အချိန်ကား ညနေခင်း မှောင်ရီပျိုးစအချိန်၊ သူတို့ ဦးတည်နေသည့် အရပ်ကား မြို့စွန်နားမှ အိမ်အိုကြီးဆီသို့....
*****
သူတို့ဆိုသည်မှာကား လူငယ်လေးတစု အမှန်ပြောရသော် ဘာကိုမှ မကြောက်ဘူးဟု စကားကြီး စကားကျယ်များ အမြဲပြောလေ့ရှိသော ဆယ်ကျော်သက်ရွယ် လူငယ်လေးတစု၊ ယောက်ျားလေး (၂) ဦး၊ မိန်းကလေး (၃)ဦး၊ ပေါင်း (၅)ဦး ဖြစ်သည်။ သူတို့လေးတွေ ဘာသွားလုပ်ကြမှာပါလိမ့်၊ သရဲခြောက်သည်ဟု လူပြောသူပြော များနေသော အိမ်အိုကြီးဆီသို့ ယနေ့ည သွားရောက် ကြည့်ရှုကြရန် ဖြစ်သည်။
ညနေခင်း နေကျလာသည်နှင့် သူတို့လေးတွေ ဆော့ကစားနေရာမှ လူစု၍ တယောက်လက် တယောက်တွဲကာ နှစ်ယောက်တတွဲ လှမ်းလာခဲ့ကြသည်။ အိမ်နားသို့ ရောက်သော်...
"ဟဲ့ ငါတို့တွေ လက်တွဲမဖြုတ်နဲ့နော် တော်နေကြာ လူစုကွဲသွားမှ" (မီးမီး)
"မကြောက်ပါနဲ့ဟာ ဘာမှ မဖြစ်ပါဘူး" (ရန်နိုင်)
"အေးဟ နီးလာလို့လား မသိဘူး ချမ်းလာသလိုပဲ" (သော်သော်)
"နင်က လက်ပြတ်လေး ၀တ်လာတာကိုး" (အောင်အောင်)
"တော်ပီဟာ စကားမများကြနဲ့တော့၊ ဘရားစာ ရွတ်ကြရအောင်၊ မရပ်နဲ့နော်၊ အိမ်ထဲဝင်ရင်လဲ လက်တွဲ ထားကြဦး" (တုတု)
အဲ့ဒီလို သူတို့လေးတွေ စကား အခြေအတင် ပြောရင်း အိမ်တံခါးဝ ရောက်လာခဲ့သည်။
ရန်နိုင်မှ ဦးဆောင်ပြီး အိမ်တံခါးမကြီးကို တွန်းဖွင့် ၀င်လိုက်သည်။ "ကျွီ...ကျွီ...ကျွီ..." အထဲတွင် မှောင်နှင့် မည်းမည်း ဘာဆိုဘာကိုမျှ မမြင်ရသည့်အတွက် အသင့် ပါလာသော ဖယောင်းတိုင်ကို မီးညှိလိုက်သည်။ သူတို့လေးတွေ ပါးစပ်မှလဲ ရသမျှ ဘုရားစာများကို မပြတ် ရွတ်လာကြသေးသည်။ အိမ်ကြီးထဲတွင် ဘယ်ကမှ လေမတိုက်ပါပဲ အေးစိမ့်လျှက် ရှိပြီး၊ ဖုန်မှုန့်များ၊ အမှိုက်များ ပင့်ကူမျှင်များဖြင့် ရှုပ်ပွလျှက်ရှိသည်။
"ဟဲ့ ငါတော့ ရင်တုန်လာပီဟ နဲနဲလည်း ကြောက်လာသလိုပဲ"
"မကြောက်ပါနဲ့ တုရာ နင်ကလဲ အားလုံးရှိကြတာပဲ စတည်းက မလိုက်ခဲ့ပါနဲ့လား" တုတုအပြောကို အောင်အောင်က မကျေနပ်သလို ပြန်ပြောသည်။
"နင်တို့ စကားများမနေနဲ့ ခု ထပ်ခိုးပေါ် တက်ကြည့်ရအောင်"
ရန်နိုင်မှ ပြောပြီး သူဦးဆောင်ကာ အောင်အောင်ကို နောက်ဆုံးတွင်ထား၍ သူတို့တွေ တလှမ်းချင်း တထစ်ချင်း တက်လာခဲ့ကြသည်။
