောက် အရှင် လတ်လတ်ကြီးပဲ ပို့စ်တင်နေရင်း တကယ် စားနေတဲ့ ထမင်းကြော်ပါ၊ ပုံထဲမှာ ပါတာတွေကို သေသေချာချာ ကြည့်ကြနော်. ထမင်း ကိုတော့ ရိုးရိုးပဲ ပဲငံပြာရည် အနောက်နဲ့ ပလိန်း ကြော်ထားပြီး၊ ဘေး ထောင့်နားက ပဲပင်ပေါက်တွေ တွေ့တယ်ဟုတ်. အဲ့ဒါ ပဲတီချဉ် လို့ခေါ်တယ် (ဆရာမလုပ်ပါ ပဲပင်ပေါက် အစိမ်းတွေ ထင်မှာစိုးလို့ပါနော်)၊ ကြက်သွန်စိမ်းနဲ့ အသုပ် သဘောလေး လုပ်ထားတာ၊ အဲ.. အဲ့ဒီမှာ စတွေ့တာပေါ့။

အချဉ်စိမ်နည်းတွေ အမျိုးမျိုးရှိကြမှာပါ၊ တစ်ချို့တွေလည်း လုပ်တတ်ကြမယ်၊ သို့သော် ညလေးက ကိုယ်လုပ်တတ်ပြီးရင် သူများကို မပြောပြရ မနေနိုင်တဲ့ ရောဂါတစ်ခု ရှိတယ်လေ၊ အဲ့ဒီရောဂါက စတာပဲပေါ့၊ ပြီးတော့ လွယ်လွယ်လေးရယ်၊ ပစ္စည်းတွေကလည်း မီးဖိုချောင်ထဲမှာ အလွယ်တကူ ရတတ်တာတွေပဲမို့ ရေးဖြစ်သွားတာလဲ ပါတယ်။

ပါဝင်တဲ့ပစ္စည်းတွေက..
၁။ ပဲပင်ပေါက်
၂။ ဆန်ဆေးရည်
၃။ ဆား
ဒါပဲတဲ့ များကြီးနော် ပြီးတော့ မနည်းရှာဝယ်ရမယ့် ပစ္စည်းတွေ။

ပထမဆုံး ပဲပင်ပေါက်တွေကို ပဲခွံတွေဖယ်ပြီး သန့်စင်ထားပါ၊ ဆန်ဆေးရည်ကိုလဲ ဆန်ဆေးတည်းက ဖယ်ထားပါနော်၊ ပြီးရင် အချဉ်စိမ်မယ့် ဖန်ပုလင်း ဒါမှမဟုတ် Plastic ဗူး (အ၀ကျယ်၊ ဗိုက်ကားပြီး ရှည်တဲ့ ပုလင်းတွေဆို ရပါတယ်) ကိုလဲ ကြိုရှာထားပြီး ရေဆေးထားပေါ့နော်။ အဲ့ဒီထဲကိုမှ ခုနက သန့်စင်ထားတဲ့ ပဲပင်ပေါက် (၃)လက်မထုလောက် ထည့်ပြီးရင် အပေါ်က ဆားဖြူးပေးပါ၊ အဲ့ဒီပေါ်က ပဲပင်ပေါက်ထပ်ထည့် ဆားထပ်ဖြူး၊ ဒီလိုပဲ အထပ်ထပ် ပုလင်း/ဗူး ပြည့်တဲ့ထိ ထည့်သွားပေးပါနော်။ ပြီးတော့မှ ခုနက ဆန်ဆေးပြီး ဖယ်ထားတဲ့ ဆန်ဆေးရည်ကို လောင်းထည့်လိုက်ပါ၊ ပြီးရင် အပေါ်က Plastic အုပ်ပြီး အ၀ကိုလဲ Plastic အုပ်ပေးပါ ပြီးမှ အဖုံးဖုံးပေးပါနော်၊ ပြီးရင် သူ့ကို (၃/၄)ရက် ဒါမှမဟုတ် တစ်ပါတ်လောက် ထားလဲ ရပါတယ်။ ဒါပါပဲကွယ် ပြီးသွားပါပြီ၊ မြန်တယ်နော်.. ဟိ။
*****
ရက်အနည်းငယ် ကြာသွားပြီဆိုရင်ဖြင့် ဗူးအဖုံးကိုဖွင့်လို့ ပဲတီချဉ် အနည်းငယ်ယူ (စားသလောက်) ပြီး ရေဆေးပါ (အကြာကြီးဆေးရင် အချဉ် ပေါ့သွားတတ် ပါတယ်နော်) တစ်ချို့ကတော့ ရေမဆေးပဲ ဒီအတိုင်းလဲ သုပ်ပြီး စားတတ်ကြပါတယ်။ ပဲတီချဉ်ကို ကြက်သွန်နီ ပါးပါး လှီးထားတာ ထည့်၊ ဆီအနည်းငယ်၊ အချိုမှုန့် အနည်းငယ် ထည့်လို့ အသုပ်သဘောလေး စားလို့ ရပါပြီနော်။ ရိုးရိုးဆီ ထည့်ပေမယ့်လဲ ပဲတီချဉ် သုပ်လိုက်တဲ့ခါမှာ ပဲဆီနံ့လေး ထွက်လာပါတယ်။ သုပ်တဲ့ခါမှာ အပေါ့အငံ အရင်မြည်းပြီးမှ ဆားကို ထပ် ထည့်စေလိုပါတယ်၊ ဘာလို့လဲဆိုတော့ သူက စစိမ်တည်းက ဆားတွေ ထည့်ပြီး စိမ်ထားတာမို့ပါ။