အိမ်အိုကြီးမှာ အတော်ပင် ကျယ်ဝန်း၍ နံမည်ဆိုးမရှိလျှင် တော်တော်လေးကို နေလို့ကောင်းမည့် အနေအထား တွင် ရှိနေသည်။ လှေခါးဘေးတဘက် နံရံတွင် ရောင်စုံ ပန်းခင်းများကို အနီးကပ် ရောက်ရှိသွားသလို ခံစားရစေသော ပန်းချီကားများ ချိတ်ဆွဲထားသေးသည်။ အပေါ်ထပ်တွင် ဖုန်မှုန့်တစက်မှ ရှိမနေပဲ ဆက်တီ တစုံလည်း ရှိနေသည်။
"ဟဲ့ လူမနေဘူးသာဆိုတယ် အပေါ်ထပ်မှာ ဖုန်လဲမရှိပါလား၊ ပင့်ကူအိမ်လဲမတွေ့ရဘူး" (မီးမီး)
"လာဟာ ငါတို့တွေ အခန်းထဲတွေ လျှောက်ကြည့်ရအောင်၊ ခုမှ (၇)နာရီပဲ ရှိသေးတယ်၊ လျှောက်ကြည့်ပြီးရင် ပြန်ကြမယ်"
အောင်အောင်ပေးသော အကြံကို ဘယ်သူမှ မကန့်ကွက်ကြပါ၊ သူတို့တွေလဲ ပြန်ချင်ကြပြီ မဟုတ်လား။
"ဟဲ့ ခြေသံကြားသလိုပဲ"
"သော်သော်ရာ နားကြားလွဲတာနေမှာပါ၊ ငါတော့မကြားပါဘူး"
သူပါကြားလိုက်ရသော်လည်း ကျန်မိန်းကလေးများ ကြောက်မည်စိုး၍ ရန်နိုင်မှ ထိန်းသိမ်း ပြောဆို ပေးနေရသည်။ ဒီထဲတွင် သူအသက် အကြီးဆုံးမဟုတ်လား။ ပြီးတော့လည်း တံခါးမကြီးမှာ အတွင်းမှ လူတယောက် တွန်းထားသည်ဟု ထင်ရအောင် မနည်းတွန်းဖွင့် ၀င်ရသည်ဟု လူအများက ပြောကြသည်။ သူတွန်းဖွင့် ၀င်လာစဉ်ကတော့ အတွင်းမှ လူတယောက် ကူဖွင့်ပေးသည်ဟု ထင်ရလောက် အောင်ပင် ပေါ့ပါး လွန်းလှသည်။ ဘာပဲပြောပြော ရောက်ပြီးမှတော့ နှံ့အောင် လျှောက်ကြည့်ရမည် မဟုတ်လား။ အခန်းပေါင်း များစွာဖြင့် ဖွဲ့စည်းထားသော အပေါ်ထပ်ကို အခန်းပေါက်စေ့ အပြင်မှ လျှောက်ကြည့်ပြီးသောခါ သူတို့လေးတွေ လှေခါးတလျှောက် ပြန်ဆင်းလာကြသည်။ ပါးစပ်မှလည်း ဘုရားစာရွတ် မပျက်ကြပေ။ အောက်ထပ်သို့ ရောက်ခါမှ အပေါ်ထပ်မှနေ၍ တံခါးဖွင့်သံ၊ ပြန်ပိတ်သံနှင့်၊ ဆက်တီခုံ ရွှေ့သံများ ကြားလာရသည်။
"ဟဲ့ သူတို့တွေ လာပီနဲ့တူတယ်" (မီးမီး)
"ဘယ်သူတွေလဲဟ၊ အရင်းမရှိ အဖျားမရှိ" (အောင်အောင်)
"ငါက ပြောပြနေရဦးမှာလား ဒီအိမ်မှာ ရှိတဲ့သူတွေပေါ့" (မီးမီး)
"နင်ကလဲ လျှောက်ပြောမနေနဲ့ ငါတို့လဲ ဘာမှ မလုပ်ဘူး၊ သူတို့လဲ ဘာမှလုပ်မှာ မဟုတ်ဘူး၊ လာပြန်ကြမယ်"
ရန်နိုင်မှ ဖေးမပြောဆိုပြီး သူတို့လေးတွေ လာရာလမ်းတိုင်း ပြန်လာကြသည်၊ တံခါးမကြီးနား အရောက် မှာတော့ နောက်ဖက်မှ အသံများ ပိုမိုကျယ်လောင်စွာ ကြားလာရသည်။
"ဟဲ့ လှည့်မကြည့်ကြနဲ့နော်၊ လာ ပြန်ကြမယ်။ တံခါးဝရောက်ပီ၊ နေဦး ငါတွန်းဖွင့်လိုက်ဦးမယ်"
ဒီတခါတွင်တော့ ရန်နိုင် မနည်း အားစိုက်တွန်းတာတောင် တံခါးမကြီးမှာ တုပ်တုပ်မှ မလှုပ်သည့်အတွက် သူတို့ ငါးဦး ဘုရားစာရွတ်ရင်း အားစိုက်ကာ ပြိုင်တူတွန်းဖွင့်မှ အနည်းငယ် ရွေ့လာတော့သည်။ တကိုယ်စာ ထွက်သာရုံလေး ပွင့်သွားသည်နှင့် မိန်းကလေးများကို အလျင်ပေးထွက်ကာ သူတို့နှစ်ယောက် နောက်က လိုက်လာရင်း လမ်းအတိုင်း ပြန်လာခဲ့ကြသည်။
"ဟဲ့ ဒီအကြောင်းကို လူကြီးတွေ ပြန်မပြောနဲ့နော်၊ အရိုက်ခံရလိမ့်မယ်" (ပုတု)
"အေးပါဟ ငါသိပါတယ်။ သော်သော် နင်ပြန်ရမှာ ဝေးတယ်၊ ပြီးတော့ တယောက်တည်း ဖြစ်နေတယ်၊ ငါနဲ့ တခါတည်း လိုက်အိပ်မလား၊ အမေ့ကိုပြောလိုက်မယ်၊ နင့်အမေဆီလဲ ဖုန်းဆက်လိုက်ပေါ့" (မီးမီး)
"အေး ငါလိုက်မယ် ပြန်ရဲတော့ဘူးဟ၊ ဟဲ သတ္တိတွေ ကောင်းကြတာလေ" (သော်သော်)
"နင်တို့ကလဲ မလိုက်ပါနဲ့ပြောတာကို၊ ငါတို့နှစ်ယောက်တည်းဆို ဒီ့ထက်ကြာကြာ နေလို့ရသေးတယ်၊ ခုတော့ နင်တို့ကို ငဲ့နေလို့" (အောင်အောင်)
"မယ် အပြောမကြီးပါနဲ့ အောင်အောင်ရယ် အိပ်ယာထဲလဲ ကြောက်သေးပါနေဦးမယ်" (မီးမီး)
"နင်နဲ့ ရန်နိုင်က အိမ်ချင်းကပ်နေတော့ ကောင်းတယ်၊ ပြီးတော့ နင်တို့ အိမ်မရောက်ခင် မီးမီးနဲ့ ပုတုအိမ်နော် ငါကတော့ တယောက်တည်း ဟိုဖက်လမ်းမှာ ကွဲနေတာ" (သော်သော်)
"ဟာ နင်ကလည်း သူငယ်ချင်းတွေပဲကို ဒါတွေ ဘာလို့ လျှောက်ပြောနေလဲ" (ပုတု)
"ကဲ မြန်မြန်လျှောက်ကြ ရောက်တော့မယ်"
ရန်နိုင်မှ စကားများနေသော ကောင်မလေးများကို တိုက်တွန်းလိုက်သည်။ မတိုက်တွန်းလို့လဲ မရတော့ပါ၊ နောက်မှ ခြေသံလိုလို၊ အပုပ်နံ့လိုလို ရလာသည့်အတွက် ပြောရခြင်းဖြစ်သည်။
ပုတု အိမ်သို့ အရင်ရောက်လာသည်။
"ပုတုရေ ဘုရားရှိခိုးအိပ်နော်၊ ခြေလက်ဆေးပြီးမှ အိပ်၊ နင့်အမေနဲ့ သွားအိပ် ပိုကောင်းမယ်" (အောင်အောင်)
"အောင်အောင်စုတ် နင်လဲ ငါ့ပြောသလို လုပ်မှာ မဟုတ်လား၊ အားလုံးပဲ နောက်နေ့ ဆုံကြမယ်ဟေ့၊ တာ့တာ" (ပုတု)
"ကဲ သော်နဲ့ မီး ရောက်တော့မယ်၊ ဘုရားစာလဲ ရွတ်မပျက်နဲ့၊ ဘုရားရှိခိုးပြီးမှလဲ အိပ်နော်၊ ဟော ပြောရင်းနဲ့ မီးမီးအိမ်တောင် ရောက်လာပီ သွားတော့၊ ငါတို့လဲ ပြန်တော့မယ်။ တာ့တာနော်၊ နောက်နေ့မှ တွေ့ကြမယ်"
ရန်နိုင်မှ ကျန်နှစ်ယောက်ကို အားပေးရင်း သူလဲ ဘုရားစာရွတ်ရင်း အောင်အောင်နှင့် ပြန်လာခဲ့ကြသည်။ သို့သော် အနောက်မှ ခြေသံ မကြားရတော့သလို အနံ့လဲ ထပ်၍မရတော့ပါ။ သူလဲ ထပ်မစဉ်းစားအားပဲ အောင်အောင့်ကို နှုတ်ဆက်ကာ အိမ်ထဲ ၀င်လာခဲ့လိုက်ပါသည်။