ညလေးကတော့ စားတဲ့သူများလို့ရယ်၊ တာရှည် အထားခံလို့ရယ်၊ ပြီးတော့ စားကောင်းလို့ရယ်၊ တစ်ခါစိမ်ရင် အတော်များများ စိမ်ထားလိုက်တာ၊ ဗူးပြည့်လာရင် ကြပ်သွားအောင် လှုပ်ပြီး ထည့်သေးရဲ့၊ သူက ဗူး အပြည့်အသိပ် ထည့်ထားပေမယ့် အချဉ် ဖောက်သွားရင် ကျုံ့ပြီး ရေပေါ်ပေါ်လာတယ်။ ဒါပေမယ့် သူငယ်ချင်းတို့ တွေကတော့ အချဉ် စိမ်တော့မယ်ဆိုရင် ကိုယ့်အိမ်ကလူကို ကြည့်ပြီး စိမ်ကြပေါ့နော်။ မစားဖူးကြရင်လဲ စစချင်းဆိုတော့ အစမ်းသဘောမျိုး အနည်းငယ်သာ လုပ်ကြပေါ့နော်၊ တော်နေကြာ မကြိုက်ကြရင် အလကားဖြစ်လို့ ညလေးတစ်ယောက် ပို့မေတ္တာတွေ ဒလဟော ရနေပါဦးမယ်။

ထမင်းကြော်ရဲ့ ချိုတဲ့ အရသာရယ် ပဲတီချဉ်ရဲ့ ချဉ်ဖြုံးဖြုံး အရသာက လိုက်ဖက်ညီတဲ့ စားစရာတစ်ခုပါ။ ညလေးကတော့ ပိုစ့်လဲ တင်အပြီးကို ထမင်းကြော်လဲ စားအပြီးနဲ့ အံကိုက်ပါပဲ။ မနက် ထမင်းကြော်နဲ့လဲ တွဲစားလို့ ရပါတယ်။ ဒါမှမဟုတ် ကြိုက်သလို အဆင်ပြေသလို ပုံစံမျိုးစုံနဲ့လဲ စားသောက် သုံးဆောင် နိုင်ကြပါတယ်နော်။
*****

ဆက်လက်ဖတ်ရှုရန်...>>>>

 
Looking for something? Try :::