"သော် အနောက်က ခြေသံကြားသလိုပဲနော်၊ ခြံထဲထိပါလာတယ်၊ အိမ်ဝရောက်မှ ပျောက်သွားတာ၊ နင်ကြားလား"
"အေး ငါလည်းကြားတယ်၊ ဘုရားစာ ဆက်ရွတ်ကြရအောင်ဟာ၊ လာ ငါတို့ ဘုရားခန်းထဲ သွားပြီး ဘုရားရှိခိုး ကြရအောင်"
မီးမီးတို့တွေ စကားပြောရင်း ခြေလက် ဆေးကြောနေကြခြင်း ဖြစ်သည်။ မေမေ့အမေးကို လှည့်ပတ်ဖြေကြား ခဲ့ရသေးသည်လေ။ အိမ်ပြန် နောက်ကျသည့်အတွက် မေမေ့ သြ၀ါဒကို နှစ်ယောက်သား ခံယူ နေကြရသေးသည်။ ပြီးတော့ သော်တို့အိမ် ဖုန်းဆက်ပြီး အန်တီစိတ်မပူအောင် ပြောရသေးသည်။ မေမေကတောင် ဒီနှစ်ယောက် ဘာတွေ စတန့်ထွင်ပြန်ပြီလဲဟု ခပ်တိုးတိုး ရေရွတ်သွားသေးသည်။ သော်သော် နှင့် မီးမီးလဲ ဘုရားခန်းထဲမှ ထွက်၍ အိပ်ခန်းထဲ ၀င်ပြီး ခုတင်ပေါ်တွင် နှစ်ယောက်သား ပူးပူးကပ်ကပ် အိပ်ကြသည်။ ဒီညမှ တော်တော်နှင့် အိပ်မပျော်သလို အတွေးထဲတွင် အသံများကြားနေရသေးသည်။
သော် အိပ်မပျော်ခင်မှာပင် အခန်းတံခါးမှာ ဖြည်းဖြည်းချင်း ပွင့်လာပြီး ဖြူဖြူအရိပ် အတိအကျ ဆိုရသော် သုံးရိပ် ၀င်ရောက်လာပြီး မီးမီးနားသို့ အသေးဆုံး အရိပ်လေးက တဖြည်းဖြည်း ကပ်သွားကာ သေချာ ငုံ့ကြည့်နေသည်ကို သော် မျက်လုံး မသိမသာဖွင့်ရင်း ကြည့်နေသည့်အတွက် မြင်နေရသည်။ သူတို့၏ မျက်နှာကိုတော့ မမြင်ရပါ။ မှောင်နေသောကြောင့်ဟု ထင်ရသည်။ သူကလေးက မီးမီးကို အားရအောင် ကြည့်ပြီးသကာလ သော့်ဖက်သို့ လှည့်လာသည်ကို အသည်းယားဖွယ် မြင်တွေ့လိုက်ရလေသည်။ သော့်စိတ်ထဲမှ နေ၍ ပဌါန်းဒေသနာတော်ကို ရွတ်ဖတ် သရဇ္ဇာယ်နေရင်း အရမ်း နီးကပ်လာသောအခါ လက်ဖြင့် အတင်းကာ၍ ပါးစပ်မှလည်း ပဌါန်းကို အကျယ်ကြီး အော်ရွတ်ရင်း......လန့်နိုးလာလေသည်။
*****
ဟီးးးးး ဘယ်လိုနေကြလဲဟင် ညလေး မက်တဲ့ အိပ်မက်ကို ပြုပြင်ပြီး ပြန်ရေးထားတာပါ။ မကောင်းရင်လဲ သည်းခံဖတ်ကြနော်။ အဆုံးထိ ဖတ်ရှုအားပေးတာ ကျေးဇူးတင်ပါတယ်။
သြော် ကျန်သေးတယ် မေ့တော့မလို့ ညလေးအိပ်မက်ထဲမှာ ဒီလိုပုံလှလှလေး ဆိုတော်သေးတယ်။ ခုတော့ သူတို့ မျက်နှာလဲ မမြင်ရပဲနဲ့ ဖြူဖြူအရိပ်တွေပဲ မျက်စိထဲ စွဲနေတယ်။ ညလေး လင့်ခ်ပေးထာတဲ့ ပုံလေးက တအားလှ၊ အဟိ ဘယ်လိုမှကို ပြောမပြတတ်အောင်ပဲ။ ကြည့်လိုက်ကြဦးနော်၊ ပြီးသွားရင်လဲ လှရင် လှတဲ့အကြောင်း၊ အသံလေးက ဘယ်လောက် သာယာဖွယ် ကောင်းကြောင်းလေးလဲ ပြန်ပြောပြကြဦးနော်။*****
ဆက်လက်ဖတ်ရှုရန်...>>>>
ရှိတော့ဘူးကုန်သွားပီ...။